မပြီးသေးသော ပန်းချီကားတချပ်

မြို့တမြို့တွင် နာမည်ကျော် ပန်းချီဆရာ တယောက်ရှိ၏။ တနေ့တွင် သူသည် ပန်းချီပြပွဲကို ခင်းကျင်း လေသည်။ မြို့သူ မြို့သားတွေက သူ့ပြပွဲကို လာကြည့် ကြသည်။ သို့သော် သူ့ပန်းချီကား တွေကို ချီးမွမ်းခြင်း မရှိ။

ပန်းချီဆရာက စဉ်းစားသည်။ "ငါ့ပန်းချီလက်ရာ ကောင်းတွေကို လူတွေက ငါ့အမြင်မှာ မချီးကျူး ကြပေမယ့် ငါ့ကွယ်ရာ မှာတော့ ချီးကျူးကြ မှာပါ" သူက ထိုသို့ တွေးကာ ပန်းချီကား တချပ်ကို ဆွဲလေသည်။

သူဆွဲထားသည့် ပန်းချီကားကို တခုသော နံနက်ခင်းတွင် လူစည်ကားရာ ရင်ပြင်၌ ပြထားသည်။ ပန်းချီကား အောက်တွင်လည်း စာတန်းတခုကို ရေးခဲ့လေသည်။ "ဤပန်းချီကားတွင် အမှား တွေ့ပါက မှားသည့် နေရာတွင် အမှတ်အသား တခုခု ပြခဲ့ပါ"

သူက ညနေခင်းတွင် သူ့ပန်းချီကား ထားခဲ့သော နေရာကို ပြန်လာသည်။ သူ့ပန်းချီကားကို ကြည့်လိုက်ရာ မျက်ရည်တွေ ကျလာတော့သည်။ ပန်းချီကား ပေါ်တွင် အမှတ်ရာ အခြစ်ရာပေါင်း များစွာကို ရုပ်ပျက် ဆင်းပျက် တွေ့လိုက်ရ သောကြောင့်ဖြစ်သည်။

သူက စိတ်ပျက်စွာဖြင့် ပန်းချီကားကို ယူကာ အိမ်ပြန်လာ ခဲ့သည်။ စိတ်ထိခိုက် လွန်းသဖြင့် ပန်းချီဆွဲခြင်းကို ရပ်နားလိုက်သည်။ ရှက်လွန်း သဖြင့်လည်း လူတွေကို ရှောင်ကာ နေလေသည်။

တနေ့တွင် သူ့မိတ်ဆွေ တဦးက သူ့ထံလာကာ အဘယ်ကြောင့် ပန်းချီ မဆွဲရသနည်း ဟု မေးလေသည်။ ပန်းချီဆရာက သူ့ပန်းချီကား အကြောင်းကို မိတ်ဆွေအား ပြောပြလိုက် လေသည်။ သူ့မိတ်ဆွေက သူပြောသည်ကို နားထောင်ပြီးနောက်

"နောက်တခါ ထပ်ပြီး ကြိုးစားကြည့် ပါဦး။ ပန်းချီကား အသစ်ဆွဲပြီး နောက်တကြိမ် သွားပြန် ထားကြည့်ပါဦး" ဟု ဆိုလိုက်လေသည်။ ပန်းချီဆရာသည် ထိုညတွင် ပန်းချီကား တချပ်ကို ရေးဆွဲပြီး နောက်တနေ့ နံနက်စောစောတွင် ထိုလမ်းဆုံ ၌ပင် သွားချထား ပြန်သည်။

ပန်းချီကား အောက်တွင်လည်း စာတန်းတခုကို ယခင်အတိုင်း ရေးပြန်သည်။ "ဤပန်းချီကားတွင် အမှား တွေ့ပါက မှားသည့်နေရာတွင် အမှတ်အသား တခုခု ပြခဲ့ပါ" သူ့မိတ်ဆွေက ပြောသည်။ "မဟုတ်ဘူး အဲသည်လို မရေးနဲ့ ဒီလိုရေး" သူတို့ စာတန်းကို နောက်တခု ထပ်ရေးသည်။ "ဤပန်းချီကားတွင် အမှားတွေ့လျှင် ပြင်ပေးခဲ့ပါ"

ညနေခင်းတွင် ပန်းချီဆရာနှင့် သူ့မိတ်ဆွေသည် ပန်းချီကား ထားခဲ့သည့် နေရာကို ရောက်လာကြသည်။ ပန်းချီကားသည် နံနက်က ထားခဲ့သည့် အတိုင်း ဖြစ်သည်။ မည်သည့် ပြုပြင်ထားမှု ကိုမျှ မတွေ့ကြရပေ။ ပန်းချီဆရာ၏ မိတ်ဆွေက ဆိုသည်။

"နားလည်ပြီလား။ အရူးတွေပဲ အမှားကို လိုက်ထောက်နေတယ် ဆိုတာ တွေ့ပြီလား။ ကိုယ်တိုင်ကတော့ ဖြစ်မြောက်အောင် တခုမှ မလုပ်နိုင် ကြဘူး။ သူများ မှားရင် သိပ်မြင်တတ်တဲ့ အရူးတွေက လောက ကြီးမှာ အရမ်း ပေါတာပဲ တွေ့ပြီလား။ အမှားကို ပြင်ပေးကြပါ ဆိုတော့ ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်တတ် ကြတော့ဘူးလေ"

ပန်းချီဆရာ မိတ်ဆွေက ဆက်ပြောသည်။ "လောကကြီးမှာ အလကား ဝေဖန် အကြံပြုချင် နေတဲ့ သူတွေ များသဗျ။ ကိုယ်ကတော့ တခုမှ ဖြစ်မြောက်အောင် မစွမ်းဆောင်နိုင်ဘဲနဲ့ သူများကို အပြစ်တင် ဝေဖန်ချင်နေ ကြတယ်။

သူများ ဖန်တီးထား သမျှကို လှောင်သလို ပြောင်သလို ဝေဖန်သလို ချိုးနှိမ်လိုစိတ် ရှိသူတွေက ဖန်တီးနိုင်စွမ်း ရှိသူတွေထက် ပိုများတယ်။ မှားရင် ပြင်ပေးပါ ဆိုရင်တော့ အဲဒီသူတွေ ပျောက်ကုန်ရော။ မှားတယ် ဆိုပြီး ထောက်မယ့် သူတွေသာ ပေါတာ၊ ပြင်ပေးလိုစိတ် ရှိသူတွေ ခေါင်းပါးတဲ့ လောက"

ပန်းချီဆရာ မိတ်ဆွေက ဆက်ဆိုသည်။ "ခင်ဗျား ပန်းချီကားမှာ အမှား မရှိပါဘူး။ အမှား ရှာနေတဲ့ သူတွေက လောကမှာ အများကြီးပဲ။ အဲဒါတွေကို အလေးထား နေရင် ခင်ဗျား ဘာမှ ရှေ့ဆက်ပြီး လုပ်လို့ရတော့မှာ မဟုတ်ဘူး" ထိုနေ့က စပြီး ပန်းချီဆရာသည် သူ့အလုပ် သူဆက်လုပ်သည်။

လူတိုင်း၏ ဝေဖန်မှုများကို အရေးထားကာ ဂရုစိုက်နေစရာ မလိုပါ။ ကိုယ့်ထက် တတ်သော၊ ကိုယ့်ထက် တော်သော၊ နယ်ပယ်တခုတွင် ကျွမ်းကျင် တတ်မြောက်သော ပညာရှင် တဦး၏ ဝေဖန် အကြံပြုချက် ကိုသာ နားထောင် လက်ခံလိုက်ပါ။ ပညာရှင်စကား နားထောင်ပါ။

ပြင်ညာရှင်တွေ စကား နားမယောင် ပါနှင့်။ ကိုယ့်ကိုယ်ကို ဘက်စုံတော်သည် ထင်ကာ ဟိုနေရာ လည်းပါ၊ သည်နေရာ လည်းပါ၊ နေရာတကာ လိုက်ဝေဖန်နေသော သူများမှာ သင်ဂရုစိုက်နေရမည့် သူများ မဟုတ်ပါ။

ကိုယ့်အလုပ်ကို ကောင်းစွာဖြစ်မြောက် အောင်မြင်လို ပါလျှင် ကိုယ်လုပ်ရမည့် အလုပ်ကို ကိုယ်လုပ်ပါ နားမယောင်ပါနှင့်။ ဘေးထိုင် ဘုပြော ဘာမသိ၊ ဘာမျှ အရေးစိုက်စရာ မရှိ။ တင်ညွန့် (Mistake in the painting ကို မြန်မာမှု ပြုပါသည်)

Post a Comment

0 Comments