ကျေးဇူးဆပ်သော နွားလိမ္မာ

ရှေးအခါတုန်းက ဗာရာဏသီပြည်တွင် ဘုရားလောင်းသည် နွားမျိုး၌ ဖြစ်ခဲ့၏။ ဘုရားလောင်း နွားငယ်၏ သခင်တို့သည် နွားငယ်လေးကို ငယ်စဉ်ကပင် အမေအို တယောက်ထံ အခကြေးငွေ ပေးပြီး အပ်ထားလေသည်။

အမေအိုသည် နွားငယ်ကို သားအရင်း ကဲ့သို့ ချစ်ခင်ပြီး ယာဂု (ဆန်ပြုတ်)၊ ထမင်း စသည်တို့ကို ကျွေး၍ ကောင်းမွန်စွာ မွေးမြူထား၏။ ထိုသို့ မွေးမြူထားသဖြင့် နွားငယ်လေး အရွယ်ရောက် လာသောအခါ အလွန်သန်မာထွား ကျိုင်း၏။ အကျင့်ကောင်းပြီး လိမ္မာသဖြင့် နွားလိမ္မာ ဟုလည်း ခေါ်ကြသည်။

ကလေးငယ်တို့က နွားလိမ္မာ၏ ချိုကို ဆွဲ၍ ကစားကြသကဲ့သို့ အမြီးကို ကိုင်၍လည်း ကစားကြ၏။ ကျောပေါ်သို့လည်း တက်စီးကြ၏။ နွားလိမ္မာလေးသည် ရန်မပြုဘဲ သည်းခံကာ ကလေးငယ်တို့နှင့် အတူ ကစား၏။

တနေ့သ၌ နွားလိမ္မာလေးက "ငါ့မိခင်သည် ဆင်းရဲ၏၊ ငါ့ကို ခက်ခက်ခဲခဲ ကျွေးမွေး ထားရ၏၊ ငါ့ကို သားအရင်း ကဲ့သို့လည်း ချစ်၏၊ သို့ဖြစ်၍ ငါ အလုပ် လုပ်ပြီး မိခင်ကို ကျေးဇူး ပြန်ဆပ်ရမည်" ဟု စဉ်းစားမိ ၏။ ထိုနေ့မှ စ၍ အမေအိုကို ကျေးဇူးဆပ်နိုင်မည့် အခွင့်အလမ်းကို စောင့်မျှော် နေလေ၏။

တနေ့သ၌ လှည်းကုန်သည် တဦးသည် လှည်းငါးရာဖြင့် ကုန်သွယ်လာရင်း ဗွက်ထနေသော ရေဆိပ်တခုသို့ ရောက်လာလေ၏။ ကုန်သည်၏ နွားတို့သည် ထိုဗွက်ထ နေသော ရေဆိပ်မှ လှည်းများ ကို ဆွဲမတင်နိုင် ကြပေ။ ထိုအခါ ကုန်သည်သည် လှည်းများကို ဆွဲတင်ရန် နွားရှာ ထွက်လာခဲ့၏။

ကုန်သည်သည် နွားလက္ခဏာ ကျမ်းကို ကျွမ်းကျင်သူ ဖြစ်သောကြောင့် နွားလိမ္မာကို မြင်သောအခါ သူ၏ လှည်းများကို ဆွဲနိုင်လိမ့်မည်ဟု သိလိုက်၏။ ထို့နောက် ကုန်သည်သည် "ဤနွားကို မည်သူ ပိုင်သနည်း၊ ငါ၏ လှည်းများကို ဆွဲခိုင်းချင်ပါသည်" ဟု နွားကျောင်းသား တို့ကို မေးမြန်း စုံစမ်းလေသည်။

"ဤနွား၏ ပိုင်ရှင်သည် ဤနေရာ၌ မရှိပါ၊ ယူပြီး ခိုင်းနိုင်ပါသည်" ဟု နွားကျောင်းသားတို့က ပြန်ပြောသဖြင့် ကုန်သည်သည် နွားလိမ္မာအား နဖားကြိုးထိုးကာ ဆွဲခေါ်လေသည်။ နွားလိမ္မာက

"ဤလှည်းကုန်သည်သည် ငါ့ကို ငွေမည်မျှ ပေးမည်ဟု မပြောသေး၊ ငွေပေးမှ ငါလိုက်မည်" ဟု ကြံစည်ပြီး မလှုပ်ဘဲ နေလိုက်သည်။

ကုန်သည်လည်း နွား၏ အလိုကို သိသောအခါ "သင်သည် လှည်းတို့ကို ဆွဲပေးလျှင် လှည်းတစီးကို နှစ်ကျပ်နှုန်းဖြင့် လှည်းငါးရာအတွက် ငွေတထောင် ပေးပါမည်" ဟု ပြောမှသာ နွားလိမ္မာသည် လှည်းများဆီသို့ လိုက်သွားပြီးလျှင် လှည်းတို့ကို တစီးမကျန် ဆွဲတင်ပေးလေ၏။

လှည်းများ အားလုံး ဆွဲတင် ပြီးသွားသောအခါ ကုန်သည်က ငွေငါးရာ ကိုသာ ထုပ်ပြီး နားလိမ္မာ၏ လည်၌ ချည်ထားပေး လိုက်သည်။ ထိုအခါ နွားလိမ္မာက

"ဤသူသည် ငါ့ကို ပြောထားသည့် အတိုင်း အဖိုးအခ ပြည့်အောင် မပေးသေးဘူး။ ထို့ကြောင့် သူ့ကိုလည်း ငါ သွားခွင့် မပြုနိုင်သေးဘူး" ဟု ကြံကာ လှည်းအုပ်ကြီး၏ ရှေ့၌ ရပ်နေ၏။

ကုန်သည်က ဆွဲဖယ်သော်လည်း နွားလိမ္မာက ဖယ်မပေးချေ။ ကုန်သည်လည်း "ဤနွားသည် ငွေမပြည့် သည်ကို သိနေ၏" ဟု သဘောပေါက်ပြီး ငွေတထောင် ပြည့်အောင် ပြန်ဖြည့် ပေးလိုက်၏။

ထိုအခါမှ နွားလိမ္မာသည် ငွေတထောင် ထုပ်ကို ယူဆောင်ပြီး အမေအို ထံသို့ ပြန်လာခဲ့၏။ နွားကျောင်း သားတို့လည်း နွားလိမ္မာလေး၏အိမ်သို့ လိုက်လာကြသည်။

လမ်း၌ ကလေးငယ်များက "အဘယ် အထုပ်ကို ဆွဲထားသနည်း" ဟု မေးကာ အနားသို့ ကပ်လာကြလျှင် နွားလိမ္မာလေးက အကပ်မခံဘဲ ခြောက်လှန့်ထုတ်၏ ။ နွားလိမ္မာလေးသည် လှည်းငါးရာကို ဆွဲခဲ့ရ သောကြောင့် အလွန်ပင်ပန်းပြီး မျက်စိများလည်း နီနေသည်။ အမေအိုသည် ငွေထုပ်ကို မြင်သောအခါ "ဤငွေကို မည်သည့်နေရာက ရလာသနည်း" ဟု မေးလေ၏။

ထိုအခါ နွားကျောင်းသားတို့က အဖြစ်အပျက် အလုံးစုံကို ပြောပြကြ၏။ အမေအိုက "သားငယ် သင်သည် ငွေရှာ၍ အမေ့ကို ပြုစု လုပ်ကျွေး လိုသလော။ အဘယ့်ကြောင့် ဤမျှလောက် ကျေးဇူးသိတတ်၍ ပင်ပန်း ဆင်းရဲခံဘိသနည်း" ဟု ပြော၍ နွားလိမ္မာလေးကို ရေနွေးဖြင့် ရေချိုးပေးကာ အစားကောင်းများ ကျွေးမွေး၏။

အမေအိုသည် နွားလိမ္မာလေး စားသောက်နေသည်ကို ကြည့်ပြီး ပီတိ ဖြစ်နေလေ၏။ ဤသို့လျှင် အမေအိုနှင့် နွားလိမ္မာလေးတို့သည် အသက်ထက်ဆုံး အတူတကွ ပျော်ရွှင်စွာ နေထိုင် သွားခဲ့ကြလေသည်။ Pink Library ဓမ္မစကူးလ်ဖောင်ဒေးရှင်း ဗုဒ္ဓဘာသာ သင်ခန်းစာ စာအုပ်မှ ကူးယူရေးသားပါသည်။

Post a Comment

0 Comments