ချူဆွဲထားသောခွေး

တခါတုန်းက တောရွာလေး ရွာတရွာမှာ လူတွေကို မြင်လိုက်တာနဲ့ လိုက်ကိုက် တတ်တဲ့ ခွေးဆိုး တကောင် ရှိပါတယ်။

လူတွေကို ကိုက်တာ များလာတော့ အဲဒီ ခွေးဆိုး လာရင် လူတွေ သိအောင် ဆိုပြီး ခွေးပိုင်ရှင်က ခွေးဆိုးရဲ့ လည်းပင်းမှာ ချူကြီး တလုံး ဆွဲထားပေး လိုက်ပါတယ်။

အဲဒီတော့မှ လမ်းသွား လမ်းလာ တွေဟာ ချူသံကို ကြာလိုက်တာနဲ့ ခွေးဆိုးကြီး လာနေပြီ ဆိုတာ သိပြီး သတိထားကာ သွားလာ ကြတဲ့အတွက် ခွေးအကိုက် မခံကြရတော့ ပါဘူး။

ခွေးဆိုးကြီး ကတော့ သူ့လည်ပင်းက ချူသံကို နားထောင်ပြီး အင်မတန် သဘောကျ နေပါတယ်။ တခြားခွေးတွေ ရှေ့မှာ ခြူသံလေး တချွင်ချွင်နဲ့ ဟန်ရေးပြပြီး မြောက်ကြွ မြောက်ကြွ လုပ်ပြကာ သူ့ကိုယ်သူ သိပ်ကို ဂုဏ်ယူ နေပါတယ်။

အဲဒါကို မြင်တော့ ခွေးဆိုးရဲ့ အဖေဖြစ်သူ ခွေးအိုကြီးက မြောက်ကြွ မြောက်ကြွ လုပ်နေတဲ့ သူ့ရဲ့ သားကို "ငါ့သား မင်းရဲ့လည်ပင်းမှာ ချူဆွဲပေးတာ ခံရလို့ မင်းကသာ ဂုဏ်ယူ နေတာပါ။

အမှန်တကယ်တော့ အဲဒီချူက မင်းရဲ့ ဆိုးမိုက်ခြင်း သင်္ကေတ ဖြစ်လို့ ဘာမှ ဂုဏ်ယူစရာ မရှိပါဘူး။ မင်းလည်ပင်းက ထွက်ပေါ်လာတဲ့ ချူသံက မင်းကို အားလုံးနဲ့ ဝေးရာကို ပို့ဆောင် ပေးလိမ့်မယ်။

အဲဒါကြောင့် အားလုံးနဲ့ မဝေးချင်ရင် ငြိမ်ငြိမ်ကလေး နေပြီး လိမ္မာစမ်းပါ" လို့ ပြောဆိုကာ ဆုံးမလိုက် ပါသတဲ့။

ပုံပြင်လေးက ဒီလောက်ပါပဲ။ ဒီပုံပြင်လေးကို ဖတ်လိုက်ရတော့ ကျွန်တော်တို့ တတွေ ဟာလည်း လည်ပင်းမှာ ချူဆွဲပြီး တယောက်ကို တယောက် ချူသံပေးကာ အမိုက် ပြိုင်နေကြ တာတွေ၊ မာန ပြိုင်နေကြ တာတွေ၊ အမုန်း ပြိုင်နေကြ တာတွေ၊ အတင်အဖျင်း ပြိုင်နေကြ တာတွေ၊

မနာလို ဝန်တို ပြိုင်နေကြတာတွေ စသည်ဖြင့် ဂုဏ်မဟုတ်တာကို ဂုဏ်ထင်ပြီး တခြားသူတွေ ရှေ့မှာ ခြူသံလေး တချွင်ချွင်နဲ့ မြောက်ကြွ မြောက်ကြွ လုပ်ကာ ကိုယ့်ကိုယ်ကို ဂုဏ်ယူနေ ကြတာကို သတိထားမိ လာပါတယ်။ 

ဒါတွေဟာ ကျွန်တော်တို့ရဲ့ မကောင်းတဲ့ အကျင့်ဆိုးတွေ ကနေ ထင်ဟပ်လာတဲ့ ဆိုးမိုက်ခြင်း သင်္ကေတ တွေပဲ ဖြစ်ပါတယ်။

အဲဒီ မကောင်းတဲ့ အကျင့်ဆိုး တွေကို ချူတလုံးလို လည်ပင်းမှာ ဆွဲထားမိမယ် ဆိုရင် ကျွန်တော်တို့ အနားမှာ ရှိနေသူတွေကို တဖြေးဖြေးနဲ့ ကျွန်တော်တို့နဲ့ ဝေးရာကို ရောက်သွားအောင် နှင်ထုတ်သလို ဖြစ်နေပါလိမ့်မယ် လို့ ပြောပါရစေ။ Crd and pink

Post a Comment

0 Comments