မြေခွေးနှင့် စပျစ်သီး

တခါက တောအုပ်တခုမှာ မြေခွေး တကောင်ဟာ အစာရှာ ထွက်လာခဲ့တယ်။ သားကောင်ကလည်း မတွေ့၊ ဗိုက်ကလည်း စာ နေချိန်မှာ စပျစ်ပင်ကြီး တပင်ကို တွေ့တော့ "စပျစ်သီးပဲ စားလိုက်ရင် အဆင်ပြေမယ် ထင်တယ်" လို့ တွေးမိသတဲ့။

စပျစ်သီး ကိုလည်း မြေခွေးက တခါမှ မစားဖူးဘူးလေ။ အသီးအခက်တွေ ဝေဆာနေတဲ့ စပျစ်ပင်ကြီး ကလည်း ဆွဲဆောင်တာကိုး။ အဲ့ဒါနဲ့ မြေခွေးလည်း မထူးဘူး ဆိုပြီး စပျစ်သီးကို ခူးဖို့ ကြိုးစားတော့တာပေါ့။

ခက်တာက မြေခွေးက သစ်ပင်လည်း မတက်တတ်၊ ခုန်ခူးတော့လည်း မမှီနဲ့ ဆိုတော့ မြေခွေးခမျာ တော်တော် စိတ်ဓာတ်ကျလာတယ်။ ဒါပေမယ့် မြေခွေးဆိုတာ တော်ရုံနဲ့ ဇွဲမလျှော့တတ်တဲ့ သတ္တဝါပဲလေ။ အကြံထုတ် တော့တာပေါ့။

အဲဒီအချိန်မှာ စပျစ်ပင်ပေါ်က အသံကြားလို့ ကြည့်လိုက်တော့ စပျစ်သီးကို လာစားနေတဲ့ ရှဉ့်ကလေးကို မြေခွေးက တွေ့သွားတယ်။ အဲဒီမှာတင် မြေခွေးလည်း စဉ်းစားရ တော့တာပေါ့။

မြေခွေးကြီး တန်မဲ့ စားစရာ မရှိလို့ စပျစ်သီး လာခူးစားတယ် ဆိုတာ ရှဉ့်ကလေး သိသွားရင် သူ အရှက်ကွဲ တော့မှာကိုး။ စပျစ်သီး ကလည်း စားချင်သေးတယ်၊ ခူးဖို့ကလည်းမမှီ။ ဒီကြားထဲ ရှဉ့်ကပါ ရောက်လာတယ် ဆိုတော့ မြေခွေး ခေါင်းနည်းနည်း ရှုပ်သွားတယ်။

ဒါပေမယ့် မြေခွေးဆိုတာက အကြံသမား ဉာဏ်သမားပေမို့ မကြာခင်မှာ အကြံရသွားပြီး "ဟေ့ ရှဉ့်ကလေး ငါ သားကောင် တကောင်ကို ဖမ်းယူ စားသောက်ရင်းနဲ့ သားကောင်ရဲ့ သည်းခြေအိတ်ဟာ စပျစ်ပင်ပေါ် လွင့်သွားတယ်ကွ။ မင်း အဲ့သည်း ခြေအိတ်ကို ယူစားလိုက်တယ် ဆိုတော့ မင်းကို ငါပြန်စားရ တော့မှာပေါ့" လို့ ခြောက်လိုက်တယ်။

ရှဉ့်ကလေးလည်း တော်တော် ကြောက်သွားတာပေါ့။ "ကျွန်တော် အသင်မြေခွေးရဲ့ အစာကို လုစားသူ မဟုတ်ပါဘူးဗျာ" လို့ တောင်းပန်သတဲ့။ မြေခွေးလည်း "မင်းငါ့ကို လာမလိမ်နဲ့ မင်းစားနေတာ ငါ့သားကောင်ရဲ့ သည်းခြေအိတ်ကွ" လို့ ပြန်ဟောက်တယ်။

ရှဉ်းကလေးကလည်း "မဟုတ်ရပါဘူးဗျာ ကျွန်တော် စားနေတာ စပျစ်သီးပါ ခင်ဗျာ" လို့ ပြန်ဖြေသတဲ့။ မြေခွေးလည်းဒေါသကြီးတဲ့ မျက်နှာ အမူအရာနဲ့ "ငါမယုံဘူးဟေ့။ ငါ့ဆီ ယူလာပေး။ ငါ ဟုတ်မဟုတ် ကြည့်မယ်" လို့ ဂွင်ဆင်တော့တာပေါ့။

အဲဒီမှာ ရှဉ့်ကလေးက စဉ်းစားတယ်။ "ငါက စပျစ်သီးတွေ ယူသွားပေးရင် အလွန်ချိုတဲ့ စပျစ်သီးတွေ စားပြီး မြေခွေးက မပြန်ဘဲ ငါ့ကို နေ့တိုင်း ခူးခိုင်းနေရင် ခက်ပြီ။ မမှည့်သေးတဲ့ စပျစ်သီးတွေ ယူသွားပေးရင်လည်း ချဉ်လို့ ဆိုပြီး ငါ့ကို ဖမ်းယူစားသောက်လိုက်ရင် ဒုက္ခ" လို့ တွေးတယ်။

အဲဒါနဲ့ ရှဉ့်ကလေးလည်း "အသင်မြေခွေး ကျွန်ုပ်၏ အမြှီးသည် စပျစ်နွယ်နှင့် ငြိနေပါသည်။ ထို့ကြောင့် အောက်ဆင်းလို့ ရမည်မဟုတ်ပါ။ အသင်၏ အစာကို ကျွန်ုပ် စားသည်ဟု ထင်ပါလျှင် ကျွန်ုပ်စားသော စပျစ်သီးတို့ကို ပစ်ချပေးပါမည်" ဟု ဆိုကာ မမှည့်သေးသော စပျစ်သီးများကို ပစ်ချပေးလိုက်တယ်။

မြေခွေးလည်း "ငါ့အကြံ အောင်ပြီ၊ ရှဉ့်အသား မစားရသော်လည်း ငါစားချင်သော စပျစ်သီးကိုတော့ စားရပေပြီ" ဟု တွေးကာ အားပါးတရ စပျစ်သီးကို ကိုက်စားလိုက်တာ မမှည့်သေးတဲ့ စပျစ်သီး ဆိုတော့ သွားကျိန်းလောက်အောင် ချဉ်သွားတာပေါ့။

မြေခွေးလည်း ဒေါသထွက်ပြီး "ဘာလို့ အဲ့သလောက် ချဉ်တာလဲကွ" လို့ လှမ်းမေးလိုက်တယ်။ ရှဉ့်ကလေးလည်း "ဒါဟာ သင့်ရဲ့ သဲခြေအိတ်မှ မဟုတ်တာ စပျစ်သီးပဲလေ။ စပျစ်သီးမို့ ချဉ်တာပါ" လို့ ပြန်ပြောလိုက် တာပေါ့။

မြေခွေးလည်း ဒေါသလည်းထွက် ချဉ်လွန်းတဲ့ စပျစ်သီး ကိုလညိး စိတ်နာပြီး အဲ့နေရာက ထွက်သွားတော့တယ်။ အဲဒီအချိန်က စလို့ မြေခွေးလည်း စပျစ်ပင်မြင်ရင် ချဉ်တယ်လို့ တွေးပြီး ဘယ်တော့မှ မစားတော့ဘူးတဲ့။ NwayMinEain

Post a Comment

0 Comments