လောဘကြီးသောခွေး

တခါတုန်းက ခွေးကလေး တကောင်ဟာ အသားတုံး တတုံးကို ခိုးယူလာတယ်။ ခိုးယူလာတဲ့ အသားတုံးကို ပါးစပ်ကလေးနဲ့ ကိုက်ချီရင်း ဖြေးညင်းစွာ စီးဆင်းနေတဲ့ စမ်းချောင်းကလေးရဲ့ တံတားတခု အပေါ်ကနေ သူဟာ ဖြတ်သွားနေ ပါတယ်။

စမ်းချောင်းကလေးနဲ့ တံတားက တထွာလောက်ပဲ ကွာပါတယ်။ ခွေးကလေးဟာ အောက်ကို ငုံ့ကြည့်လိုက်တော့ သူ့ရဲ့ အရိပ်ကို သူမြင်တာပေါ့။

ဒါပေမယ့် သူဟာ သူ့အရိပ်လို့ မထင်ခဲ့ဘူး။ တခြား တကောင်က အခြား အသားတုံး တခုကို ကိုက်ချီလာတယ် လို့ သူ့စိတ်ထဲမှာ ထင်မြင်မိတယ်။

ခွေးကလေးဟာ အဲဒီ အသားတုံးကို ရယူချင်တဲ့ အတွက်နဲ့ လောဘတကြီး ဆတ်ခနဲ ကိုက်ယူလိုက်တဲ့ အခါ သူ့မှာ နဂို ရှိနေတဲ့ အသားတုံးဟာ စမ်းချောင်းကလေး ထဲကို ပြုကျပြီး ပျောက်ဆုံးသွား ပါတော့တယ်။

ဒီပုံပြင်လေးက အားလုံးနီးပါး ကြားဖူးကြမယ် ထင်ပါတယ်။ ဘဝမှာလည်း ဒီပုံပြင်လေးလို ပါပဲ။ လူတွေဟာ မိမိမှာ ရှိတာလေးနဲ့ ကျေနပ်မှု မရှိကြပါ။ ထို့ကြောင့်လည်း လောဘတရား ပွားများကြတာပေါ့။

ပုထုဇဉ် လူသား ဟူသမျှဟာ လောဘတရားတော့ အနည်း အများ ကိုယ်စီ ရှိကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လောဘတရားမှာ များရင်လည်း မကောင်းပါ။

တန်ဆေးလွန်ဘေး ဆိုသလို မျိုးပေါ့။ တန်ရင်ဆေး များလွန်ရင်တော့ ဘေးဒုက္ခနဲ့ ကြုံရတတ်ပါတယ်။

မိမိရှိတာလေးနဲ့ ကျေနပ် တင်းတိမ်မှု မရှိရင် မိမိ လိုချင်တာလည်း မရလိုက်၊ မိမိမှာ ရှိတာတွေလည်း ဆုံးရှုံးတတ် ပါတယ်။

မိမိမှာ ရှိတာလေးနဲ့ ကျေကျေနပ်နပ်နဲ့ တင်းတိမ်စွာ နေထိုင်မှသာ ကိုယ့်ပစ္စည်း ဥစ္စာလည်း ဆုံးရှုံးမှာ မဟုတ်ပါ။

ရောင့်ရဲ တင်းတိမ်စွာ မနေထိုင် တတ်ရင်တော့ ပူဆွေးသောက များရတတ်ပါတယ်။ လိုတာထက် ပိုများလေလေ ဒုက္ခကြီးကြီးနဲ့ ကြုံတွေ့ရမယ့် နီးစပ်လေလေပါ။

မိမိမှာ ရှိတာထက်၊ လိုအပ်တာထက် ပိုပြီး များပြားနေရင်လည်း အစစ အရာရာ ဂရုစိုက်၍ ပြုမှု လုပ်ဆောင် နိုင်လျှင် ပိုမိုကောင်းမွန် လှပါတယ်။ ရှိတာလေးနဲ့ ကျေနပ်မှု ရှိကြပါလို့ တိုက်တွန်းရင်း။ Kaung Chit

Post a Comment

0 Comments