သူ့ကိုရှို့တော့ ကိုယ့်မှာလောင်

ဘုရားရှင် လက်ထက်တော်က တကိုယ်လုံး မီးတောက်လောင်နေသော စပါးကြီးမြွေ တကောင် ရှိလေသည်။ ထိုစပါးကြီးမြွေသည် ပြိတ္တာကြီး ဖြစ်၏။ ရဟန်းများသည် မြွေပြိတ္တာကြီး၏ အတိတ်ဇာတ် ကြောင်းကို သိလိုသည့် အတွက် ဘုရားရှင်အား မေးမြန်း လျှောက်ထားကြ၏။

ဘုရားရှင်သည် ထိုမြွေကြီး၏ ရှေးဘဝ၌ ပြုလုပ်ခဲ့သော အကုသိုလ်ကံကို ဟောကြားတေ ာ်မူသည်။ မြွေပြိတ္တာကြီးသည် ရှေးဘဝတခု၌ သူခိုးတယောက် ဖြစ်ခဲ့သည်။ တည၌ ခိုးရာမှ အပြန် ဇရပ် တဆောင်တွင် ဝင်အိပ်လိုက်၏။

နံနက် မိုးလင်းသောအခါ ကျောင်းဒကာ သူဌေးကြီးသည် ဘုရားကျောင်းတော်သို့ သွားရာ ထိုဇရပ်၌ ခဏ ဝင်နား၏။ သူဌေးကြီးသည် သူခိုးကို မြင်သောအခါ "ဒီလူ့ ခြေထောက် တွေမှာ ရွှံ့တွေ ပေနေပါလား။ သူဟာ ညမှာ ကျက်စားပြီး နေ့မှာ အိပ်သူ ဖြစ်ရမယ်" ဟု ပြောမိသည်။

သူခိုးသည် သူ့ကို ဤသို့ ပြောရကောင်းလားဟု စိတ်ဆိုး၍ သူဌေးကြီးအား ရန်ငြိုးထား လိုက်သည်။ ထို့နောက် အခွင့်အခါကို စောင့်၍ သူဌေးကြီး၏ လယ်များနှင့် အိမ်ကို ခုနစ်ကြိမ် တိုင်တိုင် မီးရှို့၏။ သူဌေးကြီး၏ နွားများကို ခုနစ်ကြိမ် တိုင်တိုင် ခြေထောက်များ ဖြတ်ပစ်၏။

ထိုမျှလောက်အထိ လက်စားချေ ရသည်ကိုပင် မကျေနပ်နိုင် သေးဘဲ မြတ်စွာဘုရား ဆွမ်းခံကြွ ချိန်၌ သူဌေးကြီး လှူဒါန်းထားသော ကျောင်းမှ သောက်ရေအိုး များကို ရိုက်ခွဲပြီး ကျောင်းတော်ကိုပါ မီးရှို့လိုက်သည်။

သူဌေးကြီး သည် ထိုကျောင်းတော်ကို အမြတ်နိုးဆုံး ဖြစ်သော်လည်း စိတ်မဆင်းရဲသည့် အပြင် "ဒီကျောင်း မရှိတော့ရင် နောက်ထပ် ကျောင်းတဆောင် ဆောက်လုပ် လှူဒါန်းခွင့် ရတော့မယ်။ ဝမ်းသာ စရာပဲ" ဟု တွေးကာ ကျောင်းသစ် တဆောင် ဆောက်လုပ် လှူဒါန်းသည်။

ထိုကဲ့သို့ ပစ္စည်းဥစ္စာများ ဖျက်ဆီးခံရ သော်လည်း သူဌေးကြီးသည် မတုန်လှုပ်ခဲ့ပေ။ ထိုအခါ သူခိုးသည် ပို၍ မကျေမချမ်းဖြစ်လာပြီး သူဌေးကြီးကို သတ်ရန် ကြံစည် တော့သည်။ ခုနစ်ရက် လုံးလုံး စောင့်နေသော်လည်း အခွင့်မသာဘဲ ဖြစ်နေ၏။

ထိုကြောင့် ကျောင်း အလှူရေစက် ချပွဲ၌ ပရိသတ်ထဲသို့ ဝင်ရောက် လာပြီး အခွင့်ကောင်းကို ချောင်းနေပြန်သည်။ ရေစက်ချချိန်၌ သူဌေးကြီးသည် "အရှင်ဘုရား လူတယောက်ဟာ တပည့်တော်ရဲ့ လယ်တွေ အိမ်တွေကို ခုနစ်ကြိမ် တိုင်တိုင် မီးရှို့ခဲ့ ပါတယ်။

နွားတွေကိုလည်း ခုနစ်ကြိမ် တိုင်တိုင် ဓားနဲ့ ခုတ်ခဲ့ပါတယ်။ အခု ဒီကျောင်းတော်ကို မီးရှို့သူ ဟာလည်း သူပဲ ဖြစ်ပါလိမ့်မယ်။ ဒီအလှူက ရတဲ့ ကုသိုလ်အဖို့ကို တပည့်တော် သူ့အား အရင်ဆုံး အမျှပေးဝေ ပါတယ်" ဟု မြတ်စွာဘုရားအား လျှောက်ထားလိုက်သည်။

ထိုစကားကို သူခိုး ကြားသွားသောအခါ အကြီးအကျယ် နောင်တရ၍ သူဌေးကြီး၏ ခြေရင်း၌ ဝပ်စင်း ကန်တော့ပြီး တောင်းပန်သည်။ သူဌေးကြီးသည် သူခိုးကို အပြစ်မယူဘဲ သည်းခံ ခွင့်လွှတ် လိုက်သည်။ သို့သော် သူပြုခဲ့ဖူးသော မိုက်ပြစ်တို့ကား သူ့ကို ခွင့်မလွှတ် ခဲ့ပေ။

သူခိုးဘဝမှ ကွယ်လွန်သော အခါ ထိုအကုသိုလ်ကံ များကြောင့် အဝီစိ ငရဲ၌ နှစ်ပေါင်းများစွာ ခံခဲ့ရသည်။ အဝီစိ ငရဲမှ လွတ်မြောက် သောအခါ ဤဘဝ၌ တကိုယ်လုံး မီးများ တောက်လောင်နေသော မြွေ ပြိတ္တာ ဖြစ်လာရသည် ဟု မြတ်စွာဘုရားရှင်က အတိတ်ဘဝ ဇာတ်ကြောင်းကို ပြန်လည် ဟောကြားတော် မူသည်။ Pink Library ဓမ္မစကူးလ်ဖောင်ဒေးရှင်း ဗုဒ္ဓဘာသာသင်ခန်းစာ စာအုပ်မှ ကူးယူရေးသားပါသည်။

Post a Comment

0 Comments