ပိုင်ဆိုင်နေတဲ့ ပျော်ရွှင်မှု

တခါတုန်းက ပိုက်ဆံ အရမ်း ချမ်းသာတဲ့ သူဌေးကြီး တယောက် ရှိတယ်။ သူဘာလိုချင်လဲ၊ လိုချင်တဲ့ အရာ မှန်သမျှ ဘာမှ မစဉ်းစားဘဲ ဝယ်လိုက်နိုင်တယ်။ ဒါပေမယ့် သူဌေးကြီးဟာ မပျော်မရွှင် ဖြစ်နေခဲ့တယ်။

သူ့ကိုယ်သူ ဘာလိုအပ်နေလဲ မသိဘူး၊ တခုခု လိုအပ်နေသလို ခံစားနေ ရတယ်။ ဘယ်လိုနေနေ သူ့ဘဝကြီးက ပျော်စရာ မကောင်းဘူး။ ဒါနဲ့ပဲ သူ အကြံတခု ရသွားတယ်။

အိမ်မှာ ရှိသမျှ အဖိုးတန် ရွှေ ငွေရတနာတွေ အားလုံးကို အထုပ်ကြီး တထုပ် ထုပ်ပြီး အရပ်လေး မျက်နှာကို စတင် ထွက်ခွာလာတယ်။ သူဆုံးဖြတ် ထားတာ သူ့ကို ပျော်ရွှင်စေနိုင်တဲ့ နည်းလမ်း ပြောပြနိုင်တဲ့ သူကို ဒီရတနာထုပ်ကြီး ပေးမယ် ဆိုတဲ့ ဆုံးဖြတ်ချက် နဲ့ပေါ့။ ရွာရိုးကိုးပေါက် သူတွေ့သမျှ လူတိုင်းကို လိုက်မေးခဲ့တယ်။ ဒါပေမယ့် ဘယ်သူမှ မဖြေနိုင်ဘူး။

တနေ့ကျတော့ လမ်းမှာ တွေ့တဲ့ ရွာသားတဦးက သူ့ကို အကြံပေး လိုက်တယ်။ "ရွာစပ်နားက ရသေ့ အဘိုးအိုကြီး ဆီမှာ သွားမေးကြည့် ကြည့်ပေါ့။ တကယ်လို့ သူမှ မပြောပြနိုင်ရင် ခင်ဗျား ဒီထက် ခြေတိုအောင် လျှောက်လည်း ဘယ်သူမှ ဖြေနိုင်မှာမဟုတ်တော့ဘူး" လို့ ပြောလိုက်တယ်။

ဒီလိုနဲ့ သူဌေးကြီးဟာ ကွပ်ပျစ် အထက်မှာ မျက်လုံးမှိတ်ပြီး တရားကျင့်နေတဲ့ ရသေ့ကြီး ရှေ့ကို ရောက်လာတယ်။ ပြီးနောက် တည်ငြိမ်သော လေသံနဲ့ ရသေ့ကြီးကို တလုံးချင်း မေးလိုက်တယ်။

"ကျနော် တသက်လုံး ရှာဖွေထားတဲ့ စည်းစိမ် ဥစ္စာတွေ ဒီအထုပ်ကြီးထဲမှာ ထည့်ထားပါတယ်။ တကယ်လို့ ကျနော့်ကို လူ့ဘဝရဲ့ ပျော်ရွှင်မှု အဓိပ္ပါယ်ကို ပြောပြနိုင်ရင် အသင် ရသေ့ကြီးကို ဒီရတနာထုပ်ကြီး လှူဒါန်းပါ့မယ်" လို့ ပြောလိုက်တယ်။

အပြင်မှာ မိုးလည်း အတော်ကြီးကို မှောင်နေပြီ။ ရသေ့ကြီးက ထိုင်ရာမှ ထလာပြီး သူဌေးကြီး အရှေ့မှာ ချထားတဲ့ ရတနာထုပ်ကြီးကို မကာ အလစ်သုတ် ပြေးလေသည်။ သူဌေးကြီးက စိတ်လည်းလော၊ အော်လည်းအော်၊ ငိုလည်း ငိုပြီး ရသေ့ကြီး အနောက်မှ ထပ်ကြပ်မကွာ လိုက်လေသည်။ ပါးစပ်မှလည်း "သူခိုးဗျို့ သူခိုး။ ကျနော့် ရတနာထုပ်ကြီးကို ယူပြေးသွားပြီ လုပ်ကြပါဦး" လို့ တတွတ်တွတ် အော်ကာ လိုက်လေသည်။

တခဏအတွင်း နယ်ခံလည်း ဖြစ်၊ လမ်းလည်း ပိုကျွမ်းသော ရသေ့ကြီးက သူဌေးကြီးကို မျက်ခြေ ဖြတ်လိုက်နိုင်သည်။ သူဌေးကြီးက အနောက်မှာ အော်ငိုရင်း "သွားပြီ၊ ငါ အလိမ်ခံရပြီ၊ တသက်လုံး ရှာထားသမျှ ဖွေထားသမျှတွေ ဒီလိုနဲ့ အလကားလူယုတ်မာလက်ထဲရောက်သွားရပြီ" လို့ ညဉ်းတွားရင်း ကျန်ခဲ့သည်။

သိပ်မကြာလိုက် ပါဘူး၊ ရသေ့ကြီးက ပြန်လှည့်လာပြီး ရတနာထုပ်ကြီးကို သူဌေးကြီး အရှေ့ကို ပစ်ချလိုက်သည်။ သူဌေးကြီးက ဝမ်းသာရင်း ရတနာထုပ်ကြီးကို ပွေ့ကာ "ဟာ ငါ့ရတနာလေးတွေ တော်သေးလို့ပေါ့ကွာ" ဟု ညဉ်းတွား လေသည်။

ထိုအခါ ရသေ့ကြီးက သူ့ကို မေးသည်။ "မင်းအခု ပျော်ရွှင်မှုကို ခံစားမိလား" "အင်း ခံစားမိတယ်၊ ကျနော် အခု အရမ်းပဲ ပျော်နေတယ်" လို့ သူဌေးကြီးက ပြန်ဖြေသည်။

ရသေ့ကြီးက တဟားဟား ရယ်ပြီး ဆက်ပြောတယ်။ "ဒါ ဘာအထူးအဆန်း ကြီးမှ မဟုတ်ဘူး၊ လူတွေဟာ သူတို့ လက်ဝယ်ပိုင်ဆိုင်နေတဲ့ အရာကို စိတ်ထဲမှာ ဘာမှ မဟုတ်ဘူးလို့ ထင်မှတ်ထား ကြတယ်။

ဒါနဲ့ပဲ ပျော်ရွှင်တယ် လို့ မခံစားရဘူး။ ဒါပေမယ့် တကြိမ်လေး ဆုံးရှုံးမိတာနဲ့ တပြိုင်နက် အရင်က ကိုယ်ပိုင်ဆိုင် ဖူးတဲ့ အရာဟာ ဘယ်လောက် တန်ဖိုးကြီးသလဲ ဆိုတာ အလိုလို နားလည် သွားကြတယ်။

တကယ်တော့ မင်းအစောက ငါ့ကို ပေးမယ်လို့ ပြောတဲ့ အထုပ်နဲ့၊ မင်းခုနက ဆုံးရှုံးသွားတဲ့ အထုပ်နဲ့၊ အခု မင်းရင်ထဲမှာပွေ့ထားတဲ့ အထုပ်သုံးထုပ်က တထုပ်ထဲ ပဲလေ။ မင်းငါ့ကို အဲဒီအထုပ် ပေးမယ်လို့ ပြောထားတာလေ။ ဆုံးရှုံးသွားတာနဲ့ စိတ်ထဲမှာ အကြိမ်ကြိမ် တမ်းတလို့ မဆုံးဘူး။ ကိုယ့်လက်ထဲ ရောက်သွားတာနဲ့ ဘာမှ မဟုတ်ဘူးလို့ ပြန်မြင်သွားတယ်။ ရှိတယ် လို့တောင် မထင်ဘူး။ ပိုင်ဆိုင်နေတာကို ပြန်မေ့သွားတယ်။

လူတွေဟာ ဆုံးရှုံးသွားတဲ့ ပစ္စည်းကို ဂရုစိုက်ပြီး ကိုယ်တကယ် ပိုင်ဆိုင်နေတဲ့ အရာကို တန်ဖိုးမထားကြဘူး။ ဒါ့အပြင် မပိုင်ဆိုင်သေးတာကို မျှော်တွေးပြီး မပိုင်ဆိုင်မိမှာ စိုးရိမ်ပူပန် နေကြသေးတယ်။

အခုလက်ရှိ ကိုယ်ဟာ ဘယ်လောက်တောင် ကံကောင်းနေသလဲ ဆိုတာကို ကိုယ့်ကိုယ်ကို မသိတတ် ကြဘူး။ ဆုံးရှုံးသွားမှ နောင်တ ရတာကို တန်ဖိုးထားတတ်တယ် မှ မခေါ်တာ။ မရသေးခင် လိုချင်တာဟာ တကယ် လိုအပ်တာမှ မဟုတ်တာ" ဟု ဆိုကာ အခန်းထဲသို့ လှည့်ဝင် သွားလေသည်။ Crd

Post a Comment

0 Comments