အမုန်းခံနှလုံးသား

(၁) ကျောင်းပြေးတဲ့ သမီးကို အဖေဖြစ်သူက မိန်းကလေး အဝတ်စားတွေ ဝတ်ပြီး အိမ်ကနေ ကျောင်းအထိ လိုက်ပို့တယ်။ သမီးက ရှက်လို့ ငိုတယ်။

ဒီလို လုပ်တဲ့ အတွက် သူ့သမီး နောက်နေ့ ကျောင်းပြေးတော့မှာ မဟုတ်ဘူးလို့ အဖေဖြစ်သူက ဆိုတယ်။ သမီးအတွက် အရှက် စွန့်ခဲ့တဲ့ လုပ်ရပ်ပါ။

(၂) ပဌမကြီးတန်း တုန်းက အပတ်စဉ် စာမေးပွဲ တွေမှာ ကိုယ်က ပထမ ရနေကျ။ ဒါပေမဲ့ စာချ ဘုန်းကြီးတပါးက "ဒီနှစ် အကြီးတန်း ကတော့ တပါးမှ အောင်မယ့်ပုံ မမြင်ဘူး" လို့ ကိုယ်ကြားအောင် တမင်ပြောတယ်။

"လူကို နှိမ်တာပဲ၊ အောင် အောင် လုပ်ပြမယ်" ဆိုတဲ့ အတေးနဲ့ ပိုကြိုးစားဖြစ် ခဲ့တယ်။ (နှစ်ချင်းပေါက် အောင်ခဲ့တယ်) အဲဒီ စာချ ဘုန်းကြီးရဲ့ စေတနာကို အခုချိန်မှာ ကောင်းကောင်း နားလည်နိုင် လေပြီ။

(၃) ဘုရားရှင် လက်ထက်က အမျိုးသမီးတဦးဟာ ကိုယ်ဝန်ရှိမှန်း မသိဘဲ ရဟန်းမ (ဘိက္ခုနီ) ဝတ်လာတယ်။ ဒါကြောင့် မွေးလာတဲ့ ကလေးကို ဘုရင်က မွေးစားထား လိုက်တယ်။

ဘိက္ခုနီမဟာ သားနဲ့ ခွဲနေရလို့ ငိုလိုက် ရယ်လိုက်နဲ့ တရား မကျင့်နိုင် ဖြစ်နေခဲ့တယ်။ သားက အရွယ် ရောက်တော့ ဘဝအကြောင်းမှန်ကို သိပြီး ရဟန်း ဝတ်တဲ့အခါ ရဟန္တာ ဖြစ်သွားတယ်။

တနေ့ မိခင် ဘိက္ခုနီမနဲ့ လမ်းမှာ ဆုံတော့ "ချိုချိုသာသာ ပြောနေရင် ငါ့အပေါ် ချစ်ခင် တွယ်တာတဲ့ စိတ်တွေ ပိုတိုးပြီး ဒုက္ခ များလိမ့်မယ်" လို့ စဉ်းစားပြီး ဘိက္ခုနီမကို ခပ်ကြမ်းကြမ်း ငေါက်ငမ်းလိုက် ပါတယ်။

မိခင်လည်း ငိုယို ပြီးတော့ "ပြောရက်လိုက်တာ။ ငါ့မှာတော့ သူ့ကို သတိရတဲ့ စိတ်နဲ့ ၁၂ နှစ်တောင် တရား အားမထုတ် နိုင်ခဲ့ဘူး၊ နှလုံးသားက ကြမ်းတမ်းလိုက်တာ။ တော်ပြီ ငါ့အတွက်ပဲ လုပ်တော့မယ်"

ဆိုပြီး တရား ပြန်အားထုတ်တဲ့ အခါ အဲဒီနေ့ မှာပဲ ရဟန္တာ ဖြစ်သွားခဲ့ ပါတယ်။ (ကုမာရကဿပမာတုထေရီဝတ္ထု)

နာကြည်းအောင်၊ အရှက် ရအောင်၊ ငိုရအောင်၊ မခံချင်အောင် လုပ်တယ် ဆိုတိုင်း ကိုယ့်ကို မုန်းလို့ချည်း မဟုတ်ပါဘူး။ ကိုယ့်အကျိုး အတွက် အမုန်းခံ ချစ်ပေးကြတဲ့ သူတွေ ရှိပါတယ်။

တချို့သူတွေ အဆင်ပြေ အောင်မြင်တဲ့ လမ်းကြောင်း ပေါ်မှာ ရှိနေနိုင်ကြတာဟာ အမုန်းခံ နှလုံးသား ပိုင်ရှင်တွေက (မသိမသာ သို့မဟုတ် သိသိသာသာ) တွန်းကန် ပို့ပေးခဲ့မှုတွေ ကြောင့်ပါ။

ဒီလို လူတွေဟာ ကိုယ့်သူငယ်ချင်း၊ ချစ်သူ၊ ဆွေမျိုး၊ မိဘ၊ ဆရာဆရာမ၊ ခေါင်းဆောင်လူကြီးတွေ ထဲပါ ရှိနေတတ် ပါတယ်။ သူတို့ နေရာမျိုး ရောက်လာတဲ့အခါ သူတို့ရဲ့ စေတနာ မေတ္တာကို ပိုနားလည် ခံစားမိမှာပါ။

လမ်းမှားပေါ် ရောက်နေတဲ့အခါ မုန်းမှာစိုးလို့ အလိုက်သင့် ပေါင်းနေတဲ့ သူတွေထက် အမုန်းခံပြီး ဆွဲခေါ် ပြောဆို ပြုပြင်ပေးတဲ့ သူတွေကသာ ကိုယ့်အကျိုးကို တကယ် လိုလားတဲ့ သူတွေပါ။

ဆေးခါးသောက်လို့ ရောဂါ ပျောက်တဲ့အခါ ဆေးခါးတိုက်သူဟာ ကိုယ့်ရဲ့ ရန်သူ မဟုတ်မှန်း နားလည်နိုင်မှာပါ။ Crd

Post a Comment

0 Comments