အပြစ်ရှိသော သိုးငယ်

တခါတုန်းက သိုးငယ် တကောင်ကို မြိန်ရည်ယှက်ရည် စားပြီးတဲ့ အချိန်မှာတော့ ဝံပုလွေ ငစဉ်းလဲဟာ သက်ပြင်းကိုချ၊ နှုတ်ခမ်းကို သပ်ပြီးတော့ "ဒီသိုးတွေကို တကြိမ် တကောင်နှုန်းနဲ့ ငါဖမ်းစားလာ ခဲ့တာ ကြာနေပြီ။ နောက်ဆို အများအမြင် သင့်တော်အောင် အကြောင်းပြချက် တခုခုရှာ ပြီး ဖမ်းစားမှ ကောင်းတော့မယ်" လို့ စဉ်းစား မိလိုက်တယ်။

ရက်အတန် ကြာတဲ့အခါ ဝံပုလွေဟာ သိုးငယ် တကောင်နဲ့ မြစ်ကမ်းနဘေး တခုမှာ သွားဆုံ ကြတယ်။ ဝံပုလွေက "ဟေး မင်း ဒီနေရာမှာ ဘာလာ လုပ်တာလဲကွ ဟေ" လို့ ပြောလိုက်တယ်။ သိုးငယ်က "ရေလာသောက် တာပါ ခင်ဗျာ" လို့ ဖြေလေတယ်။

ဒီတော့ ဝံပုလွေက "ရေလာသောက်တယ် ဟုတ်စ။ ဒီမြစ်ထဲမှာ ရေလာသောက်ရင် မြစ်ရေတွေ အားလုံး နောက်ကျိကုန်မှာ မင်း နားမလည် ဘူးလား။ ဒီနားတဝိုက်မှာ မှီတင်း နေထိုင်တဲ့ သက်ရှိ လူတွေရော သတ္တဝါတွေရော ဒီနောက်ကျိနေတဲ့ ရေကိုသောက်မိရင် အကုန် ရောဂါတွေ ရကုန်ပြီး ဒုက္ခ ရောက်ကုန် ကြလိမ့်မယ်။

ဒါတင် မကသေးဘူး။ ဒီမြစ်ထဲက မသန့်ရှင်းတဲ့ ရေတွေ ပင်လယ်ထဲ အထိ စီးဝင်သွားမယ် ဆိုရင် ကမ္ဘာလောက တခုလုံးမှာ ရှိတဲ့ သက်ရှိ သတ္တဝါတွေ အကုန်လုံး ကိုယ်ကျိုး နည်းကုန်တော့ မှာပဲ။ မင်းက စကြဝဠာကြီး တခုလုံး ပျက်စီးသွားအောင် လုပ်ချင်နေတဲ့ ကောင်ပါလား ကွ ဟေ" လို့ ပြောလိုက်တယ်။

ဒီလို ဝံပုလွေ ငစဉ်းလဲရဲ့ စွပ်စွဲတာကို ခံလိုက်ရတော့ သိုးငယ်လည်း ရုတ်တရက် အံ့သြ မင်သက်မိ သွားတယ်။ ခဏကြာ စဉ်းစား ပြီးတော့ သိုးငယ်က "ကျွန်တော် တိရစ္ဆာန် ဆရာဝန်နဲ့ သေချာ စစ်ဆေး ပြီးပါပြီ။ ကျွန်တော့မှာ ဘာရောဂါမှ မရှိဘူး တဲ့ဗျ"

ဒီတော့ ဝံပုလွေ က မာန်ဖီ ဟိန်းလိုက်ပြီး "ဘာပြောတယ် မင်းမှာ ဘာရောဂါမှ မရှိဘူး ဟုတ်လား။ ဒါဆို မင်း မိဘတွေ မှာရော မရှိနိုင် ဘူးလား၊ အိုကွာ ကုန်ကုန် ပြောရရင် မင်းမိဘမှာ မရှိတောင် မင်း ဘိုးဘေး ဘီဘင်တွေ မှာတော့ ရောဂါ ရှိနေမှာ အသေအချာဘဲ။

မင်းဘယ်လောက်ပဲ ဆရာဝန်နဲ့ ပြထားတယ်ဘဲ ပြောပြော ဘာမှ အသုံးမဝင် မထိရောက်ဘူး။ ဆရာဝန်ရဲ့ အနုကြည့် မှန်ပြောင်းတွေ ကရော ဘယ်လောက် ကောင်းတယ်လို့ တာဝန်ယူနိုင် လို့လဲ။ မင်းက ဆရာဝန်နဲ့ ပူးပေါင်းပြီး ရောဂါ မရှိပါဘူးလို့ရော လိမ်မပြောနိုင် ဘူးလား" လို့ ပြောလိုက်တယ်။

ဒီတော့ သိုးငယ်လည်း ဝံပုလွေ ငစဉ်းလဲရဲ့ အကြံကို ရိပ်စားမိ လာပြီး "ကျွန်တော် ဒီမြစ်ရေ တွေကို မသောက်တော့ ပါဘူးဗျာ" လို့ပြောပြီး တချိုးထဲ ထွက်ပြေး ပါတော့တယ်။ မြေခွေးက "ရပ်" လို့ အသံကုန် အော်လိုက်ပြီး သိုးငယ်ကို ခုန်အုပ် လိုက်လေတော့တယ်။ ပြီးတော့ ပြောတယ်။

"မင်းက ရေကို လုံးဝ မသောက်တော့ဘူး ဆိုပေမယ့် မင်းခုလို ထွက်ပြေးတော့ မင်း မိဘ၊ ဘိုးဘေး ဘီဘင်တွေ ကနေ ကူးလာတဲ့ ရောဂါပိုးတွေက ပြေးလမ်းတလျှောက် လေထဲမှာ ပျံ့နှံ့ကုန်ပြီး လေထုတွေ ညစ်ညမ်းစေ ကုန်တော့မှာ မင်း မစိုးရိမ် ဘူးလား။ ဒီနေ့ မင်းကို ငါမှ ဖမ်းပြီး မစားရင်တော့ မဖြစ်တော့ပါဘူး" လို့ ပြောလေတယ်။

ဒီတော့ သနားစရာ သိုးငယ်လည်း "ကျွန်တော့် အသက်ကို ချမ်းသာပေးပါဗျာ။ ခင်ဗျားသာ ကျွန်တော့ကို ဖမ်းစားမယ် ဆိုရင် ခင်ဗျားမှာ ရောဂါတွေ ကူးစက်ပြီး သေရမှာ စိုးမိတယ်ဗျ" လို့ ပြောရှာတယ်။ ဝံပုလွေလည်း မာန်တချက် ဖီလိုက်ပြီး အခုလို ပြောတယ်။

"ငါသေရင် သေသွားပါစေ။ ကမ္ဘာကြီးမှာ နေ နေကြတဲ့ သက်ရှိတွေ အားလုံး မသေစေဘို့ ငါ့အသက်ကို မငဲ့ကွက်ဘဲ မင်းကို ငါ စားရလိမ့်မယ်" လို့ ပြောပြီး သိုးငယ်ကို ချမ်းသာ မပေးဘဲ ဖမ်းစား လိုက်ပါတော့တယ်။

အပြစ် ရှာချင်သူတွေ အတွက် ဘယ်လိုဘဲ တောင်းပန် ဖြေရှင်း ပေမယ့် ထိရောက်မှု မရှိနိုင် ပါဘူး။ ဘယ်လိုဘဲ ရှောင်ထွက်ထွက်၊ ဘယ်လိုဘဲ အကြောင်းပြချက်တွေ ပေးပေး သူတို့ စက်ကွင်းကနေ မလွတ်နိုင်ဘူး ဆိုတာကို သာဓက ပေးထားတဲ့ ပုံပြင်လေး ဖြစ်ပါတယ်။ မြသွေးနီ

Post a Comment

0 Comments