လမ်းပျောက်နေသူ

တနေ့တွင် ကန္တာရအတွင်း လမ်းလျှောက်ရင်း လမ်းပျောက်နေသူ အဘွားအို တယောက်သည် ထမင်း ဆာလာသဖြင့် ဒူးထောက်ရင်း ဆုတောင်း လိုက်မိသည်။ "အရှင်ဘုရား တပည့်တော်တွင် ဘာမျှလည်း မပါ၊ လမ်းလည်းပျောက်၊ ဗိုက်လည်း ဆာ တစုံတခု ပေးသနားတော် မူပါ"

သူက လျှောက်လာရင်း လမ်းဟောင်း တခုကို တွေ့လိုက်သည်။ "လမ်းဆုံး ရင်တော့ ရွာကို တွေ့ကောင်းပါရဲ့" အဘွားအိုက ကန္တာရ အတွင်း လမ်းဟောင်းအတိုင်း လိုက်လာရင်း စားစရာ တခုခု တွေ့လို တွေ့ငြား ရှာဖွေ သွားသော်လည်း စားစရာ ဟူ၍ အပိုင်းအစလေး တခုမျှပင် မတွေ့သောကြောင့် စိတ်ပျက်ကာ ဆက်လျှောက် လာသည်။

"ဟာ အိတ်လေး တလုံး ပါလား" သူက လမ်းဘေးတွင် ဂုန်နီအိတ် အဟောင်းလေး တလုံးကို တွေ့လိုက်သည်။ ဝမ်းသာအားရကောက်ပြီး ဖွင့်ကြည့် လိုက်သည်။ အထဲတွင် ဘာမျှမရှိ။

"အရှင်ဘုရား ဆာလောင်နေသော သူကို ဘာမျှ မရှိသော ဂုန်နီအိတ်တလုံး ပေးသနားတော် မူသဖြင့် ကျေးဇူးတင် ပါသည်ဘုရား" ဟု ပြောကာ အိတ်ကို ပခုံးပေါ် တင်ပြီး ဆက်လျှောက်လာသည်။

အတန်ငယ် လျှောက်လာမိလျှင် ငါးမျှားတံ တချောင်းကို တွေ့ပြန်သည်။ ငါးမျှားတံကား ကြိုးရှိသော်လည်း ငါးမျှားချိတ် မရှိ။

"အရှင်ဘုရား ဗိုက်ဆာနေသည့် အဘွားအိုကို ငါးဖမ်းရန် ငါးမျှားတံ ပေးသော်လည်း ကြိုးကား ရှိပြီး၊ ငါးမျှားချိတ် မရှိသည်ကို ပေးသနားတော် မူသောကြောင့် အရှင်ဘုရားကို ကျေးဇူးတင်ပါသည်"

အဘွားအိုက ငါးမျှားတံကို ကိုင်လိုက်ပြီး ပျောက်လုလု လမ်းကို ဆက်လျှောက် လာသည်။ ကုန်းအဆင်း တနေရာတွင် သစ်ခြောက်ပင် တပင်ကို တွေ့ပြန်သည်။ အရွက်လည်း မရှိ၊ အသီးလည်း မရှိသော အပင်ခြောက်ကြီးကို ကြည့်ပြီး အဘွားအိုက

"အရှင်ဘုရား ကျေးဇူး တင်ပါသည်။ ဗိုက်ဆာနေသော အဘွားအိုကြီးကို သစ်ကိုင်းခြောက်များ ပေးသနားတော် မူသောကြောင့် ကျေးဇူး တင်ပါသည်။ သစ်ကိုင်းခြောက် အနည်းငယ်ကို ကောက်သွားပါ့မည်"

အဘွားအိုက သစ်ကိုင်းခြောက် အနည်းငယ်ကို ကောက်ပြီး ဂုန်နီအိတ်ထဲ ထည့်သွားသည်။ အနည်းငယ် လျှောက်မိ ပြန်လျှင် သဲထဲ နစ်နေသည့် အိုးတလုံးကို တွေ့ပြန်သည်။ အဘွားအိုက အိုးကို ကောက်လိုက်ပြီး သဲတွေ၊ ဖုန်တွေကို သုတ်လိုက်ကာ

"အရှင်ဘုရား ဆာလောင်နေသော အဘွားအိုကို ဘာမျှ မရှိသည့် အိုးဟောင်းလေး တလုံး ပေးသနားတော် မူသောကြောင့် အရှင်ဘုရား၏ မေတ္တာတော်ကို အထူး ကျေးဇူးတင်ပါသည်" ဟု ပြောကာ အိုးလေးကို အိတ်ထဲ ထည့်သွား ပြန်သည်။

အဘွားအိုသည် လျှောက်လာရင်း စမ်းချောင်းလေးကို ရောက်လာသည်။ မောမောနှင့် ချောင်းထဲ ဆင်းကာ ရေအဝ သောက်လိုက်ပြီး "ဗိုက်ဆာနေသည့် အဘွားအိုကို ရေသောက်ခွင့် ပြုသောကြောင့် ကျေးဇူးတင် လှပါသည်" ဟု ဘုရားသခင်ကို ချီးမွမ်းပြန်သည်။

ထိုအချိန်တွင် ကျောက်တုံးကြီး တတုံးပေါ်တွင် ငါးမျှားချိတ် တခုကို တွေ့လိုက်သည်။ အဘွားအိုက သူယူလာသည့် ငါးမျှားတံတွင် ချိတ်ကို တပ်ဆင်လိုက်ပြီး

"ဗိုက်ဆာနေသော အဘွားအိုကို သယ်ဆောင်လာသည့် ငါးမျှားတံတွင် တပ်ဆင် နိုင်ရန် ငါးမျှားချိတ် တခု ပေးသနားတော် မူသောကြောင့် ကျေးဇူးတင်ပါသည်" ဟု ပြောပြန်သည်။

အဘွားအိုက စမ်းချောင်းလေး ထဲတွင် ငါးမျှားရာ ငါးတကောင် မိသည်။ ငါးကို သယ်ဆောင်လာသည့် အိုးထဲတွင် ထည့်ချက်သည်။ ထင်းကလည်း လမ်းက ယူဆောင်လာ သောကြောင့် အဆင်သင့် လှသည်။

အဘွားအို လမ်းတလျှောက် သယ်ဆောင် လာခဲ့သည့် အရာမှန်သမျှသည် စွန့်ပစ်ထားသော အဟောင်းတွေချည်း ဖြစ်သည်။ သို့သော် အဘွားအိုက ဘုရားသခင်ကို ကျေးဇူးတင်ရင်း ရသမျှကို သယ်ဆောင် လာခဲ့သည်။

ယခု ညစာလည်း စားပြီးပြီ။ ကောက်လာသည့် ဂုန်နီအိတ်လေးကို ခင်းလိုက်ပြီး "ဘုရားသခင် အရာရာ အတွက် ကျေးဇူးတင်ပါသည်" ဟု ပြောကာ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းပြီး ဂုန်နီအိတ် ပေါ်တွင် လှဲချပြီး အိပ်ပျော်သွားသည်။ (Lost in Desert ကို မြန်မာမှု ပြုပါသည်) တင်ညွန့်

Post a Comment

0 Comments