ခွေးအုပ်နှင့် သိုးအုပ်

တခါတုန်းက တောကစား ထွက်လာတဲ့ ဘုရင်က ရွာအနီး မြက်ခင်းတွင် သိုးအုပ်ကြီးကို တွေ့လိုက်ရ သဖြင့် သူနှင့်အတူ မြင်းစီးကာ ဘေးချင်း ယှဉ်လိုက်လာသော ပညာရှိ အမတ်ကြီးကို မေးလိုက်လေသည်။

"အမတ်ကြီး ဘယ်မှာ ကြည့်လိုက် ကြည့်လိုက် သိုးတွေက အုပ်စုလိုက် တွေ့ရတယ်နော်။ ခွေးတွေ ကိုတော့ ဘာဖြစ်လို့ အဲဒီလို အုပ်စုလိုက် မတွေ့ရတာလဲ" "မှန်လှပါ အရှင်မင်းကြီးရဲ့ မေးခွန်းကို မနက်ဖြန်မှ ဖြေပါရစေ ဘုရား" "ကောင်းပြီလေ"

ထိုနေ့ နန်းတော်ကို ပြန်ရောက်လာသည့် ညနေတွင် အမတ်ကြီးက အခန်းနှစ်ခန်းကို ပြင်ဆင် စေသည်။ အခန်း တခန်းထဲတွင် အသားပုံကြီး တပုံကို ချထားပြီး ခွေး အကောင် ၂၀ ကို ထည့်ကာ သော့ပိတ် ထားလိုက်သည်။

တခြား အခန်းထဲတွင် မြက်ထုံးများကို ချကာ သိုးအကောင် ၂၀ ကို အခန်း အတွင်း မောင်းသွင်းပြီး တံခါး ပိတ်ထား လိုက်လေသည်။

နောက်တနေ့ မနက်တွင် အမတ်ကြီးက သူစီမံ ထားသည့် အကြောင်းအရာကို မင်းကြီးအား လျှောက်တင်ကာ အခန်းများ ဆီသို့ ခေါ်လာလေသည်။ ခွေးတွေ ထည့်ထားသည့် ပထမ အခန်းကို ဖွင့်လိုက်သည် ဘုရင်ကြီးက အံ့အားသင့် သွားသည်။

ခွေးတွေ အားလုံး အသက် ပျောက်နေသည်။ အခန်း အလယ်တွင် ချထားသည့် အသားပုံ ကြီးကား နေရာမပျက် ရှိနေသည်။ ခွေးတကောင်မျှ အသားပုံကို စားသွားသည့်ပုံ မပေါ်။

နောက်တခန်းကို ဘုရင်အား ခေါ်ပြီး ဖွင့်ကြည့် ကြသည်။ သိုးတွေ အားလုံး လှဲလျောင်းကာ အိပ်စက်နေ ကြသည်။ အခန်းအလယ်တွင် ချပေးထားသည့် မြက်တွေလည်း မရှိတော့ပေ။

ထိုအဖြစ်အပျက် များကို ဘုရင်ကြီးအား အမတ်ကြီးက ပြသပြီးနောက် "ခွေးတွေဟာ သူတို့ကို ကျွေးထားတဲ့ အသားတွေကို တစက်မျှ မစားရဘဲ သေကုန်ကြရ ခြင်းမှာ တကောင်နှင့် တကောင် တိုက်ခိုက်ကာ တကိုယ်ကောင်း ဆန်ခြင်းကြောင့် ပါဘုရား။

သိုးတွေ ကတော့ အေးချမ်းစွာ မျှဝေစားသောက် တတ်သည့် အလေ့အထကြောင့် အသက်ရှင်ကာ နေထိုင်နိုင်ခြင်း ဖြစ်ကြောင်းပါဘုရား" ဟု လျှောက်တင်လေသည်။

ခွေးများသည် အုပ်စုလိုက် ဖွဲ့ကာ နေထိုင်တတ်သော အလေ့အထ နည်းလေသည်။ အကောင်နည်းနည်း စုမိလျှင်ပင် ပြဿနာ ရှာကာ မာန်ဖီတတ်သည်။ အစားအစာနှင့် ကာမအတွက် ဆိုလျှင် ခွေးများသည် တကောင်နှင့် တကောင် မညှာမတာ ကိုက်ကြ မာန်ဖီ တတ်ကြသည်။

ရှေးလူကြီးများက ခွေးလို မနေနှင့် သိုးတွေလိုနေ ဟု ဆုံးမကြခြင်းမှာ တကောင်နှင့် တကောင် မကိုက်ဘဲ ငြိမ်ချမ်းစွာဖြင့် အတူတကွ မျှဝေတတ်သော စိတ်ရှိသည့် လူ့ဘောင် အဖွဲ့အစည်း သည်သာ တိုးတက်စည်ပင် ဖွံ့ဖြိုးမည် ဖြစ်ကြောင်းကို ပြဆိုခြင်း ဖြစ်သည်။

ခွေးတွေလို ငါ့အတွက် ငါ့ဟာ ငါ့ဥစ္စာ ဆိုပြီး လောဘတက် ကိုက်လျှင် သေကြမည်။ အတ္တ လောဘနဲ့ တကိုယ်ကောင်းစိတ် မွေးသူများသည် ခွေးသဏ္ဍန်နှင့် တူပေသည်။ သိုးတွေလို မျှဝေစိတ် ထားလျှင် ရှင်သန် ကြမည်။

သူ့ဖက် ကိုယ့်ဖက် သူ့အတွက် ကိုယ်အတွက် မျှတစွာ နေထိုင်သူသည် သိုးသဏ္ဍန်နှင့် တူပေသည်။ တင်ညွန့်

Post a Comment

0 Comments