ဖားတို့၏ဘုရင်

တခါတုန်းက ဖားကလေးတွေ နေထိုင်ကြတဲ့ တိုင်းပြည် တပြည် ရှိသတဲ့။ တနေ့တော့ ဖားဘုရင်ကြီးဟာ တိုက်ပွဲ တပွဲမှာ ကျဆုံးသွား တာကြောင့် ဖားတိုင်းပြည်ကြီးဟာ မင်းမဲ့တိုင်းပြည် ကြီးလို ဖြစ်သွား ပါတယ်။

ဒါကြောင့် ပညာရှိ ဖားအမတ်များဟာ မိုးနတ်သားကြီး ဆီကို တမန်တော် စေလွှတ်ပြီး သူတို့ ဖားတိုင်းပြည်ကို အုပ်ချုပ်မယ့် ဘုရင်တပါး စေလွှတ်ရန် အကူအညီ တောင်းလိုက်ပါတယ်။

အဲဒီအခါမှာ မိုးနတ်သားကြီးတာ သစ်တုံးကြီး တတုံးကို ပစ်ချပေး လိုက်ပါတယ်။ ပထမတော့ ဖားများဟာ သစ်တုံးကြီးကို မြင်ပြီး အလွန် ကြောက်လန့်ကြတယ်။

သစ်တုံးကြီး မမြင်အောင် ဆိုပြီး ရေအောက်မှာ ငုတ်လျှိုး နေကြတယ်။ အတော်ကြာမှ မလှုပ်မယှက် နေတဲ့ သစ်တုံးကြီးကိုကြည့်ပြီး အကြောက်ပြေ လာကြတယ်။

တဖြည်းဖြည်းနဲ့ သစ်တုံးကြီးနား ကပ်လာကြတယ်။ နောက်ဆုံး တော့ သစ်တုံးကြီးပေါ် တက်ကစားတဲ့ အထိ အတင့်ရဲ လာကြပါတယ်။

ဒီလိုနဲ့ ကြာလာတဲ့ အခါမှာတော့ ဖားများဟာ သစ်တုံးကြီးကို ငြီးငွေ့လာ ကြသတဲ့။ မလှုပ်မယှက် သစ်တုံးကြီးနဲ့ ဆော့ရတာ ပျင်းစရာ ကောင်းလာတယ်။

ဒါကြောင့် မိုးနတ်သားဆီမှာ ဘုရင်အသစ် လဲပေးဖို. ထပ်မံ တောင်းဆိုလိုက် ပါတယ်။ အဲဒီအခါ မိုးနတ်သားတာ သစ်တုံးကြီးအစား ငရှည့်တကောင်ကို ပို့ပေးလိုက် ပါတယ်။

ငရှည့်ဟာ ဖားတိုင်းပြည်ကို ရောက်ထဲက တွင်းထဲမှာပဲ ခွေနေတာကြောင့် ဖားတွေဟာ စိတ်ပျက် ကြသတဲ့။ ဒါကြောင့် အခြားဘုရင်တဦးနဲ့ လဲပေးဖို့ ထပ်မံ တောင်းဆိုလိုက် ပြန်တယ်။

အဲဒီလို ခဏခဏ တောင်းဆိုတဲ့ ဖားတွေရဲ့ တောင်းဆိုသံကို ကြားတဲ့အခါ မှာတော့ မိုးနတ်သားကြီးဟာ အတော်လေး ဒေါသထွက် သွားပါတယ်။

ဒါကြောင့် မြွေတကောင်ကို ဖားတို့ရဲ့ ဘုရင်အဖြစ် ပို့ပေးလိုက် ပါတယ်။ အဲဒီအချိန် ထဲက မြွေဟာ ဖားတွေကို တကောင်ပြီး တကောင် မျိုချလိုက်တာကြောင့် ဖားတိုင်းပြည်ကြီးဟာ ပျက်စီးသွား ပါတော့တယ်ကွယ်။

PhooMyatChal မောင်မဟာရဲ့ ဖြတ်ထိုးဉာဏ် ကောင်းသော အမတ်ကြီးနှင့် အခြားပုံပြင်များ စာအုပ်မှ ပြန်လည် ဝေမျှပါသည်။

Post a Comment

0 Comments