ခြူဆွဲထားသောနွား

တခါတုန်းက ဆင်ခြင်တုံတရား ရှိတဲ့ ပညာရှိ တယောက်ဟာ ဆီဝယ်ဖို့ ဆီဆုံဆီကို သွားသတဲ့။ ဆီဆုံကို ရောက်သွားတော့ နွားတကောင်ဟာ လည်ပင်းကို ခြူဆွဲပြီး ဆုံကို လှည့်နေတာကို တွေ့ ရသတဲ့။

ဒါကြောင့် ဆင်ခြင်တုံတရား ရှိတဲ့ ပညာရှိဟာ ဆီဆုံပိုင်ရှင်ကို "မိတ်ဆွေ၊ ဘာဖြစ်လို့ နွားလည်ပင်းမှာ ခြူဆွဲပြီး ဆုံကို လှည့်စေတာလဲ" လို့ မေးလိုက်ပါတယ်။

အဲဒီအခါ ဆီဆုံ ပိုင်ရှင်က "ပညာရှိကြီး ခင်ဗျာ၊ ဆုံမှာ တပ်ထားတဲ့ နွားရဲ့ လည်ပင်းမှာ ခြူဆွဲပေး ခြင်းဖြင့် ခြူသံကို ကြားရပြီး ဆုံလည်နေ တာကို သိရပါတယ်။

ဆုံမလည်ဘဲ ရပ်နေပါက ခြူသံကို မကြားရ တော့ပါ။ အဲဒီအခါမှာ နွားကို မောင်းနှင် ခိုင်းပါတယ်။ ကျွန်ုပ်ဟာ အလွန် အလုပ် များ နေတာကြောင့် အချိန်ပြည့် ဆီဆုံကို မကြည့်နိုင်ပါ" ဆိုပြီး ပြန်ဖြေသတဲ့။

ဆင်ခြင်တုံတရား ရှိတဲ့ ပညာရှိလည်း ဆီဆုံပိုင်ရှင် စကားကို ကြားတဲ့အခါ မှာတော့ သိပ်ပြီး ဘဝင်မကျ ဖြစ်သွား တာပေါ့။ ဒါကြောင့် ဆီဆုံ ပိုင်ရှင်အား မေးသတဲ့။

"မိတ်ဆွေ၊ အကယ်၍ နွားဟာ ပါးနပ်စွာနဲ့ ဆီဆုံကို မဆွဲဘဲ ခြူသံ ကြားရုံသာ ဦးခေါင်းကို လှုပ်ရမ်းနေပါက မခက်ဘူးလား"

အဲဒီအခါမှာ ဆီဆုံပိုင်ရှင်က ပညာရှိကြီးရဲ့ ကပ်ကပ်သပ်သပ် တွေးခေါ်ပုံကို အမြင်ကပ်သွားပုံ ရတယ်။ ဒါကြောင့် အခုလို ပြန်ဖြေလိုက် ပါတယ်။

"ပညာရှိကြီး ခင်ဗျာ၊ ကျွန်ုပ်ရဲ့ နွားတွေဟာ ပညာရှိကြီးလို ဆင်ခြင်တုံတရား ပြည့်ဝတဲ့ ဆရာ မဟုတ်တဲ့ အတွက် ဆီဆုံကို မဆွဲဘဲနဲ့ ခေါင်းကို လှုပ်ရမ်းပြီး နေမယ့် အကောင် မဟုတ်ပါဘူး"

ဒီတော့ ဆင်ခြင်တုံတရား ရှိတဲ့ ပညာရှိကြီးလည်း ဘာမှ ပြန်မပြောနိုင် တော့ပဲ ပါးစပ်ပိတ် သွားတော့ တယ်တဲ့ကွယ်။

PhooMyatChal မောင်မဟာ ရဲ့ ဖြတ်ထိုးဉာဏ် ကောင်းသော အမတ်ကြီးနှင့် အခြားပုံပြင်များ စာအုပ်မှ ပြန်လည် ဝေမျှပါသည်။

Post a Comment

0 Comments