ကိုယ်စိုက်တာ ကိုယ်ပြန်ရမယ်

တခါတုန်းက အိုမင်းလာပြီ ဖြစ်သော ဘုရင်ကြီးသည် သူ့ထီးနန်းကို ဆက်ခံမည့် သားတော်တဦးကို ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။ သားတော်ကလည်း ၇ ဦး ရှိနေသဖြင့် သူ့အရိုက်အရာကို အမှန်တကယ် ဆက်ခံနိုင်မည့် သူအား လူသိရှင်ကြား ရွေးချယ်ရန် ဆုံးဖြတ် လိုက်သည်။

တနေ့တွင် မင်းကြီးသည် သားတော် အားလုံးကို ညီလာခံသို့ ခေါ်ပြီး "သားတော်တို့ ခမည်းတော် အသက်ကြီးလာပြီ ဖြစ်လို့ အနားယူဖို့ အချိန် ရောက်လာပြီ။ သားတော်တို့ အထဲက ခမည်းတော်ရဲ့ အရိုက်အရာကို ဆက်ခံဖို့ နတ်ရွာမစံမီ ရွေးချယ်ပေးခဲ့မယ်"

ဘုရင်ကြီး၏ ပြောစကားကို ကြားလိုက်ရသည့်အခါ သားတော်များ တုန်လှုပ် သွားကြသည်။ မည်သို့ ရွေးချယ်မည် ကိုလည်း စိတ်ဝင်စား သွားကြသည်။

"သားတော်တို့ ဒီမှာ သစ်စေ့တွေ တယောက်ကို တစေ့စီ လာယူကြ။ ဒီသစ်စေ့တွေဟာ အလွန်ထူးခြားတဲ့ သစ်စေ့ တွေပေါ့။ ကောင်းကောင်းစိုက်၊ ရေလောင်း၊ ပျိုးထောင်ကြကွဲ့။ ဒီအချိန်က စလို့ တနှစ် ပြည့်မြောက်တဲ့ နေ့မှာ အဲဒီ သစ်စေ့က ပေါက်တဲ့ သစ်ပင်ပေါက် ကလေးနဲ့ ဟောဒီ ညီလာခံ ထဲကို သားတော်တို့ ကိုယ်တိုင် ပြန်ပြီး ခစားရမယ်။ အဲဒီအပင်တွေ အပေါ် မူတည်ပြီး သားတော်တို့ကို ထီးနန်း လွှဲပေးဖို့ ဆုံးဖြတ်မယ်"

သားတော် ၇ ပါးဟာ သစ်စေ့တွေကို တယောက် တစေ့စီ ယူပြီး ပြန်သွား ကြတယ်။ သူတို့နေတဲ့ အိမ်တော်တွေကို ပြန်ရောက်တော့ သစ်စေ့ကို ပန်းအိုးတွေထဲ ထည့်ပြီးတော့ သေချာစွာ စိုက်ပျိုးကြတယ်။

သူတို့ နေ့တိုင်း ရေတွေလောင်း ပေါင်းတွေသင်ကြတယ်။ အငယ်ဆုံး သားတော်လေးဟာ သူစိုက်ထားတဲ့ သစ်စေ့လေးကို နေ့တိုင်း ဂရုစိုက်ပြီးတော့ ရေလောင်းတယ်။ ဒါပေမဲ့ သုံးပတ် ကြာတဲ့အထိ ဘာမှ ထွက်မလာဘူး။

တလကြာလည်း ပေါက်မလာ၊ နှစ်လကြာလည်း ထွက်မလာ၊ သူက စိုးရိမ်ပြီးတော့ သူ့မိခင်ထံ သွားပြီး "မယ်တော် ၆ လတိုင် ရှိနေပြီ ဘာအပင် မှလည်း ထွက်မလာ ပါလား။ သားတော်တော့ ထီးနန်းနဲ့ ဝေးပြီ ထင်ပါရဲ့" လို့ သွားပြောလိုက်တယ်။ မိခင်က "အေးကွယ် သားတော်ရယ်၊ သားတော်မှာ ကံဇာတာ မပါဘူး ထင်ပါတယ်" လို့ ပြောပြီး နှစ်သိမ့် လိုက်တယ်။

သတ်မှတ်ထားတဲ့ အချိန် ရောက်တော့ ညီလာခံကို ဝင်ရတော့မယ်။ အငယ်ဆုံး သားတော်လေးဟာ အပင် မပေါက်တဲ့ ပန်းအိုးလေးကို ညှိုးငယ်စွာနဲ့ ယူလာတယ်။ သူအကိုတော်တွေ ကတော့ အပင်ပေါက်လေးတွေ ပါတဲ့ ပန်းအိုးတွေကို ဂုဏ်ယူ ဝင့်ကြွားစွာ ယူဆောင်လာ ကြတယ်။

ဘုရင်ကြီးက ညီလာခံမှာ သားတော်တွေ အားလုံးကို ပန်းအိုးတွေ လာပြဖို့ ပြောလိုက်တယ်။ သားတော် ၆ ဦးက ဘုရင်ကြီး ရှေ့မှောက်မှာ ပန်းအိုးတွေ လာချပေမယ့် အငယ်ဆုံး သားတော်လေးက တော့ လာမချဘူး။ "သားတော်လေး ဘာဖြစ်လို့ ပန်းအိုး ယူမလာတာလဲ"

"ယူလာပါတယ် ခမည်းတော်။ ဒါပေမဲ့ ဘာပင်မှ ပေါက်မလာတဲ့ အတွက် နောင်တော်တို့နဲ့ ယှဉ်ပြီး မချဝံ့ပါဘူး"

"သားတော် သစ်စေ့က ဘာဖြစ်လို့ မပေါက်တာလဲ"

"သားတော်လည်း မသိပါ ခမည်းတော်။ အချိန်မှန် ရေလောင်းပြီး မြေဆီကောင်းမှာ စိုက်ပျိုးတာ ပါပဲ။ ဒါပေမဲ့ အပင်က ထွက်မလာပါဘူး ဘုရား"

"ဟဲ့ သားတော် သင့်နောင်တော် တွေတောင် ဖြစ်အောင် စိုက်နိုင်သေးတာ။ သင်က အဘယ်ကြောင့် မစိုက်နိုင် ရသလဲ"

"အပြစ်ပေးလည်း သားတော် ခံပါ့မယ်။ မဖြစ်တာကို ရှက်မိလို့ ပြောစရာစကား မရှိတော့ပါ ဘုရား"

"အေး ကောင်းပေစွ။ ခမည်းတော်မှာ ပြောစရာ ရှိတယ်။ ခမည်းတော် သားတော်တို့ကို ပေးလိုက်တဲ့ သစ်စေ့ ၇ စေ့ စလုံးဟာ ရေနွေးဆူဆူမှာ ပြုတ်ထားပြီး၊ ဘယ်လိုမှ အပင် မပေါက်နိုင်တဲ့ သစ်စေ့တွေကွဲ့။ ဒီသစ်စေ့ တွေကို အပင်ပေါက်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ သားတော်ခြောက်ပါး ဝန်ခံကြစမ်း။ သင်တို့ သစ်စေ့တွေ လဲစိုက်ထားကြတယ် မဟုတ်လား"

သားတော်ခြောက်ပါးဟာ ရှက်လွန်းလို့ ခေါင်းတွေ ငုံ့နေကြတယ်။ "ကဲ မင်းကြီးများနဲ့ ပြည်သူများ ငါ၏ ထီးနန်းကို ဘယ်သူ ဆက်ခံထိုက်သလဲ ဆိုတာ ပြောစရာ လိုသေးလား။ ငါမရှိတဲ့နောက် အငယ်ဆုံး သားတော်ကို ထီးနန်း ဆက်ခံရန် အမိန့်တော်မှတ်တယ်။ သားတို့ ခမည်းတော် နောက်ဆုံး မှာကြားခဲ့ချင်တယ်။

ရိုးသားမှုကို စိုက်ရင်၊ ယုံကြည်မှုကို ပြန်ရမယ်။ ကောင်းမြတ်ခြင်းကို စိုက်ရင်၊ ခင်မင်ရင်းနှီးမှုကို ပြန်ရမယ်။ နှိမ့်ချ ရိုကျိုးမှုကိုစိုက်ရင်၊ ကြီးမြတ်ခြင်းကို ပြန်ရမယ်။ ဇွဲလုံ့လကို စိုက်ရင်၊ အောင်မြင်မှုကို ပြန်ရမယ်။ စာနာ ထောက်ထားမှုကို စိုက်ရင်၊ မျှတမှုကို ပြန်ရမယ်။

ကြိုးစားရင် အောင်မြင်မှုကို ပြန်ရမယ်။ ခွင့်လွှတ်ရင် ပြေလည်မှုကို ပြန်ရမယ်။ ပွင့်လင်းရင် ရင်းနှီးမှုကို ပြန်ရမယ်။ သည်းခံရင် တိုးတက်မှုကို ပြန်ရမယ်။ ယုံကြည်ရင် ထူးခြားမှုကို ပြန်ရမယ်။

ဒါပေမဲ့ မရိုးသားရင် မယုံကြည်မှုကို ရမယ်။ အတ္တကြီးရင် အထီး ကျန်မယ်။ မာနကြီးရင် ပျက်စီးမယ်။ မနာလိုရင် ဒုက္ခရောက်မယ်။ ပျင်းရင် ကျဆုံးမယ်။ မုန်းတီးရင် အထီးကျန်မယ်။ လောဘကြီးရင် ဆုံးရှုံးမယ်။ အတင်းပြောရင် ရန်သူပေါမယ်။ စိုးရိမ်ရင် သိမ်ငယ်မယ်။ အပြစ် လုပ်ရင် လိပ်ပြာမသန့် ဖြစ်မယ်။

ဒါကြောင့် သားတော်တို့ ကိုယ်စိုက်တာ ကိုယ်ပြန်ရတယ် ဆိုတာ အမြဲ သတိထားကြ။ ငါဘာစိုက်ရင် ဘာရမယ်ဆိုတာ စိတ်ထဲမှာ တွေးထား။ မင်းတို့ စိုက်တာ မင်းတို့ ပြန်ရမှာ။ ဒါကြောင့် ခမည်းတော် ပြောတာ မှတ်ထား။ ဒီနေ့ကစပြီး ဘာစိုက်မလဲ ဆိုတာ တွေးထားကြ" ဆိုပြီး ဘုရင်ကြီးက မိန့်တော်မူလိုက် ပါတော့တယ်။ Crd

Post a Comment

0 Comments