အကောင်းဆုံး လက်စားချေခြင်း

တယောက် တနေရာဆီ ကွဲနေကြပြီး အရမ်းချစ်ကြတဲ့ ချစ်သူ နှစ်ယောက် ရှိတယ်။ သူတို့ နှစ်ယောက်ဟာ တဦးကို တဦး အရမ်း ချစ်ကြတယ်လေ။ နှစ်နာရီ တခါ ဖုန်းနဲ့ ဖြစ်စေ၊ message နဲ့ ဖြစ်စေ၊ အွန်လိုင်းပေါ်က ဖြစ်စေ အဆက်အသွယ်တော့ အမြဲ ရှိနေခဲ့ ကြပါတယ်။ တဦးကို တဦးလည်း နားလည်ပေးခြင်း များစွာနဲ့ပေါ့။

ဒါပေမယ့် တနေ့မှာတော့ သူတို့ ချစ်သူ နှစ်ဦးရဲ့ ကြားထဲကို မမျှော်လင့်ပဲ မုန်တိုင်းတခု ဝင်လာပါ တော့တယ်။ အဲဒီ မုန်တိုင်းကို ဖန်တီးလိုက်သူ ကတော့ ကောင်မလေး ပါပဲ။ သူမက အွန်လိုင်းပေါ်မှာ လာကျူတဲ့ ကောင်လေး တယောက်ကို စချင်နောက်ချင်တဲ့ စိတ်နဲ့ ပြန်ကျူလိုက်မိ ရာကနေ ဇာတ်လမ်းကလေး ဖြစ်သွားတာပါ။

ကောင်မလေးဟာ တဖြည်းဖြည်း ဒုတိယရည်းစား ကောင်လေး အပေါ်မှာ စိတ်ဝင်စားမှု ပိုပို လာခဲ့ပါတယ်။ သူမရဲ့ ငယ်ရွယ်မှုနဲ့ မရင့်ကြတ်သေးတဲ့ စိတ်ကလည်း ဒါကို အားပေးနေ ခဲ့တာပါ။ ဒီလိုနဲ့ ကောင်မလေးဟာ ကောင်လေး အပေါ်မှာ ဆက်ဆံမှုတွေက တဖြေးဖြေး သွေးအေးလာ ခဲ့ပါတော့တယ်။

ကောင်လေးကလည်း ချက်ချင်း ဆိုသလို ရိပ်မိတာပါပဲ။ ဒါပေမယ့် သူနားလည်ပေးလိုက်ပါတယ်။ သူမ ပျော်နေတာကို ကြည့်ရင်း သူလည်း ပျော်ရွှင်နေခဲ့ မိပါတယ်။ (ရင်ထဲမှာတော့ ငိုကြွေးနေမှာပေါ့လေ)

ဒီလိုနဲ့ တနေ့မှာတော့ ကောင်မလေးက အွန်လိုင်းပေါ်မှာရော message box မှာရော ပျောက်နေခဲ့ပါတော့တယ်။ ဖုန်းဆက်တော့လည်း ပိတ်ထားတယ်တဲ့။ ကောင်လေး အရမ်း စိတ်ပူနေပြီ။

အဝေး ရောက်နေတဲ့ ချစ်သူနဲ့ တနေကုန် အဆက်အသွယ် မရတာ ဒါ ပထမဆုံး အကြိမ်။ သူစဉ်းစားမိတာလေး တခု ရှိတာနဲ့ ကောင်မလေး အကောင့်ကို ဟတ်ကာ တယောက် အကူအညီနဲ့ password ရအောင် ယူထား လိုက်တယ်။

ညရောက်တော့ ကောင်မလေး အွန်လိုင်းပေါ် တက်လာခဲ့ ပါတယ်။ သူမ အဖွား ဆေးရုံ တက်ရလို့ သူမ ဖုန်းပိတ်ပြီး ဆေးရုံစောင့်ရကြောင်း ပြောပြ တောင်းပန်ပါတယ်။ ကောင်လေးလည်း ဘာမှ မဖြစ်သလို ဟန်ဆောင်နေ ပေးလိုက်ပြီး သူမ ချက်ဘောက်ထဲ ဝင်စစ်ကြည့် တော့တယ်။ အဲဒီမှာ ကောင်မလေးက သူနဲ့ ပြောနေရင်းက လင်းမြတ်ဆိုတဲ့ တခြား ကောင်လေးနဲ့လည်း ပြောနေတာကို တွေ့ရပါတယ်။

အရင် ပြောနေတာတွေ ပြန်စစ်လိုက်တော့ ဒီနေ့ သူတို့ ချိန်းထားတာကို တွေ့ပါလေရော။ ကောင်လေးလည်း ဘာမှ မပြောသေးပဲ ဆက်ဟန်ဆောင် နေလိုက်တယ်။ အဲဒီမှာ ကောင်မလေးနဲ့ လင်းမြတ်နဲ့ ဆက်ပြောနေတာတွေ တွေ့ရတော့ ကောင်လေး ခေါင်းတွေ အကြီးကြီး ဖြစ်သွားရ ပါတော့တယ်။ သူတို့ ဒီနေ့ ချိန်းတွေ့ရင်း ဘာတွေ ဖြစ်ခဲ့တယ် ဆိုတာ ကောင်လေး သိလိုက်ရတာကိုး။

ကောင်လေး ဆက်ဖတ်နိုင်တဲ့ အင်အား မရှိတော့သလို မတ်တပ်ရပ် နိုင်စွမ်းတောင် မရှိတော့ဘူး။ မျက်ရည်များနဲ့ ဝေဝါးနေတဲ့ မျက်လုံးတွေကို စွတ်ပိတ်ထားလိုက် ရပါတော့တယ်။ သူ့ ဘဝအတွက် အဲဒီအခိုက် အတန့်ဟာ ကမ္ဘာ ပျက်သွားသလို အရာအားလုံးလည်း ပျောက်ဆုံးသွား ခဲ့တာပါ။ ကောင်လေးဟာ အားတင်းပြီး သူငယ်ချင်း ဟက်ကာကို အကူအညီ လှမ်းတောင်းလိုက် ပါတယ်။ လင်းမြတ်ရဲ့ အကောင့် password ကို ယူပေးဖို့ပါ။

သူငယ်ချင်းအကူ အညီနဲ့ password ရတာနဲ့ ကောင်လေးက လင်းမြတ်ရဲ့ အကောင့်ထဲကို ဝင်ကြည့်လိုက်တယ်။ ဘုရား ဘုရား။ ကောင်လေး တကယ် ဘုရားတသွား ရတော့တယ်။ လင်းမြတ်က လူပွေ လူရှုပ် တယောက်ဆိုတာ သူ သိလိုက်ရလို့ ပါပဲ။

သူ အမျိုးမျိုး စဉ်းစားရ ပါတော့တယ်။ သူမကို စွန့်လွှတ်နိုင်သလား။ မေးလိုက်တာနဲ့ သူ့ နှလုံးသားရ နာကျင်စွာ ခေါင်းယမ်း ပြပါတယ်။ သူ့ဆုံးဖြတ်ချက် တခုကို ပိုင်ပိုင်နိုင်နိုင် ချလိုက်ပြီး ကောင်မလေး ရှိတဲ့ မြို့ကို ထွက်ခွာခဲ့ ပါတော့တယ်။

ကောင်လေးက လင်းမြတ်အကောင့်နဲ့ ကောင်မလေးကို ဆက်သွယ် လိုက်ပြီး ဟိုတယ် တခုရဲ့ အခန်းနံပါတ် တခုမှာ ချိန်းဆို လိုက်တယ်။ ကောင်မလေးက လာမယ် ပြောပြီး out သွားချိန်မှာပဲ သူပို့ထားတဲ့ ခြေရာလက်ရာတွေ ဖျက်ပြီး ကောင်မလေး အကောင့်ထဲဝင် ကောင်မလေး ဟန်နဲ့ လင်းမြတ် ကိုလည်း အဲဒီနေရာ အဲဒီ အခန်းကိုပဲ ချိန်းဆိုလိုက် ပါတယ်။

ချိန်းဆိုထားတဲ့ အချိန် ရောက်တော့ ကောင်လေးက အခန်းထဲမှာပဲ ပုန်းအောင်းနေ ခဲ့တယ်။ လင်းမြတ်က အရင် ရောက်လာခဲ့ပြီး ငါးမိနစ်လောက် အကြာမှာ ကောင်မလေး ရောက်လာခဲ့တယ်။ သူတို့ ချစ်တင်း နှောနေချိန်မှာပဲ ကောင်လေးက ပုန်းနေရာက ထွက်လာလိုက် ပါတော့တယ်။ သူ့လက်ထဲ မှာတော့ စာချုပ် တစောင်ရယ် ဖုန်းတလုံးရယ် ကိုင်လို့။ လင်းမြတ်နဲ့ ကောင်မလေး အံ့အားသင့် နေချိန် မှာပဲ ကောင်လေးက ပြောလိုက်ပါတယ်။

"ဒီမှာလင်းမြတ် သူမက ငါ့ချစ်သူ ဆိုပေမယ့် မင်းနဲ့ လွန်ကျူးသွားပြီ ဖြစ်တဲ့အတွက် မင်းလက်ထပ်ပါ။ ငါ သူ့မိဘတွေနဲ့ လူကြီးတွေကို ဖုန်းဆက်ထား ပြီးပြီ မင်းတို့ တရားရုံးမှာ တခါတည်း စာချုပ် ချုပ်သွားပါ" လို့ ပြောလိုက်တယ်။

အဲဒီမှာ လင်းမြတ်က ငြင်းပါတော့တယ်။ သူလက်မထပ်နိုင်ဘူး ဘာညာပေါ့။ ဒါပေမယ့် ကောင်လေးက အမှန်တကယ် ဖုန်းဆက်ပြီး အကြောင်းကြားထားတာမို့ ခဏအတွင်းမှာပဲ အခန်းတံခါး ခေါက်သံတွေ နဲ့အတူ ကောင်မလေး မိဘများနဲ့ ရက်ကွက် လူကြီးတွေ ရောက်လာခဲ့ ပါတော့တယ်။

လင်းမြတ်လည်း ငြင်းလို့မရတော့ပဲ ကောင်မလေးကို လက်ထပ်လိုက်ရ ပါတော့တယ်။ ကောင်မလေးကတော့ ရှက်တာရော ကြောက်တာရောကြောင့် ဘာတခုမှ မပြောတော့ပဲ ခေါင်းသာ ငုံ့နေတော့တယ်။ ကောင်လေးက ကောင်မလေးကို ကြည့်ပြီး မျက်ရည်တွေ ကြားက စကား တခွန်း ပြောလိုက် ပါတော့တယ်။ "သစ္စာ မရှိတဲ့ နင့်ကို သစ္စာမဲ့သူ လက်ထဲ ထည့်ပေးလိုက်တာ ငါ့ရဲ့ အကြီးဆုံး လက်စားချေခြင်းပဲ" တဲ့။

ဒီအဖြစ်အပျက်လေး လိုပဲ တခါတခါ ကိုယ်က ချစ်သလောက် ကိုယ့်အပေါ် မကောင်းတဲ့ သူတယောက်ကို ဘယ်လောက် ချစ်ချစ် လက်စား မချေတောင် အနည်းဆုံးတော့ စွန့်လွှတ်ဖို့ သတ္တိ ရှိရမယ်။ နာကျင်ပေမဲ့လည်း ကိုယ့်နှလုံးသားကို အားပေးရမယ်။ သူကတောင် ကိုယ့်အတွက် ထည့်မတွက်ပဲ လုပ်ရက်ခဲ့သေးတာပဲ။

ဒါ့ကြောင့် "သစ္စာမရှိတဲ့ သူ့ကို သစ္စာမဲ့တဲ့သူ လက်ထဲ ထည့်ပေးလိုက်တာ" သူကိုယ့်အပေါ် လုပ်ရက်ခဲ့တာ တွေထက် စာရင် တရားပါသေးတယ်။ စာရေးသူကို မသိပါ။ အရမ်းကောင်းလို့ ပြန်လည်မျှဝေ ပါသည်။ Crd

Post a Comment

0 Comments