ဘဝထဲကခွေးနက်

အဘွားအို တယောက်သည် အိမ်လေး တလုံးတွင် တယောက်တည်း နေရ ရှာသည်။ သူ့တွင် ခွေးအနက် တကောင် ရှိသည်။ အဘွားအိုသည် လှုပ်ကုလားထိုင် လေးတွင် ထိုင်ကာ ဇာပန်းထိုးလေ့ ရှိသည်။ သူ့ဘေးတွင် သိုးမွှေးချည်လုံးရောင်စုံ ခြင်းတလုံးကို အမြဲ တွေ့ရသည်။

အဘွားအိုသည် ဖြူ၊ နီ၊ ဝါ၊ ပြာ ရောင်စုံ ချည်များဖြင့် ခြုံထည်ကြီး တထည်ကို ထိုးနေသည်။ ခြုံထည်ကြီး ပေါ်တွင် ပန်းလေးတွေ၊ ငှက်လေးတွေလည်း ပါသည်။ အလွန် လှပသည့် ခြုံထည်ကြီး တခု ဖြစ်သည်။

အဘွားအိုသည် မိုးလင်းသည်နှင့် လှုပ်ကုလားထိုင် လေးပေါ် ရောက်နေပြီ။ သူ့ဘေးတွင် ချထားသည့် ချည်လုံး တွေကို ရွေးလိုက် ဇာပန်ထိုးလိုက်နှင့် ကြည်နူးနေသည်ကို ဘေးမှ ခွေးနက်ကလည်း စောင့်ကြည့်နေသည်။

အဘွားအို နှစ်နှင့်ချီပြီး ကြိုးစား အားထုတ်ခဲ့ရသော ဇာခြုံထည်ကြီးမှာ ပြီးလုလု ရှိနေပြီ။ ကြည်နူးပီတိ ဖြစ်စွာနှင့် ဇာခြုံထည်ကို ခေတ္တ ချထားလိုက်ပြီး အဘွားအိုက နောက်ဖေး မီဖိုချောင်ကို ထွက်သွားသည်။

စားရ သောက်ရမည့် ကိစ္စကလည်း ရှိသေးသည် မဟုတ်ပါလား။ အဘွားက မီးဖိုချောင်ကို မဝင်မီ သူ့ခွေးကို မှာသွားသည်။ "ပါပီ ကောင်းကောင်းနေနော်။ နေ့လယ်စာ သွားလုပ်လိုက် ဦးမယ်"

အဘွားအို မီးဖိုချောင်ထဲ ဝင်သွားချိန်တွင် ခွေးနက်လေးက ကုလားထိုင်ပေါ် တင်ခဲ့သော ခြုံစောင်ကြီးကို ကြည့်နေသည်။ ငှက်လေးတွေ ပျံနေကြသည်၊ ပန်းလေးတွေ ပွင့်နေကြသည်။ ခွေးနက်လေးက ခြုံထည်ကြီးကို အနံ့ လိုက်ခံသည်။

ထို့နောက် အဘွားအို ထားခဲ့သည် ဇာကြိုး တန်းလန်းတွေကို ပါးစပ်ဖြင့် ဆွဲသည်။ ပြေးသည်၊ ပတ်သည်၊ ကုလားထိုင်ပတ်လည်တွင် ချည်ကြိုးတွေဖြင့် ရှုပ်ထွေးကုန်သလို ကုလားထိုင်ပေါ်ရှိ ခြုံစောင်ကြီး ကလည်း တတိတိ ပျက်စီးခြင်းကို ရောက်သွားရလေသည်။

အဘွားအိုက နေ့လယ်စာ ပြင်ဆင်ပြီး သဖြင့် "ပါပီရေ လာ လာ စားရအောင်" ဟု ခေါ်သည်။ ခွေးနက်လေးက သူဘာမျှ မလုပ်ခဲ့သလို မီးဖိုချောင်ထဲ ဝင်လာပြီး အစာကို အငမ်းမရ စားသည်။ ထို့နောက် သူ့အပြစ် သူသိပြီး ခြံထဲ တနေရာတွင် သွားနေသည်။

အဘွားအိုက သိမ်းဆည်းပြီး အပြင်ကို ထွက်လာသည်။ မမျှော်လင့်သော မြင်ကွင်းကို တွေ့လိုက်ရသဖြင့် အံ့အားသင့် သွားသည်။ သို့သော် သူဘာလုပ်သည် ထင်ပါ သနည်း။ ချည်တွေကို ပြန်ရှင်းသည်။ လှုပ်ကုလားထိုင်တွင် ပြန်ထိုင်သည်။ အစက ပြန်စပြီး ခြုံထည်ကို တဆင့်ချင်း ထိုးသည်။

လူတိုင်း ပြီးခါနီး အချိန်တွင် ထိုသို့ ခွေးက ဖျက်သလိုမျိုး ပျက်စီးခြင်းတွေနှင့် ကြုံဖူးကြမည် ထင်ပါသည်။ အောင်မြင်လု နီးနီး၊ ပန်းတိုင်ရောက်လု နီးနီးတွင် ဖြတ်သွားသော ခွေးကို တိုက်မိသဖြင့် လဲကျသွားရသည့် အပြေးသမားကောင်း တွေကိုလည်း တွေ့ဖူးကြ ပါလိမ့်မည်။

လူတိုင်းတွင် အဖျက် ခွေးနက်တွေ ရှိသည်။ ဘဝ ဆိုသည်မှာ ပြီးပြည့်စုံပြီ ဟူ၍ မည်သည့် အခါမျှ မရှိ။ အဖျက်တွေက အမြဲရောက်လာ တတ်သည်။ အဖျက်တွေကို အဘွားအိုတဦးသာ ကြုံရသည် မဟုတ်။ လူတိုင်း ကြုံရနိုင်သည်။

ဘာမဟုတ်သည့် ခွေးတကောင်ကြောင့် ဒေါသထွက်ကာ ကိုယ်လုပ်ရမည့် အလုပ်ကို မလုပ်တော့ပါဘူး ဆိုပြီး ပစ်ထားလိုက်လျှင် ဘာမျှ ဖြစ်လာမည် မထင်။ အဘွားအို ကဲ့သို့ပင် စိတ်ရှည်စွာနှင့် အစက ပြန်ပြီး စနိုင်သည့် စိတ်ဓာတ်မျိုး ဝင်နိုင်အောင် ကြိုးစား တည်ဆောက်ကြရမည် ဖြစ်သည်။

အဘွားအို စိတ်ထဲတွင် "အို ပိုကောင်းတဲ့ ခြုံထည်တခုကို ပြန်လုပ်ရတော့ မှာပေါ့" ဟုသာ တွေးနေသည်။ ဘဝတွင် မည်သည့်အရာမျှ ပြီးပြည့်စုံခြင်း (Perfect) ဟူ၍မရှိ။ လက်တင်စကားတွင် Perfect ကို ရှင်းပြချက် တခုမှာ စိတ်ဝင်စားစရာ ဖြစ်သည်။ ပြီးဆုံးသွားခြင်း၊ နိဂုံးချုပ်သွားခြင်း၊ ထပ်လုပ်ရန် မလိုခြင်း၊ အဆုံးသတ်ခြင်း ဆိုသည့် သဘော သက်ရောက်သည်။

ဘဝတွင် အဆုံးသတ် နိဂုံးချုပ်ခြင်း ဆိုသည်မှာ သေမှသာ ဖြစ်နိုင်သည်။ နောက်ထပ် ဘာကိုမျှ ပြင်ဆင် ဖြည့်သွင်း ထပ်ထည့်ရန် မလို ဆိုသည်မှာ လူသေ အခေါင်းထဲ ကိုသာ ဖြစ်ပေလိမ့်မည်။ အဘွားအိုက သူ့ခွေးကို စိတ်မဆိုး။ ကျေးဇူးပင် တင်နေသေးသည်။ ပိုကောင်းတဲ့ တခုကို ဖန်တီးနိုင်မည် ဆိုကာ ပျော်နေသည်။

ထိုပုံပြင်ထဲက ခွေးနက်လို ပြဿနာ ရှာတတ်သူ၊ ဖျက်ဆီးသူ၊ စိတ်ဒုက္ခပေးသူ တွေနှင့် ရင်ဆိုင်ရတိုင်း မိမိတို့ ဦးတည်ချက်ပန်းတိုင်အထိ ရောက်အောင် မသွားဘဲ လက်လျှော့ထား လိုက်မည် ဆိုလျှင် ဘယ်တော့ ရောက်မည်နည်း။

အကောင်းမြင်တတ်ခြင်းကို အချို့ကလည်း အပြစ်တင်ကြ ပါလိမ့်မည်။ မည်သို့ဆိုစေ အမြင်ကောင်းမှ အကောင်းမြင် တတ်သည်။ ခွေးက သူအလုပ် သူလုပ်သည် လူလည်း ကိုယ့်အလုပ် ကိုယ်လုပ်ရန်သာ ရှိသည်။ တင်ညွန့် ၂၆.၅.၂၀၂၂

Post a Comment

0 Comments