ရန်ကို ရန်ချင်း မတုံ့နှင်းနဲ့

ရှေးသရော အခါက ဗြဟ္မဒတ်မင်းသည် ဒီဃီတိ ကောသလမင်းကို စစ်တိုက်ရန် အတွက် မိမိနိုင်ငံမှ ရဲမက်များကို ဦးဆောင်ချီတက် လာလေသည်။ ဒီဃီတိမင်းမှာ အင်အားချင်း မမျှသဖြင့် မိဖုရားကို ခေါ်ကာ တိုင်းပြည်မှ ထွက်ပြေးခဲ့ ရတော့သည်။

ထွက်ပြေးပြီး မြို့စွန် တနေရာတွင် အိုးထိန်းသည်၏ နေအိမ်တွင် ရုပ်ဖျက်ကာ မထင်မရှားဖြင့် နေထိုင်နေလေသည်။ မကြာမီကာလတွင် ဒီဃီတိမင်း၏ မိဖုရားကြီးမှာ သားတော်တပါး ဖွားမြင်၍ "ဒီဃာဝု" မင်းသားဟု အမည်တွင် လေသည်။

ရုပ်ဖျက် နေထိုင်စဉ် အတွင်း ဗြဟ္မဒတ်မင်း၏ အဖမ်းအဆီး ခံရမည်ကို ပူပန်သောကြောင့် သားတော် ဒီဃာဝု မင်းသားလေးကို အခြား လုံခြုံသော တနေရာသို့ ပို့ထားပြီး မင်းတို့ တတ်အပ်သော အတတ်ပညာရပ် များကို သင်ကြားစေသည်။

ကြိုတင် မှန်းဆထားသည့် အတိုင်း တနေ့တွင် ဗြဟ္မဒတ်မင်းမှ ဒီဃီတိမင်းနှင့် မိဖုရားကို တွေ့ရှိ သွားတော့ကာ ဖမ်းဆီးပြီး သတ်ရန် သူသတ်ကုန်းသို့ ခေါ်ဆောင် သွားလေသည်။ ထိုစဉ် ဒီဃာဝု မင်းသားလေးမှာ အတတ်ပညာများ သင်ကြားတတ်မြောက်ပြီး၍ မိဘနှစ်ပါးထံ ခေတ္တပြန်လာချိန် ဖြစ်သည်။

ထိုအခါ အသတ်ခံရတော့မည် ဖြစ်သော မိဘနှစ်ပါးကို သူသတ်ကုန်းတွင် တွေ့လိုက်ရပြီး ဝိုင်းအုံ ကြည့်နေသော လူအုပ်ကြားတွင် မင်းသားလေးလည်း ရပ်ကြည့်နေရ ရှာသည်။ ဒီဃီတိမင်းသည် လူအုပ်ကြားထဲမှ သားတော်ကို မြင်သော် ဆုံးမစကားကို တကိုယ်တည်း ပြောကြားသွားသည်။ "ရန်တို့ မည်သည်မှာ ရန်တုံ့မူ သဖြင့် မငြိမ်းအေးကုန်၊ ရန်တုံ့မမူ သဖြင့် ငြိမ်းအေးကုန်၏"

သူ၏ ဆုံးမစကားကို နားမလည်သော လူများကတော့ ဒီမင်း အသတ်ခံရတော့ မှာမို့ ရူးသွားပြီဟု ထင်ကြသည်။ မကြာမီပဲ မင်း နှင့် မိဖုရားတို့ကို အဆုံးစီရင် လိုက်ကြတော့သည်။ ဒီဃာဝု မင်းသားလေးမှာ အစောင့်များကို အရက်မူးအောင် တိုက်ပြီး သူ့မိဘများ၏ အလောင်းကို ကောင်းစွာ မီးသင်္ဂြိုဟ်ပေး လိုက်လေသည်။

တကိုယ်တည်း အားရအောင် ငိုကြွေးပြီး မျက်ရည်များ သုတ်ကာ ဗြဟ္မဒတ်မင်း၏ ဆင်ဆရာထံ သွားကာ တပည့်ခံ နေထိုင်လေသည်။ နံနက်တိုင်း စောင်းတီးပြီး သီချင်းဆိုသော ဒီဃာဝု မင်းသားလေး၏ စွမ်းရည်နှင့် လိမ္မာပါးနပ်မှုကို ဗြဟ္မဒတ်မင်းမှာ သဘောကျတော် မူ၍ အတွင်းတော်၌ ခစားစေသည်။

တနေ့သ၌ မင်းကြီးသည် ဒီဃာဝုမင်းသားလေးကို ရထားမောင်း စေပြီး ဥယျာဉ်တော်သို့ ထွက်တော်မူလာစဉ် မင်းသားလေးမှာ ပရိယာယ်သုံးကာ မင်းကြီးအား အစောင့်များနှင့် ဝေးရာကို ခေါ်ဆောင် သွားတော့သည်။ မင်းကြီးလည်း ပင်ပန်း၍ တရေးအိပ်မည် ဆိုကာ မင်းသားလေး၏ ပေါင်ပေါ်တွင် ခေါင်းအုံးကာ စက်တော် ခေါ်နေလေသည်။

အိပ်ပျော်သွားသော မင်းကြီးကို ကြည့်ပြီး မင်းသားလေးမှာ မိဘများအတွက် လက်စားချေရန် အခွင့်အရေး ရပြီဟု ကြံတွေးကာ သန်လျက်ကို ဆွဲထုတ်လေ တော့သည်။ သို့သော် ဖခင် ကောသလမင်းကြီး ၏ စကားကို ပြန်ကြားယောင်ရင်း သုံးကြိမ် တိုင်တိုင် ချီတုံချတုံ ဖြစ်နေခဲ့သည်။ မင်းသားလေး ထိုကဲ့သို့ ဝေခွဲမရ ဖြစ်နေစဉ် မင်းကြီး နိုးလာလေသည်။

ဒီဃာဝုမင်းသားလေးမှာ မင်းကြီး အိပ်ပျော်နေစဉ်က သူကြံစီခဲ့သော သတ်ဖြတ်မည့် အကြံကို မင်းကြီးအား အလုံးစုံ ပြောပြလိုက်ပြီး အသင်မင်းကြီး ကျွန်ုပ်လက်မှ လွတ်နိုင်မည်လော ဟု မေးမြန်းလေသည်။ မင်းကြီးလည်း မလွတ်နိုင်ပါ ဟု ဖြေကာ တောင်းပန်စကား ဆိုလေသည်။

ထိုအခါ ဒီဃာဝု မင်းသားလေးက သူ့ဖခင် ဆိုသည့်အတိုင်း ရန်ကို ရန်ချင်း တုံ့နှင်းပါက ရန်တို့ မငြိမ်းအေးနိုင်ရာ ရန်တုံ့မမူမှသာ ရန်တို့ ငြိမ်းအေးကုန်မည် ဟု ဆိုကာ ထိုအဆုံးအမ အတိုင်း ကျင့်သုံးကာ နေမည် ဖြစ်သောကြောင့် သင်မင်းကြီး အပေါ်ကျူးလွန်ခဲ့သည် အတွက် အကျွန်ုပ်အား သတ်လိုက သတ်နိုင်ပါကြောင်း ပြောလေသည်။

မင်းကြီးလည်း "အမောင် ငါလည်း သင့်ကို ရန်မပြုလိုပါ" ဟု ဆိုကာ နန်းတော်သို့ ပြန်လည် ခေါ်ဆောင် သွားသည်။ မိမိ၏ သမီးတော်နှင့် ထိမ်းမြားစေပြီး ဒီဃီတိ ကောသလမင်း၏ ထီးနန်း ကိုလည်း ဒီဃာဝု မင်းသားထံ ပြန်လည် အပ်နှင်းလိုက် လေသည်။ ထိုအချိန်မှ စ၍ မင်းနှစ်ပါး တို့သည် ညီညွတ် ငြိမ်းအေးစွာဖြင့် မိမိနိုင်ငံကို မိမိ ကိုယ်စီ မင်းပြုကာ နေကြလေတော့သည်။

ဒီပုံပြင်လေးကို ဖတ်ရှုခြင်းအားဖြင့် ရန်ကို ရန်ချင်း မတုံ့နှင်း သင့်ကြောင်းနှင့် မိဘစကားကို အဆုံးတိုင် နားထောင်ခဲ့၍ အသက်ချမ်းသာရာ ရခဲ့သည့် အပြင် ရရှိရမည့် စည်းစိမ်ချမ်းသာ အစုံကိုပါ ပြီးမြောက် စေနိုင်ကြောင်း သင်ခန်းစာ ပေးထားတာပဲ ဖြစ်ပါတယ်။ Crd

Post a Comment

0 Comments