ထူးချွန်ထက်မြက်သော မိဖုရားကြီး

တခါက ရှင်ဘုရင် တပါးနှင့် သူ၏ မိဖုရားကြီးတို့ အတူ စံမြန်းနေကြစဉ် လမ်းပေါ်တွင် ပင်ပန်းကြီးစွာ ထင်းထမ်းပြီး လှည့်လည် ရောင်းချနေသော အဖိုးတယောက်ကို မြင်သည်။ ရှင်ဘုရင်က ကရုဏာ သက်လှသည့်အပြင် စိတ်ဝင်စားသောကြောင့် ခေါ်ငင် မေးမြန်းသည်။

ပင်ပန်း လွန်းသောကြောင့် အိုစာလှသည် မှန်သော်လည်း အသက်မှာ ရှင်ဘုရင်နှင့် သက်တူ ဖြစ်ကြောင်း သိလိုက်ရသည် ။ ဆက်လက် မေးမြန်းလိုက်သောအခါ အသက်တူရုံ မျှသာမက မွေးနေ့ မွေးရက်မှ စ၍ အားလုံး တူနေကြောင်း သိလိုက်ရသဖြင့် အံ့အားသင့် မိသည်။

ဤသို့ မွေးနေ့၊ ခုနှစ်၊ သက္ကရာဇ်ပါ တူနေပါလျက် တဦးက ရှင်ဘုရင် တဦးမှာ ဘာကြောင့် ဤမျှ ဆင်းရဲနေ ရသည်ကို အံ့သြမိကြောင်း ရှင်ဘုရင်က ပြောလိုက်သောအခါ မိဖုရားကြီးက အသက်အရွယ် ငယ်သေးသည့် အားလျော်စွာ ဇနီးဖြစ်သူ လိမ်လိမ်မာမာ မရှိသော ကြောင့်လည်း ဤမျှ ဆင်းရဲဟန် ရှိကြောင်း မှတ်ချက် ချလိုက် မိသည်။

ဤတွင် ရှင်ဘုရင်က ပြင်းစွာ အမျက် ထွက်သွားသည်။ ဤကဲ့သို့ မင်းစည်းစိမ် ခံစား နေနိုင်ခြင်းသည် ပင်လျှင် မိဖုရား လိမ္မာသောကြောင့်ဟု ယူလိုက ယူနိုင်သည့် စကား ဖြစ်နေသည်ကိုး။

ထို့ကြောင့် မယားကောင်းကြောင့် လင်ဖြစ်သူက ချမ်းသာကြီးပွါး နိုင်ပါသည် ဆိုလျှင် သင်မိဖုရားအား ယခုပင် ထင်းထမ်း အဖိုးအိုနှင့် ပေးစားလိုက်ပြီး အဖိုးအိုနှင့် လိုက်သွားပေရော့ဟု နန်း တော်မှ နှင်ထုတ်လိုက်သည်။

မိဖုရားလည်း မနေသာ တော့ပြီ။ ထင်းထမ်း အဖိုးအို နောက်က လိုက်သွားရသည် ။ ထင်းထမ်းအဖိုးအို၏ အိမ်သို့ ရောက်သော်အခါ ဇနီးသည် အဖွားအို ကပါ မိဖုရားကြီးအား သနားလှသောကြောင့် (သူတို့မှာလည်း သားသမီး မရှိကြသည်နှင့်) သမီးအဖြစ်သဘောထားကြောင်း၊ စိတ်ချမ်းသာစွာ နေဖို့ အကြောင်း အားပေးစကား ပြောကြသည်။ မိဖုရားလည်း အဖိုးအိုနှင့် အဖွားအိုကို မိအိုဖအို သဖွယ် သဘောထား လိုက်သည်။

သူတို့မောင်နှံ နေထိုင် စားသောက်ပုံ တို့ကို သေချာလေ့လာ ကြည့်လိုက်သေ ာအခါ ဟင်းသီး ဟင်းရွက်က အစ ဝယ်ယူ စားသောက်နေ ကြကြောင်းကို တွေ့လာရသည်။ ထို့ကြောင့် မိဖုရားက အိမ်နောက်ဖေး ဈေးဆိုင်တည်သလို ခြံထဲတွင် ဗူး၊ ဖရုံ၊ သခွား၊ စသည်တို့ဖြင့် ဟင်းသီး ဟင်းရွက်တို့ကို အဖိုးအို၏ အကူအညီနှင့် စိုက်ပျိုးသည်။ အနီးနား ဝန်းကျင်တွင် ရှိသော ကလေးငယ် များအား ခေါ်ငင်ပြီး စာသင်ပေးသည်။

ဤသို့အားဖြင့် ကလေးငယ် များက စိုက်ခင်းကို ရေလောင်း ပေါင်းသင် လုပ်ပေးကြသည်။ အိမ်အတွက် စားရန် လုံလောက်သည့် အပြင် ပိုမိုလာသော ဟင်းသီးဟင်းရွက် များကို သေချာ ပြင်ဆင်၍ အဖွားအိုအား ဈေးသို့ သွားပြီး ရောင်းစေသည်။

ထို့ ကြောင့် ရရှိလာသော ငွေကြေးလေးများကို ကျစ်ကျစ်ပါအောင် စုဆောင်း စေသည်။ အစစတွင် စနစ်တကျ စီမံခန့်ခွဲ လုပ်ဆောင်လေရာ အတန်ကြာသော် လှည်းနွားတို့ကို ဝယ်ယူနိုင်လာသည်။

ထိုအခါတွင် မူကား ထင်းကို ပိုမို များပြားစွာ ရောင်းနိုင် သောကြောင့် ပိုပြီး စီးပွါး ဖြစ်လာသည်။ ထင်းကို ရောင်းခြင်းထက် မီးသွေးဖုတ်ပြီး ရောင်းနိုင်လျှင် ပိုပြီး အကျိုးအမြတ် ထွန်းကြောင်းကို သိလာသောအခါ အဖိုးအိုအား မီးသွေးဖုတ်ပြီး ရောင်းပြန်စေသည်။

ဤသို့နှင့်ပင် တနေ့သော် တောင်စောင်းတခု၌ ထင်းများကို မီးသွေးဖုတ်ပြီး မီးသွေးကောက်သော အခါ ပြောင်ပြောင်လက်လက် အတုံး အခဲလေး များကို တွေ့ရသည်နှင့် အဖိုးအိုက ယူလာပြီး သမီးဖြစ်သူ မိဖုရားအား ပြသည်။

မိဖုရားက ရွှေဖြစ်ကြောင်းကို သိသည်နှင့် ထိုတောင်စောင်းကို အထပ်ထပ် မီးတိုက်စေသည်။ ဤသို့ အားဖြင့် ရွှေတုံး အတော် များ လာသည့်အခါ လှည်းနှင့် တိုက်ပြီး ဘုရင်မင်းမြတ်အား သွားရောက် ဆက်သ စေသည်။

အဖိုးအို၏ လျှောက်ထားချက် အရ အကြောင်းစုံကို သိရသောအခါ ဘုရင်မင်းမြတ်လည်း မိဖုရား၏ အလိမ္မာတရားကို နှစ်သက်မိသည် ဖြစ်၍ မိဖုရားကြီး အဖြစ် ရှေးက အတိုင်း ပြန်လည် မြှောက်စားတော် မူသည်။

ဒီပုံပြင်လေးက ပေးချင်တဲ့ အသိကတော့ (ပထမ) မိဖုရား၏ သတ္တိပင် ဖြစ်သည်။ မိမိ ကြုံလိုက်ရသည့် လောကဓံကြီးမှာ ကြောက်ခမမ်း လိလိ ဖြစ်ပါသည်။ အတော်အတန် မိန်းမမျိုး ဆိုလျှင် ရူးသွားလောက်သည့် အပြောင်းအလဲ ဖြစ်ပါသည်။

ဖြစ်လာသည့် အခြေအနေကို မတုန်မလှုပ် လက်ခံပြီး ရင်ဆိုင် လိုက်နိုင်ခြင်း ဖြစ်သည်။ တိမ်းရှောင်လို့ မရနိုင်သည့် လောကဓံကို သွေးအေးအေးနှင့် လက်ခံတတ်ဖို့ သတ္တိမှာ လွယ်လှသည်တော့ မဟုတ်။ သို့သော် မိမိစိတ်ကို ကိုးစား အားတင်းရမည် သာဖြစ်ပါသည် ။

(ဒုတိယ) အဖိုးအဖွား လင်မယားတို့၏ ယိုကွက် ဟာကွက်များကို သေချာ လေ့လာပြီး ယိုပေါက် ဟာပေါက် မရှိရအောင် ပြုပြင်လိုက်ခြင်း ဖြစ်သည်။ (တတိယ) ယိုပေါက် ဟာပေါက်များကို ပိတ်ဆို့ ပြီးသည်နှင့် နောက်တဆင့်ပြီး တဆင့် တက်လမ်းကို ရှာနိုင်ခြင်း ဖြစ်သည်။ (စတုတ္ထ) ရွှေကို တွေ့လိုက်ခြင်းမှာ ကံလို့ပဲ ဆိုဆို၊ တိုက်ဆိုင်မှု လို့ပဲ ဆိုဆို၊ ဘဝအတွက် ကြီးမားသော အပြောင်းအလဲ ဖြစ်သွားစေသည်။

ပုံပြင်မို့ ရွှေကို တွေ့အောင် ဖန်တီးလိုက်သည်ဟု ဆိုချင် ဆိုကြပေမည်။ သို့သော် တကယ့် ကျွန်တော်တို့ ဘဝတွင်လည်း ပုံပြင်ထဲကလို ရွှေတောင်ကို တွေ့နည်းမျိုး ကြုံကြရတတ် ပါသည်။ ဆိုလိုသည်မှာ အခွင့်အရေးကောင်း တခုကို လူတိုင်း ကြုံနိုင်ပါသည်။

ကြုံလာလိုက်သည့် အခွင့်အရေးကို ဖမ်းပြီး အသုံးချ လိုက်နိုင်သော စွမ်းရည်ကတော့ လူတိုင်းမှာ ရှိချင်မှ ရှိပါလိမ့်မည်။ ကျွန်တော်တို့ မျက်စိအောက်၌ ပင်လျှင် ရွှေတောင်ကြီးကို တွေ့လိုက်သလို နေ့ချင်းညချင်း ကြီးပွါး ချမ်းသာသွားသူ အများကြီး ရှိပါသည်။

အခွင့်အရေး ကောင်းကို ဖမ်းပြီး ယူနိုင်ရန်၊ အသုံးချလိုက် နိုင်ရန် အသင့် ရှိနေသူများ ဖြစ်ပါသည်။ ထိုသူများ ကြီးပွါးသွားလိုက် ပုံမှာလည်း ပုံပြင်ထဲက ရွှေတောင်ကြီးကို တွေ့လိုက်သည်နှင့် မခြားကြောင်း သတိပြုမိ ပါလိမ့်မည်။

ကျွန်တော်တို့က သူတို့ နေ့ချင်းညချင်း (ပုံပြင်ထဲကလို) ကြီးပွါးသွားသည် ကိုသာ သတိပြုလိုက် မိကြသည်။ မိဖုရားကြီး သစ်ပင် စိုက်သလို၊ မိဖုရားကြီး စီမံခန့်ခွဲသလို သူတို့တတွေ လုပ်ခဲ့ကြသည်ကို ကျွန်တော်တို့ မသိကြ။

ကျွန်တော်ကတော့ ကျောင်းဆရာ တယောက် ဖြစ်နေသည့် အတိုင်း ကျောင်းသားများကို မိမိတို့ ပညာ သင်နေခိုက်တွင် ကြိုးစားကြခြင်းမှာ အခွင့်ကောင်း တခုကို (ရွှေတောင်ကြီး တွေ့သလို) တနေ့တွင် မုချတွေ့ရမည် ဖြစ်ကြောင်း ထိုအခါ မျိုးတွင် မိမိက ပိုင်ပိုင်နိုင်နိုင် အသုံးချ နိုင်ကြရန် ကြိုတင်ပြင်ဆင် ထားကြရန် လိုကြောင်း ပညာသင်ခြင်း ဆိုသည်မှာ ကြိုတင်ပြင်ဆင်နေခြင်း ဖြစ်ကြောင်း သတိပေး ဆုံးမမိပါသည်။

ဤပုံပြင်ကို ကျွန်တော့်ထက် ဉာဏ်ခံကြီးသူများက ပိုပြီး ချဲ့ထွင် နားလည်နိုင်ကြ ပါလိမ့်မည်။ မည်သို့ပင် ဖြစ်စေ ကျွန်တော် မကြာခဏ သတိရမိသော ပုံပြင်ကလေးကို လူငယ်များအား လက်ဆင့်ကမ်း လိုက်ရပါသည်။

အသုံးဝင်ကောင်းပါရဲ့။ တိုးတက်အောင်မြင် ပျော်ရွှင် ငြိမ်းချမ်းနိုင် ကြပါစေ။ ဆရာအောင်သင်း အနာဂတ်ကို မကြောက်နဲ့ စာအုပ်မှ ကူးယူ ဖော်ပြပါသည်။ Crd

Post a Comment

0 Comments