ဟိုးရှေးရှေးတုန်းက ဘုရင်တပါးမှာ သမီးတော် (၇) ယောက် ရှိပါတယ်။ သမီးတော် တွေဟာ ချောမောလှပ ကြပြီး ရှည်လျားနက်မှောင်တဲ့ ဆံပင်ကိုယ်စီ ပိုင်ဆိုင်ထား ကြတယ်။ ဒါကြောင့် ဘုရင်က သမီးတော်တိုင်းကို လှပတဲ့ ဆံညှပ် အခု (၁ဝဝ) စီ လက်ဆောင် ပေးခဲ့တယ်။
တနေ့မနက်မှာ ပဌမ သမီးတော်ဟာ အိပ်ရာက ထပြီး ခါတိုင်းလိုပဲ ဆံပင်တွေကို ဖြီးသင် နေခဲ့တယ်။ အဲဒီလို ဖြီးသင် နေတုန်း သူ့ရဲ့ ဆံညှပ်တချောင်း ပျောက်နေတာကို သူ သတိထားမိ လိုက်တယ်။
အဲဒါနဲ့ ဒုတိယသမီးတော် ဆီကနေ ဆံညှပ် တချောင်းကို သူ တိတ်တိတ်လေး ခိုးယူလိုက်တယ်။ ဒုတိယသမီးတော် ကလည်း သူ့ဆံညှပ် တချောင်း ပျောက်နေတာကို သတိထားမိတော့ တတိယသမီးတော်ရဲ့ ဆံညှပ်တချောင်းကို ခိုးယူလိုက်တယ်။
တတိယသမီးတော် ကလည်း သူ့ဆံညှပ် တချောင်း ပျောက်နေတာကို သတိထားမိတော့ စတုတ္ထ သမီးတော်ရဲ့ ဆံညှပ် တချောင်းကို ခိုးယူလိုက်တယ်။ စတုတ္ထ သမီးတော်က ပဉ္စမသမီးတော်ရဲ့ ဆံညှပ်ကို ခိုးယူတယ်။
ပဉ္စမ သမီးတော်က ဆဠမ သမီးတော်ရဲ့ ဆံညှပ်ကို ခိုးယူတယ်။ ဆဠမ သမီးတော်က သတ္တမ သမီးတော်ရဲ့ ဆံညှပ်ကို ခိုးယူတယ်။ အဲဒီလိုနဲ့ သမီးတော် အငယ်ဆုံးရဲ့ ဆံညှပ်က ၉၉ ခုပဲ ရှိတော့တယ်။
နောက်တနေ့မှာ အိမ်နီးချင်း နိုင်ငံက မင်းသားတပါးဟာ ဘုရင်ကြီးဆီ ရုတ်တရက် အလည် ရောက်လာခဲ့တယ်။ မင်းသားက "မနေ့က ကျွန်တော်မျိုး မွေးထားတဲ့ ခိုတကောင်ဟာ ဆံညှပ်တခုကို ကိုက်ချီလာ ခဲ့တယ်။
အရှင်မင်းကြီးရဲ့ သမီးတော် တွေရဲ့ဆံညှပ်ဖြစ်မယ် ထင်လို့ ကျွန်တော်မျိုး လာရောက်ရခြင်း ဖြစ်ပါတယ်။ ဘယ်သမီးတော်ရဲ့ ဆံညှပ် ပျောက်သွားသလဲ ဘုရား" လို့ ဘုရင်ကြီးကို လျှောက်တင်တယ်။
သမီးတော်တွေဟာ မင်းသားရဲ့ စကားကို ကြားတော့ သူပျောက်ပါတယ်၊ ငါပျောက်ပါတယ် လို့ ပြောချင်ပေမယ့် သူတို့ဆီ မှာက ဆံညှပ် အခုတရာစီ ရှိနေတော့ မပြောနိုင် ခဲ့ကြဘူး။
အဲဒီမှာ သမီးတော်လေးက "သမီးတော်ရဲ့ ဆံညှပ်တချောင်း ပျောက်သွားပါတယ်" လို့ ပြောလိုက်တယ်။ စကား ပြောပြောပြီးချင်း ဆံညှပ်တချောင်း လျော့နေတဲ့ သမီးတော်ရဲ့ ဆံနွယ်တွေဟာ ဖြည်လျောကျ လာခဲ့တယ်။
ဆံနွယ်တွေနဲ့ လှပနေတဲ့ သမီးတော်ရဲ့ အလှကို မင်းသားလေးက ရင်သပ်ရှုမော သွားခဲ့ပါတယ်။ နောက်ဆုံးတော့ ပုံပြင်ရဲ့ အဆုံးက မင်းသားနဲ့ မင်းသမီးလေးဟာ ပေါင်းဖက်ပြီး ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားကြ ပါတော့တယ်။ Crd
0 Comments