အခြေခိုင်ဖို့လိုပါတယ်

တခါတုန်းက ရွာတရွာတွင် ပင်စင်စား အဘိုးအို တဦးနှင့် နည်းပညာသမား လူငယ်တဦးတို့ အိမ်နီးချင်း ခြံချင်းကပ်ရပ် နေထိုင်ခဲ့ကြသည်။ သူတို့နှစ်ယောက် စလုံးဟာ ခြံ၏ ထောင့်တဖက်စီတွင် မျိုးတူ အပင်ပေါက် တပင်စီကို အတူတကွ စိုက်ပျိုးခဲ့ ကြသည်။

လူငယ်က သူ၏ အပင်များကို ရေများများလောင်း၊ မြေသြဇာ အများအပြား ကျွေးလေ့ရှိပြီး၊ အဘိုးအို ကတော့ ရေနှင့် မြေသြဇာအနည်းငယ်ကိုသာ အပင်များကို ပေးလေ့ ရှိသည်။

လူငယ်၏ အပင်သည် စိမ်းလန်းစိုပြည်ပြီး အရွက်ဝေဆာ တောင့်တင်းသော အပင်များ အဖြစ် ကြီးထွား လာသည်။ အဘိုးအို၏ အပင်များ ကတော့ သာမန်လောက်သာ ကြီးထွားသော်လည်း လူငယ်၏ အပင်များထက် ပိုမိုကြံ့ခိုင် သန်စွမ်းလေသည်။

တညတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခတ် လေသည်။ နောက်တနေ့ မနက် သူတို့နှစ်ယောက်လည်း အပင်များ၏ အခြေအနေကို နှစ်ယောက်လုံး ထွက်ကြည့်ကြ လေသည်။

လူငယ်မှာ သူ၏ အပင်များ အမြစ်မှ ကျွတ်ထွက်ကုန်တာကို တွေ့ရပြီး သူ၏ အိမ်နီးချင်းရဲ့ အပင်များမှာမူ အပျက်အစီး မရှိကြောင်း အံ့သြဖွယ် တွေ့ရလေသည်။

လူငယ်လည်း အဘိုးအို၏ အပင်များမှာ အနည်းငယ် မျှသာ ဂရုစိုက် ခံရသော်လည်း ကောင်းစွာ ဂရုစိုက်ထားသော သူ၏ အပင်များကသာ ဘာကြောင့် အမြစ်မှ ကျွတ်ထွက်ရသလဲ ဟု အဘိုးအိုအား မေးမြန်းလေသည်။

အဘိုးအိုက "ကောင်လေး မင်းကြည့်ပါ၊ မင်းက အပင်တပင်မှာ လိုအပ်မယ့် အရာအားလုံးကို ဖြည့်ဆည်းပေးတယ်။ လိုသမျှ အလျံအပယ် ရနေတော့ အပင်က ရှာဖို့ဖွေဖို့ ဘယ်ကိုမှ သွားစရာ မလိုတော့ဘူး။

မင်းအပင်ရဲ့ အမြစ်တွေက အောက်ကို ထိုးဖောက် ဆင်းစရာမှ မလိုတော့တာ။ ဒါကြောင့် မင်းစိုက်တဲ့ အပင်တွေရဲ့ အမြစ်တွေဟာ အပေါ်ယံမှာပဲ ရှိနေတဲ့ အတွက် ဒီမိုး၊ ဒီလေတွေက သူတို့အပေါ် လွယ်လွယ်ကူကူပဲ ကျရောက်သွားခဲ့တယ်။

ငါကတော့ အပင်တွေကို သူတို့ အသက်ရှင်ဖို့ လုံလောက်ရုံပဲ ထောက်ပံ့ ပေးတယ်။ လိုအပ်ချက် အားလုံး ပြည့်ဝဖို့အတွက် အပင်ရဲ့ ကျန်တဲ့ အမြစ်တွေဟာ မြေကြီးအောက်ထဲ ထိုးဖောက်ပြီး ရှာဖွေရတယ်။

ဒါကြောင့် ငါ့အပင်ရဲ့ အမြစ်တွေ ကတော့ တော်တော်လေး မြေကြီးထဲ နက်နက်ရှိုင်းရှိုင်း တိုးဝင်နေတဲ့ အတွက် သဘာဝတရားရဲ့ အပြင်းအထန် တိုက်ခိုက်ခြင်းကို ကြံ့ကြံ့ ခံနိုင်ခဲ့တယ်" ဟု ဖြေကြားလိုက်ပါတော့သည်။

မိတ်ဆွေတို့ကော ကိုယ်ပြုစု ပြိုးထောင်ပေးနေတဲ့ အပင်လေးတွေကို လိုတာထက် ပိုပြီး မြေသြဇာ အများအပြား ကျွေးလေ့ ရှိသလား၊ ဒါမှမဟုတ် လောကဓံကို ခံနိုင်အောင် လေ့ကျင့်ပေး ကြပါသလား။

အဘိုးအိုရဲ့ အဖြေက ပေးတဲ့ သင်ခန်းစာကို မိတ်ဆွေတို့ရဲ့ ကလေးငယ်များအား ပြုစုပျိုးထောင်တဲ့ နေရာမှာ အသုံးချနိုင် လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ Crd

Post a Comment

0 Comments