အကောင်းဆုံးအတွေး

သစ်တုံး တတုံးကို တွေ့မြင်ရတာချင်း အတူတူ ပေမယ့် တွေးခေါ်ပုံချင်းက မတူကြပါဘူး။

ထင်းခွေ သမားက "အိမ်အတွက် တပတ်စာလောက် ထင်းတွေ လုံလုံ လောက်လောက် ရပြီ" လို့ တွေးတယ်။

လက်သမားက "အိမ်ဆောက်ဖို့ အတွက် သစ်ကောင်းကောင်းတော့ တွေ့ပြီ" လို့ တွေးတယ်။ ပန်းပုဆရာက "လှပတဲ့ နတ်သမီးပုံကို ထုဆစ်နိုင် တော့မယ်" လို့ တွေးတယ်။

သူတို့တွေ ဘယ်လိုပဲ မြင်မြင် သစ်တုံး ကတော့ ဘာမှ ပြန်မပြောပါဘူး။ အသုံးပြုသူရဲ့ လက်ထဲကို အသာတကြည် လိုက်သွားမှာပါပဲ။

အထက်ပါ လူ (၃) ဦးလို ပါပဲ။ မိမိတို့ရဲ့ ဘဝမှာ တွေ့ကြုံ ရင်ဆိုင်နေရတဲ့ အရာ မှန်သမျှဟာ ကောင်းသည်လည်း မဟုတ်သလို ဆိုးသည်လည်း မဟုတ်ပါဘူး။

ကောင်းလား၊ ဆိုးလား ဆိုတာ မိမိရဲ့ စိတ်နေသဘောထား (attitude) အပေါ်သာ မူတည်ပါတယ်။

ဆိုပါတော့ ပြဿနာတွေ အခက်အခဲတွေ အမှုအခင်းတွေနဲ့ ရင်ဆိုင် ဖြေရှင်းရတဲ့ အချိန်မှာ "ငါ့ဘဝက ဆိုးလိုက်တာ" ဆိုပြီး စိတ်ဓါတ် ကျနေမလား။ ဒါမှမဟုတ် "လောကမှာ ငါ့ထက် ဆိုးတာတွေ အများကြီးပဲ" ဆိုပြီး ဖြေသိမ့်မလား။

ဘဝမှာ ကံအကြောင်း မလှလို့ လဲကျ သွားတဲ့အခါ "ငါ တော့ ဘဝပျက်ပါပြီ" လို့ တွေးနေမယ့် အစား ကိုယ့်ထက်ဆိုးတဲ့ ဘဝတွေကို ငဲ့ကြည့်ပြီး မိမိကိုယ်ကို နှစ်သိမ့်ရမှာပါ။

ပျော်ရွှင်ချင်လည်း ကိုယ့်စိတ်ပဲ၊ မပျော်ရွှင်ချင်လည်း ကိုယ့်စိတ်ပဲ မဟုတ်လား။ ကိုယ်ကြုံတွေ့ရတဲ့ အခြေအနေ၊ အနေအထား ပေါ်မှာ ကိုယ်ဘယ်လို တွေးမိလိုက်သလဲ ဆိုတဲ့ အချက်က လူလူချင်း ကွာခြားသွား စေတာပဲလေ။

အဓိက ပြောချင်တဲ့ အချက်ကတော့ Attitude ကိုပါ။ လူလူချင်း တူရင်တောင် "အတွေ့အကြုံရှိသူ" က သာတယ်။ အတွေ့အကြုံချင်း တူရင်တောင် "အရည်အချင်းရှိသူ" က သာတယ်။

အရည်အချင်းချင်း တူရင်တောင် "စိတ်နေသဘောထား ကောင်းသူ" က ပိုသာပါတယ်။ မိတ်ဆွေ အကောင်းဆုံး အတွေးတွေပဲ တွေးပါ။ Aung Ko Latt (ရာမညမြေ)

Post a Comment

0 Comments