သူတောင်းစားလေးတယောက်ရဲ့ ပုံပြင်

ဟိုး ရှေးရှေးတုန်းက တရုတ်ပြည် မြောက်ပိုင်းမှာ စစ်ဘေး စစ်ဒဏ်ကြောင့် တနယ် တကျေးမှာ လေလွင့်ပြီး တောင်းရမ်း စားသောက်နေတဲ့ သူတောင်းစား လူငယ်တယောက် ရှိပါတယ်။ အဲဒီ လူငယ်ဟာ သူတောင်းစား ဘဝကနေ ရုန်းထွက်ချင် ပေမဲ့ လယ်မရှိ ယာမရှိ အလုပ် လုပ်စရာလည်း ရှာမရ တာကြောင့် တောင်းရမ်း စားသောက် နေရ ပါတယ်။

တောင်းရမ်း စားသောက်တဲ့ ဘဝကနေ အမြန် လွတ်ရုန်းချင် တာမို့ တောင်းရမ်းလို့ ရတဲ့ ဆန်စပါး အပိုလေးတွေကို စပါးကျီဟောင်း တခု ထဲမှာ စုဆောင်း ထားပါတယ်။ ဒါပေမဲ့ ကြွက်တွေ ခိုးစား တာနဲ့ ကုန်ကုန် သွားပါ သတဲ့။

သူတောင်းစားလေးဟာ အလွန် စိတ်ဆိုးပြီး ညတညမှာ ကြွက်ကို စောင့်ဖမ်း ပါတော့တယ်။ ကြွက်ကို ဖမ်းမယ် ပြုလိုက်၊ ကြွက်က ထွက်ပြေးလိုက်နဲ့ သူတောင်းစားလေး တော်တော် မောပန်း သွားပါတယ်။ ဒါနဲ့ စာပါးကျီနားမှာ အိပ်ပျော် သွားပါတယ်။

သူ့အိမ်မက် ထဲမှာ လာခိုးစားတဲ့ ကြွက်ကြီးကြီး တကောင်နဲ့ တွေ့တယ်။ အဲဒါနဲ့ သူတောင်းစား လူငယ်က စိတ်ဆိုးဆိုးနဲ့ "ဟေ့ ကြွက်စုတ်၊ သူဋ္ဌေးအိမ်တော့ မင်း သွားခိုး မစားဘူး၊ ငါ့ရှိစု မဲ့စုလေး ကိုတော့ မင်းက နေ့တိုင်း လာခိုးစားတယ်။ အဲဒါ တရား သလား" လို့ မေးလိုက် ပါတယ်။

အိမ်မက်ထဲမှာ ကြွက်က စကား ပြန်ပြော သတဲ့။ "အဲဒါ မင်း ကုသိုလ် မကောင်းလို့ ပေါ့" "ဘာဆိုင်တုန်း၊ ငါ့အတွက် ဘယ်တရား မလဲ။ စစ်ဘေး ဒုက္ခသည်လည်း ဖြစ်ရသေး၊ ဆန်လေး စုတာ တောင်မှ အခိုးစား ခံရသေး ဆိုတော့" ဆိုပြီး သူတောင်းစားလေးက မကျေမနပ်နဲ့ ပြန်ပြော လိုက်တယ်။

"တရားတာ မတရားတာ ငါမသိဘူး၊ မင်း မကျေနပ်ရင် ဘုရားကို သွားမေးလေ" လို့ ကြွက်က ပြန်ပြော လိုက်ပါတယ်။ သူတောင်းစားလေး လန့်နိုး လာပါတယ်။ သူ ဘုရားကို သွားရှာဖို့ စဉ်းစားတယ်။ ဘုရားကို ဆင်းရဲတွင်း ကနေ လွတ်ရုန်းအောင် ဘယ်လို လုပ်သင့်သလဲ လို့ သွားမေးမယ်။

ဒါပေမဲ့ ဘုရား ဘယ်မှာ ရှိသလဲ။ ဘယ်မှာ သွားရှာရ မှာလဲ။ မျောက်မင်း ဟာနုမာန် တို့ရဲ့ အနောက်ဘက်သို့ တရားရှာတဲ့ ခရီး (Journey to the west) ဆိုတဲ့ ပုံပြင်ကို ငယ်ငယ်တုန်းက ဘုန်းကြီး တရားဟောတာ သူ ကြားဖူးတယ်။

အဲဒါနဲ့ သူတောင်းစားလေးဟာ ဘုရားရှာဖို့ အနောက်ဘက်ကို ဦးတည်ပြီး ခရီး ထွက်ခဲ့ ပါတော့တယ်။ ရက်အတန်ကြာ လျှောက်ပြီးတဲ့ အခါ ညနေခင်း တခုမှာ ရွာတရွာကို သူရောက်သွား ပါတယ်။ သူဋ္ဌေးအိမ် တအိမ်ရှေ့မှာ သူ တောင်းစား ပါတယ်။ သူဋ္ဌေးက သူကို တွေ့သွားတယ်။

သူဋ္ဌေးက သူ့ကို "ဒီလောက်တောင် မိုးချုပ် နေပြီ၊ သင်ဘယ်ကို ခရီးသွားမှာလဲ" လို့ မေးပါတယ်။ သူတောင်းစားက အကျိုး အကြောင်း ရှင်းပြလိုက် ပါတယ်။ သူဋ္ဌေးက သူ့ကို ကောင်းကောင်း ညစာ ကြွေးပါတယ်။ လမ်းမှာ သုံးဖို့ ငွေသား အချို့ ပေးပါတယ်။ အစာ ရေစာ အချို့လည်း ပေးပါတယ်။ ပြီးတော့ သူဋ္ဌေးက သူ့ကို အကူအညီ တောင်းပါတယ်။

"ငါ့မှာ သမီးတယောက် ရှိတယ်။ အသက် ၁၆ နှစ် ရှိပြီ၊ အခုထက်ထိ စကား မပြောတတ် သေးဘူး။ တကယ်လို့ မင်းဘုရားကို တွေ့ ခဲ့လို့ ရှိရင် ငါ့သမီးကို စကား ပြောတတ်အောင် ဘယ်လို ကုသရ မလဲ ဆိုတာကိုပါ မေးပေး ခဲ့ပါ"

သူတောင်းစားလေးက သူဋ္ဌေးရဲ့ အကူအညီ တောင်းခံမှုကို ကြည်ကြည် သာသာ လက်ခံပြီး ခရီးဆက် ခဲ့တယ်။ တောအချို့ ကို ဖြတ်ရတယ်။ တောင်တွေကို ခက်ခက်ခဲခဲ ဖြတ်သန်း ရတယ်။ တရက် ကျတော့ ဘုန်းကြီးကျောင်း တကျောင်းမှာ ရေဝင်တောင်းသောက် ပါတယ်။

အသက် တော်တော် ကြီးပြီ ဖြစ်တဲ့ လှပတဲ့ တောင်ဝှေးကြီး တခု ကိုင်ဆောင် ထားတဲ့ ဘုန်းကြီး တပါးကို တွေ့ရ ပါတယ်။ ဘုန်းကြီး ကလည်း ဒီတောထဲ တောင်ထဲမှာ သူတောင်းစားကို တွေ့တော့ အံ့အားသင့်တာနဲ့ မေးပါတယ်။ သူတောင်းစားက အကျိုး အကြောင်း ရှင်းပြပြန် ပါတယ်။

အဲဒါနဲ့ ဘုန်းတော်ကြီးက "မင်းဘုရားကို တွေ့ရင် ဘုန်းကြီး အတွက်လည်း မေးခဲ့ပါအုံး၊ ဘုန်းကြီး ဒီမှာ ကျင့်ကြံ နေတာ နှစ် ရာချီ ရှိနေပြီ၊ အခုထက်ထိ တရား မအောင်သေး ဘူး၊ အဲဒါ ဘာကြောင့်လဲ လို့ မေးပေးပါ အုံး" ဆိုပြီး စကား ပါးလိုက် ပြန်ပါတယ်။ သူတောင်းစားလေး ကလည်း ကြည်ကြည်သာသာ လက်ခံပြီး ခရီးဆက်ခဲ့ ပြန်တယ်။

ရက်တော်တော် ကြာသွား ပါတယ်။ ဘုရားနဲ့ မတွေ့ခဲ့ပါ။ တရက်ကျတော့ ရှေ့ မှာ ကန့်လန့်ကာ စီးဆင်း နေတဲ့ မြစ်ကြီး တစင်း တွေ့ရပါတယ်။ ကူးစရာ လှေ မတွေ့ပါ။ သူတောင်းစား လူငယ် တော်တော် ဝမ်းနည်း သွားပါတယ်။ ဘုရားလည်း ရှာမတွေ့၊ ရှေ့ ဆက် သွားလို့လည်း မရတော့ သူတောင်းစား လေးဟာ မြစ်ဘေးမှာ ဖင်ထိုင် ထိုင်ချပြီး တဟီဟီ ငိုချ ပါတော့တယ်။

သူ့ရဲ့ ငိုသံကို လိပ်ကြီး တကောင် ကြားတာနဲ့ ဘာလို့ ငိုတာလဲ ဆိုပြီး လာရောက် မေးမြန်း ပါတယ်။ အဲဒါနဲ့ သူတောင်းစား လေးက မြစ်ဖြတ်လို့ မရတဲ့ အကြောင်း၊ ဘုရားကို သွားရှာတဲ့ အကြောင်း ရှင်းပြ ပါတယ်။ လိပ်က သူ့ကျောကို စီးပြီး သွားလို့ ရတယ်လို့ ပြောပြီး မြစ်ဖြတ်ကူးဖို့ ကူညီ ပါတယ်။ မြစ်ဖြတ်ပြီးမှ လိပ်က သူတောင်းစားလေး ကို အကူအညီ တောင်းပါတယ်။

"ဘုရားကို တွေ့ခဲ့လို့ ရှိရင် ကျွန်တော့ အတွက်လည်း မေးပေး ပါအုံး။ ကျွန်တော် ဒီမြစ်မှာ ကျင့်ကြံ နေတာ နှစ် (၅၀၀) ပြည့်တော့ မယ်။ အခု ထက်ထိ နဂါး မဖြစ်သေး ဘူး၊ အဲဒါ အကြောင်းရင်း သိချင်တယ်" တဲ့။ သူတောင်းစား လူငယ်ဟာ ခါတိုင်းလို ပါပဲ ကြည်ကြည် သာသာ လက်ခံပြီး ခရီးဆက်ခဲ့ ပြန်တယ်။

ရက်ပေါင်း အတော် ကြာခဲ့ ပြန်တယ်။ တောတွေ တစ တစ ပိုမို ထူထဲ လာပါတယ်။ ဘုရားကို ရှာမတွေ့ ခဲ့ပါ။ တရက်ကျတော့ မောလည်းမော၊ ဆာလည်း ဆာတာနဲ့ သစ်ပင်တပင် ကို မှီပြီး အိပ်မောကျ သွားပါတယ်။ အိမ်မက်ထဲမှာ ဘုရား ကြွလာပါတယ်။ ဘုရားက သူတောင်းစား လူငယ်ကို အရင် မေးမြန်းတော် မူပါတယ်။

"ဟဲ့ မောင်မင်း၊ အဲလောက် ခရီး အဝေးကြီး ငါဘုရားကို လာရှာတာ ဘာကိစ္စ ရှိလို့လဲ" "စဉ်းစား ဖြေရှင်းလို့ မရတဲ့ မေးခွန်း အချို့ ကို မေးမြန်း လျှောက်ထား လိုကြောင်းပါ ဘုရား" "အေး မောင်မင်းကို မေးခွန်း (၃) ခု မေးခွန့် ပြုပါတယ်"

ဘုရားက မေးခွန်း ၃ ခု မေးခွင့် ပေးလိုက် ပါတယ်။ သူတောင်းစား လူငယ်က စဉ်းစား ပါတယ်။ မေးခွန်း ၃ ခု ဆိုတော့ လိပ်ကြီးရဲ့ မေးခွန်းကို အရင် မေးရ ပါလိမ့်မယ်။ သူခမျှာ အနှစ် ငါးရာ ရှိရှာပြီ။ သူ့မေးခွန်းက အရေးအကြီးဆုံး ဆိုပြီး လိပ်ကြီး ဘာကြောင့် နဂါး မဖြစ်သေးတဲ့ အကြောင်းကို လျှောက်ထား ပါတော့တယ်။

"သြော် ဟိုလိပ်ကြီးလား၊ သူ့ခန္ဓာကိုယ် ပေါ်က လိပ်ခွန်ကြီးကို နှမျော နေလို့ပါ" ဆိုပြီး ဘုရားက ဖြေကြား ပါတယ်။ သူတောင်းစား လူငယ်က စဉ်းစား ပြန်တယ်။ အင်း၊ ဆရာတော်ကြီးလည်း ကျင့်ကြံ လာတာ နှစ် ရာနဲ့ချီ နေပြီ။ ဆရာတော်ကြီး ဘာလို့ တရား မအောင်သေးတဲ့ အကြောင်း လျှောက်ထား ပြန်တယ်။ "ဆရာတော်ကြီးက သူ့တောင်ဝှေးကို သံယောဇဉ် မဖြတ်နိုင် လို့ပါ" လို့ ဘုရားက ဖြေကြားတော် မူတယ်။

တတိယ မေးခွန်းကို သူတောင်းစားလေးက စဉ်းစားပြန်တယ်။ ဟိုသူဋ္ဌေး သမီးလည်း အလွန် သနားစရာ ကောင်းတယ်။ အသက် ၁၆ နှစ် တောင် ရှိပြီ စကား မပြောတတ် သေးဘူး ဆိုတော့ အဲဒီ အကြောင်းကို မေးအုံးမှ ဆိုပြီး သူဋ္ဌေးသမီး ဘာဖြစ်လို့ စကား မပြောတတ် တာလဲ ဆိုပြီး လျှောက်ထား ပြန်တယ်။

"သူဋ္ဌေးသမီး သူ့ဖူးစာရှင်နဲ့ တွေ့တဲ့ တနေ့ ကျရင် အလို အလျောက် စကား ပြောတတ် ပါလိမ့်မယ်" လို့ ဘုရားက မိန့်ကြားတော် မူပြီး မြင်ကွင်း ကနေ ပျောက်သွား ပါတော့ တယ်။ သူတောင်းစားလေး လန့်နိုး လာပါတယ်။ သူ့ မေးချင်တဲ့ မေးခွန်း မမေးလိုက် ရပါ။ အဲဒါနဲ့ ငါ့ကုသိုလ်ပဲလေ ဟု ဆင်ခြင်ပြီး လာလမ်း အတိုင်း ပြန်ခဲ့ ပါတော့တယ်။

မြစ်ကို ရောက်တော့ လိပ်ကြီးက စောင့်နေပါတယ်။ မြစ်ကူးဖို့ကို မစောင့်နိုင် တော့ပဲ ဘုရားနဲ့ တွေ့ခဲ့ သလား၊ ဘာကြောင့် နဂါး မဖြစ်သေးတာလဲ စသည်ဖြင့် မေးမြန်း ပါတော့တယ်။ အဲဒါနဲ့ သူတောင်းစား လူငယ်လေးက "အသင်လိပ်ကြီးက ခန္ဓာကိုယ်ပေါ်က အခွန်ကြီးကို နှမျောနေလို့ မဟုတ်လား" လို့ ပြန်မေးလိုက်ပါတယ်။

လိပ်ကြီးခမျှာ ကြက်သီးမွေးညင်းကို ထသွား ပါတော့တယ်။ သူတောင်းစားလေးကို ချောင်းကူး ပေးလိုက်ပါတယ်။ လိပ်ခွန်ကို ချွတ်လိုက်ပြီး "အသင်လူငယ်၊ ဒီလိပ်ခွန်ပေါ်မှာ အလွန် တန်ဖိုးကြီး လှတဲ့ ပုလဲပွင့် ၂၄ ပွင့် ရှိပါတယ်။ သင့်ကို ပေးခဲ့မယ်" ဆိုပြီး လိပ်ခွန်ကြီးကို ပေးလိုက်ပြီး ကောင်းကင်သို့ ပျံသန်း သွားပါတော့တယ်။

သူတောင်းစားလေးဟာ ပုလဲပွင့် ၂၄ ပွင့်ကို ယူပြီး ခရီးဆက် ထွက်ခဲ့ ပြန်တယ်။ ဘုန်းကြီးကျောင်းကို ရောက်တော့ ဘုန်းတော်ကြီးကို "အရှင်ဘုရားက တောင်ဝှေးကြီးကို သံယောဇဉ် မဖြတ်နိုင်လို့ မဟုတ်လား" လို့ မေးလိုက်ပါတယ်။ ဘုန်းတော်ကြီး က ဉာဏ်အလင်း ရသွားပြီး

"ကျေးဇူးကြီးလှ ပါတယ် လူငယ်၊ ဒီတောင်ဝှေးကြီး သင့်ကို ပေးခဲ့ပြီ" ဟု ပြောပြီး တောထဲ ဝင်သွား ပါတော့တယ်။ သူတောင်းစားက ဆက်ပြီး ခရီးထွက်ခဲ့ ပြန်တယ်။ သူဋ္ဌေးရွာ အဝင်မှာ သူဋ္ဌေးသမီးက သူ့ကို အရင် တွေ့ပါတယ်။ "ဖေဖေ၊ ဖေဖေ၊ ဟိုဘုရားကို သွားရှာတဲ့ လူငယ် ပြန်လာပြီ" ဟု အော်ပြီး သူ့အိမ်ကို ပြေးလွှား သွားပါ တော့တယ်။ သူဋ္ဌေး သမီး စကား ပြောတတ် သွားပါတယ်။

သူတောင်းစား လူငယ်နဲ့ သူဋ္ဌေးသမီးနဲ့ ညားသွား ပါတယ်။ သူတောင်းစားလူငယ်က ဘုရားကို မေးချင်တဲ့ မေးခွန်း မမေးလိုက် ရပါ။ ဒါပေမဲ့ သူလိုချင် တဲ့ အဖြေကိုတော့ သူ ရခဲ့ပါတယ်။ ပုံပြင်လေး ကတော့ ဒါပါပဲ။ ပုံပြင်ကို အခြေခံ ပြီး ဘာသင်ခန်းစာ ရခဲ့ပါ သလဲ။

စာဖတ်သူ တယောက်နဲ့ တယောက် တူညီချင်မှ တူညီပေမဲ့ မိမိ စိတ်ရင်း စေတနာ အတိုင်း အကျိုးပေးတယ် ဆိုတဲ့ အချက်တော့ အားလုံး လက်ခံ ကြမှာပါ။ သူများအကျိုးဆောင် ကိုယ့်အကျိုးအောင်။ ကုန်ဆုံးအောင် ဖတ်ရှုသူများ အားလုံး အထူး ကျေးဇူးတင်ပါတယ်။ Aung Ko Latt

Post a Comment

1 Comments

  1. လိပ်ကြီးက ကြက်သီးမွှေးညှင်းထသွားတယ် ဆိုတော့ တော်တော် စောက်သုံးမကျတဲ့ အရေးအသားပဲ လိပ်မှာ အမွှေးရှိလို့လား 😂

    ReplyDelete