အများအကျိုးဆောင်သောသူ

ရှေးအခါတုန်းက ရာဇဂြိုဟ်ပြည် တောရွာလေး တရွာတွင် လူငယ်အသင်းအဖွဲ့ တဖွဲ့ ရှိလေသည်။ ထိုအဖွဲ့တွင် အဖွဲ့ဝင် ၃၃ ယောက် ရှိ၏။

ထိုအဖွဲ့ကို ဦးဆောင်သူကား မဃလုလင် ဖြစ်၏။ ထို့ကြောင့် အခါ သူတို့အဖွဲ့ ကိုလည်း "မဃလုလင်အဖွဲ့" ဟု အမည် ပေးထားသည်။

မဃလုလင် အဖွဲ့သည် ငါးပါးသီလ စောင့်ထိန်းခြင်း၊ လမ်းပြင်ခြင်း၊ တံတားဆောက်ခြင်း၊ ရေတွင်း ရေကန် တူးဖော်ခြင်း၊ ဇရပ်ဆောက်ခြင်း၊ အလှူပေးခြင်း၊ သီလ ဆောက်တည်ခြင်း အစရှိသော ကုသိုလ် ကောင်းမှုတို့ကို ပြုလုပ်ကြသည်။

ဤသို့ဖြင့် ရွာသား အများစု သည်လည်း မဃလုလင်၏ အဆုံးအမ အတိုင်း သီလတို့ကို ဆောက်တည်ကြသည်။ ထို့ကြောင့် ရွာတွင် ဒုစရိုက်မှုများ တဖြည်းဖြည်း လျော့နည်းလာကာ ရပ်ရွာသည်လည်း ယခင်ကထက် ပိုမိုဖွံ့ဖြိုး တိုးတက် လာခဲ့သည်။

သို့ရာတွင် ရွာသူကြီးသည် ရွာတွင် ဒုစရိုက်မှုများ လျော့နည်းလာ သဖြင့် သူ့အတွက် လာဘ်ရရှိမှု နည်းပါးသွား သောကြောင့် မဃလုလင်တို့ အဖွဲ့ကို ဒေါသ ထွက်နေသည်။

ထို့ကြောင့် မင်းကြီးထံတွင် "အရှင်မင်းကြီး ရွာကို သူခိုးများ ဖျက်ဆီးနေ ကြပါတယ်" ဟု လျှောက်ထား လေသည်။

မင်းကြီးကလည်း စုံစမ်း စစ်ဆေးမှု မပြုဘဲ "သူခိုးများကို ဖမ်းခေါ်လာပြီး ဆင်ဖြင့် နင်းသတ်စေ" ဟု အမိန့်ချ လိုက်လေသည်။ မင်းမှုထမ်းများသည် မဃလုလင်နှင့် အဖွဲ့သားများကို သတ်ရန် ဆင်တို့ကို ခေါ်ဆောင်လာခဲ့ ကြသည်။

ထိုအချိန်တွင် မဃလုလင်သည် သူ၏ အဖွဲ့သားများအား "သင်တို့ ဆောက်တည်ခဲ့သော သီလကို ပြန်လည် အောက်မေ့ပြီး ကုန်းတိုက်သော ရွာသူကြီး၊ မင်းကြီးနှင့် ဆင်တို့ကို မေတ္တာပို့ ကြပါ" ဟု သတိပေး ဆုံးမစကား ပြောကြားထားသည်။ အဖွဲ့ဝင်အားလုံး တို့သည် ခေါင်းဆောင် မဃလုလင်၏ စကားကို လိုက်နာကြ၏။

မင်းမှုထမ်းများ လွှတ်လိုက်သော ဆင်သည် မဃလုလင်တို့ အဖွဲ့နားသို့ ရောက်သောအခါ ရှေ့သို့ မတိုးဝံ့ တော့ဘဲ နောက်သို့ချည်း ပြန်လှည့် ပြေးနေ၏။ မင်းကြီးသည်

"မဃလုလင် တို့မှာ ဆင်တွေကို ထွက်ပြေးစေနိုင်တဲ့ အဆောင်လက်ဖွဲ့ တမျိုးမျိုး ရှိ လိမ့်မယ်၊ စစ်ဆေးကြ" ဟု ပြော၍ မေးမြန်း စစ်ဆေးစေ၏။

မဃလုလင် ကလည်း "ရှိပါတယ်၊ ကျွန်တော်တို့ရဲ့ အဆောင်လက်ဖွဲ့ကောင်း ကတော့ သူတပါး အသက်ကို မသတ်ပါ၊ သူတပါး ပစ္စည်းဥစ္စာကို မခိုးပါ၊ သူတပါး သားမယားကို မဖျက်ဆီးပါ၊ လိမ်ညာ မပြောပါ၊ သေရည်အရက်နဲ့ မူးယစ်ဆေးဝါး မသောက် သုံးပါ။

အလှူပေးပါတယ်၊ လမ်းခင်းပါတယ်၊ ရေကန် တူးပါတယ်၊ ဇရပ်ဆောက် ပါတယ်။ အဲဒါတွေဟာ ကျွန်တော်တို့ရဲ့ အဆောင်လက်ဖွဲ့လည်း ဟုတ်ပါတယ် အရံအတား၊ အကာအကွယ်လည်း ဖြစ်ပါတယ်။ တိုးတက်ရာ တိုးတက်ကြောင်းလည်း ဖြစ်ပါတယ်" ဟု ပြန်လည် လျှောက်တင်လိုက်သည်။

ထိုအခါ ဘုရင် ကြီးသည် မဃလုလင်နှင့် အဖွဲ့သားများကို အလွန် လေးစားသွားပြီး ရွာစားရာထူးနှင့် စည်းစိမ်တို့ကို ပေးလိုက် လေသည်။

မဃလုလင်နှင့် အဖွဲ့သည် ရွာသို့ ပြန်ရောက်သောအခါ လမ်းလေးခွ ဆုံရာ၌ ဇရပ်ကြီးတဆောင်ကို ဆောက်လုပ်လှူဒါန်းကြ၏။ ဇရပ်ကြီး၏ အနီး၌ ဥယျာဉ်ကြီးနှင့် ရေကန်ကြီးတကန်ကိုပါ ဆောက်လုပ် လှူဒါန်းခဲ့ ကြသည်။

ထိုသို့ဖြင့် မဃလုလင် သေဆုံးသည့်အခါ တာဝတိံသာ နတ်ပြည်၌ သိကြားမင်း ဖြစ်၍ အဖွဲ့ဝင် သုံးဆယ့်သုံးယောက် တို့သည်လည်း သိကြားမင်း၏ အခြွေအရံ နတ်သားများ ဖြစ်သွားကြလေသည်။ Pink_Library ဓမ္မစကူးလ်ဖောင်ဒေးရှင်း ဗုဒ္ဓဘာသာသင်ခန်းစာ စာအုပ်မှ ကူးယူရေးသားပါသည်။

Post a Comment

0 Comments