သြဇာရှိသူ

အောင်အောင်ဟာ ကုမ္ပဏီ တခုမှာ လုပ်နေတဲ့ အရာရှိငယ် တယောက်ပါ။ တညနေမှာ ရုံးဆင်းတော့ သူ့ဆရာနဲ့ အိမ်ကို လမ်းလျှောက်ပြီး အတူ ပြန်လာ ကြတယ်။ အောင်အောင်က သူ့ဆရာကို ပြောပြတယ်။

သူဟာ အလုပ်ထဲမှာ သူ့ဝန်ထမ်း တွေကို စီမံ ခန့်ခွဲရာမှာ အခက်အခဲ ရှိနေတယ်။ တချို့ ဝန်ထမ်း တွေက သူပြောတာကို နားမထောင် ကြဘူး။ သူဟာ ဝန်ထမ်း အားလုံး အပေါ်မှာ သူ့သြဇာ လွှမ်းမိုး ချင်တယ်တဲ့။

သူဟာ စကားပြောရင်း လမ်းဘေးက ကျောက်ခဲ တလုံးကို ရေကန်ကြီးရဲ့ မျက်နှာပြင်မှာ လျှပ်တိုက် ပြေးသွားအောင် ပစ်လိုက်တယ်။ ကျောက်ခဲကြောင့် ရေကန်ကြီးမှာ လှိုင်းတွန့်လေးတွေ ဖြစ်လာပြီး ဂယက်ထ သွားတယ်။

ပြီးတော့ သူက ဆရာကို ခုလို ပြောလိုက်တယ်။ "အဲဒီလို လှိုင်းတွန့်တွေ ထသလို ကျွန်တော့် လူတွေ အပေါ် သြဇာ လွှမ်းမိုး ချင်တာပါ"

ဆရာက အောင်အောင့်ကို ပြန်ပြော လိုက်တယ်။ "အဲဒီလောက် ခဲလုံး သေးသေးလေးနဲ့ ဆိုရင် လှိုင်းတွန့် နည်းတယ်။ အဲဒါထက် ပိုကြီးတာ နဲ့မှ လှိုင်းတွန့်တွေ အများကြီး ဖြစ်မယ်"

အောင်အောင်လည်း ကျောက်တုံးကြီး တလုံးကို ရေကန်ကြီးထဲ ပစ်ချ လိုက်တယ်။ ကျောက်တုံးကြီးဟာ ပလုံကနဲ မြည်ပြီး ရေကန်အောက်ကို မြုပ်သွားတယ်။ လှိုင်းတွန့် နည်းနည်းလေးပဲ ထတယ်။

အောင်အောင်က သူ့ဆရာကို ဘယ့်နှယ်ရှိစ ဆိုတဲ့ အမူအယာနဲ့ ပြုံးစိစိ လုပ်ရင်း ကြည့်နေ လိုက်တယ်။ ဆရာဟာ သူ့လက်ဆွဲအိတ်ကို ရေကန်အစပ်မှာ ချလိုက်တယ်။

ပြီးတော့ တိုက်ပုံ ရှပ်အင်္ကျီ စွတ်ကျယ်နဲ့ ပုဆိုးတွေကို ချွတ်လိုက်ပြီး အိတ်နားမှာ ချထား လိုက်တယ်။ သူ့ကိုယ်မှာ အတွင်းခံ ဘောင်းဘီလေး တထည်ပဲ ကျန်တယ်။ အောင်အောင်က "ဆရာ၊ ဘာလုပ်မလို့လဲ" လို့ မေးလိုက်တယ်။

ဆရာဟာ ဘာမှ ပြန်မပြောဘဲ ရေကန်ထဲကို ဆင်းလိုက်တယ်။ ကမ်းစပ်နဲ့ မလှမ်းမကမ်းကို ရေကူးသွားပြီး လက်ရော ခြေထောက် လှုပ်ခတ်လိုက်လို့ ရေဟာ ဘောင်ဘင်ခတ်ပြီး လိူင်းတွန့်တွေ အများကြီး ပေါ်လာတယ်။

ဆရာက ရေကန်ထဲ ကနေ ကမ်းပေါ်က အောင်အောင့်ကို ခုလို ပြောလိုက်တယ်။ "မင်း လူတွေ အပေါ်မှာ ကောင်းကောင်း သြဇာလွှမ်းမိုးချင်ရင် မင်းကိုယ်တိုင် အလုပ်ထဲမှာ စံပြ လုပ်ပြရတယ်ကွ။ သြဇာပေးရုံနဲ့ သြဇာ မရှိနိုင်ဘူး ဆိုတာ မြဲမြဲမှတ်ထားလိုက်ပါ" Bamaw Thein Pe

Post a Comment

0 Comments