ပညာရှိအမတ်ကြီး၏ မြင်းဝယ်နည်း

တခါတုန်းက စစ်ဘုရင်ကြီး တပါး ရှိပါတယ်။ သူဟာ မြင်းကောင်းတွေကို ဝယ်ယူချင်တယ်။ မြင်းကောင်းတွေ ကိုလည်း ရွှေတွေဘယ်လောက် ပေးရပေးရ ဝယ်မယ့်သူပေါ့။ ခက်တာက မြင်းကောင်းတွေကို ရှာလို့ မတွေ့တာပဲ။

သူတို့ တိုင်းပြည်မှာလည်း မြင်းကောင်း တွေဟာ အလွန် ရှားပါးတယ်။ ပြီးတော့ မြင်းကောင်း တွေ့ရင်လဲ စစ်ဘုရင်တွေ အားလုံးက လိုချင်တဲ့ အတွက် ဝိုင်းလုဝယ် ကြတယ်။

မြင်းပိုင်ရှင်တွေ ကလည်း မြင်းကောင်း တွေ့ရင် ဖုံးကွယ်ထား ကြပြီးတော့ သူတို့ ကြိုက်တဲ့ ဘုရင် ကိုသာ ရောင်းတတ်ကြတယ်။

ဘုရင်ကြီးဟာ သူလျှိုတွေ လွှတ်ပြီးတော့ မြင်းကောင်းရဖို့ စုံစမ်းစေတယ်။ ဒါပေမယ့် လတွေသာ ကြာသွားတယ်။ သူ့လူတွေဟာ မြင်းကောင်းကို မရကြဘူး။ နောက်ဆုံး ဘုရင်ကြီးက စိတ်ပျက်နေတယ်။

အဲဒီအချိန်မှာပဲ ပညာရှိ အမတ်ကြီးက သူ မြင်းလိုက်ဝယ်မယ့် အကြောင်းကို ပြောတယ်။ ဘုရင်ကြီးဆီက ရွှေပြား ၁၀၀၀ တောင်းသွားတယ်။

အမတ်ကြီး ထွက်သွားပြီး ၃ လ လောက် ကြာတဲ့အခါမှာ ပြန်ရောက် လာတယ်။ ဘုရင်ကြီးလည်း အရမ်းဝမ်းသာပြီး အမတ်ကြီး အိမ်ကို သွားတယ်။

"ဘယ်လိုလဲ အမတ်ကြီး မြင်းကောင်းရခဲ့လား" လို့ မေးတယ်။ "ရခဲ့ပါတယ် အရှင်။ အဲဒီ မြင်းဟာ ဒဏ္ဍာရီထဲက မြင်းဖြစ်ပြီးတော့ မိုင်တထောင် အကွာအဝေးကို တနေ့တည်းနဲ့ ပြေးနိုင်ပါတယ်" လို့ အမတ်ကြီးက ပြန်လျှောက်တယ်။

ဘုရင်ကြီးလည်း မြင်းကို လိုက်ကြည့်တယ်။ ဒါပေမယ့် တွေ့လိုက်ရတာက မြင်း မဟုတ်။ မြင်းအရိုးခေါင်း တခုသာ ဖြစ်တယ်။ ဘုရင်ကြီးဟာ စိတ်ဆိုးဆိုးနဲ့ အမတ်ကြီးကို ထောင်ချ လိုက်တယ်။

သိပ်မကြာခင်မှာ နန်းမြို့ကို မြင်းကုန်သည်တွေ ရောက်လာကြတယ်။ မြင်းကုန်သည်တွေက "ဒီမြို့က ဘုရင်ကြီးဟာ မြင်းကောင်းရဲ့ အရိုးကိုတောင် ရွှေအပြား ၁၀၀၀ ပေးပြီး ဝယ်တယ်။ တကယ့် အသက်ရှင်လျက် မြင်းကောင်းဆိုရင် ပိုပေးမှာ သေချာတယ်" လို့ ပြောဆိုကြ သတဲ့။

ဒီလိုနဲ့ ဘုရင်ကြီးဟာ မြင်းကောင်း အစီးနှစ်ဆယ်ကို ဝယ်ယူရရှိ နိုင်လိုက်တာကြောင့် ကျေနပ်သွား ခဲ့ပါတယ်။ အမတ်ကြီးကိုလည်း ထောင်ကနေ ထုတ်ပြီးတော့ ဆုလာဒ်များ ပေးသနားလိုက် ပါသတဲ့။ မောင်စိုင်း

Post a Comment

0 Comments