ကျွဲအုပ်လို ကျင့်ပါ

ကျွန်တော်ဟာ အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ် အလယ်ပိုင်းက ဘူလ်ဒါရွာလေးမှာ ကြီးပြင်းခဲ့ ပါတယ်။ ကော်လိုရာဒိုနယ်မြေဟာ လှပတဲ့ ကျောက်တောင်ကြီးတွေ ရှိတာကြောင့် ရှု့ခင်း လှပလို့ နာမည် ကျော်ကြား ပါတယ်။

ကျောက်တောင်တွေ ကြားမှာ စိမ်းလန်းပြီး ကျယ်ပြန့်တဲ့ မြက်ခင်း လွင်ပြင်ကြီးတွေ ရှိတယ်။ နွားစားကျက် လုပ်လို့အတွက် နေရောကောင်းလို့ အဲဒီမှာ ကျွဲတွေရော၊ နွားတွေရော တွေ့ရပါတယ်။ ကမ္ဘာပေါ်မှာ ကျွဲအုပ်နဲ့ နွားအုပ်ကို အတူတူ တွေ့ရတာ ဒီတနေရာထဲ ရှိပါတယ်။

အဲဒါကြောင့် ကျွန်တော်ဟာ ကျွဲတွေနဲ့ နွားတွေရဲ့ သဘာဝကို သေသေချာချာ လေ့လာခွင့် ရခဲ့တယ်။ အဲဒီအထဲက လေပြင်းမုန်တိုင်း တိုက်ရင် သူတို့ရဲ့ တုံ့ပြန်ပုံ မတူကြ တာပါ။

အနောက်ဖက် ကနေ မုန်တိုင်းလာပြီ ဆိုတာနဲ့ နွားအုပ်ကြီးဟာ အရှေ့ဖက်ကို ပြေးကြတယ်။ နွားဆိုတာက အပြေးသန် ကြတာမှာ မဟုတ်ဘူး။ ဒါကြောင့် မုန်တိုင်းဟာ ခဏနဲ့ သူတို့ကို မှီလာတယ်။

မုန်တိုင်းရဲ့ လေပြင်းဟာ နွားတွေကို ကစင့်ကရဲ လွင့်စင်သွား စေတယ်။ ဒါကြောင့် တချို့ နွားတွေဟာ ကျိုးပဲ့ ဒဏ်ရာ ရကုန်ကြတယ်။

ကျွဲတွေ ကျတော့ အဲဒီလို မဟုတ်ဘူး။ အနောက်ဖက်က လာနေတဲ့ မုန်တိုင်းကို အားလုံးဟာ ရပ်ပြီး စောင့်နေ ကြတယ်။ မုန်တိုင်းအနားကို ရောက်ပြီ ဆိုမှ မုန်တိုင်း တည့်တည့်ဆီကို အတင်းပြေး ကြတယ်။

ဒါကြောင့် သူတို့ဟာ မုန်တိုင်းအောက်မှာ ကြာကြာ မမိလိုက်ဘဲ ခဏနဲ့ မုန်တိုင်းအောက်က လွတ်သွား ကြတယ်။ အဲဒီ ခဏလေးကို ကြိတ်မှိတ် နေလိုက်တော့ ခဏပဲ ဝေဒနာ ခံစားရတယ်။

ကျွန်တော်တို့ဟာ ပြဿနာ တခုခုနဲ့ ကြုံလာရင် အဲဒီ ကိစ္စကိုပဲ တွေးနေတယ်။ စိတ်ပူတယ်။ သောက ရောက်တယ်။ ကံကောင်းရင် ပြဿနာ အလိုလို ပျောက်ကွယ်သွားမယ် လို့ ထင်နေတယ်။ မပျောက်လို့ ကြာလာတော့ စိတ်ဆင်းရဲ ဝေဒနာ ခံစားနေရတယ်။

အဲဒါ ကော်လိုရာဒိုက နွားတွေလို ပါပဲ။ မုန်တိုင်းနဲ့ ဝေးရာဆီကို ပြေးလို့ မုန်တိုင်းအောက်မှာ ကြာကြာ မိနေတယ်။ ပြဿနာကို မဖြေရှင်းချင်လို့ အချိန်ဆွဲ နေမယ်။ ပြဿနာနဲ့ ဝေးရာကို ထွက်ပြေးပြီး နေမယ် ဆိုရင် ပြဿနာက နောက်ကနေ လိုက်လာမှာပါ။ ပြဿနာက ဒုက္ခပေး နေမှာပါ။

ပြဿနာ ဆိုတာ ဖြစ်လာရင် အောင်းထားလို့ မကောင်းပါဘူး။ ပြဿနာ ဆိုတာ သူ့ အလိုလို ပျောက်သွားတာမျိုး မဟုတ်ပါဘူး။ ပျောက်သွားတယ် ဆိုရင် အဲဒါ ပြဿနာ မဟုတ်ဘူး။

ဒါကြောင့် ကျွဲတွေ မုန်တိုင်းကို တည့်တည့် ဝင်တိုးလို့ မုန်တိုင်းနဲ့ ခဏပဲ မိပြီး ဝေဒနာ မခံစားရသလို ပြဿနာကို မရှောင်ပဲ မြန်မြန်ထက်ထက် ဖြေရှင်းလိုက်ရင် စိတ်ညစ်၊ စိတ်ဆင်းရဲ သောက ဝေဒနာကို ကြာကြာ ခံစားရမှာ မဟုတ်ပါဘူး။ bamawtheinphe

Post a Comment

0 Comments