သင့်ခန္ဓာကိုယ်မှာ အာဟာရဓာတ်တွေ လိုအပ်နေကြောင်းဖော်ပြနေတဲ့ လက္ခဏာ (၇) ခု

လူသားတွေရဲ့ခန္ဓာကိုယ်က အရမ်းကို ရှုပ်ထွေးတဲ့ စနစ်ကြီးပါပဲ။ ခန္ဓာကိုယ်ထဲမှာ တစ်ခုခု ချွတ်ယွင်းနေပြီဆိုရင် သတိပေးတဲ့ လက္ခဏာတွေ ပြလာတတ်ပါတယ်။ အဲဒီလက္ခဏာတွေကနေတစ်ဆင့် ခန္ဓာကိုယ်မှာ ဘာတွေလိုအပ်နေပြီလဲဆိုတာ သိနိုင်ပါတယ်။

၁။ ဆံပင်ရဲ့စိမ့်ဝင်နိုင်မှု

သင့်ဆံပင်ရဲ့စိမ့်ဝင်နိုင်မှုနိမ့်နေလား၊ မြင့်နေလားဆိုတာကို စမ်းသပ်ဖို့အတွက် ဆံပင်တစ်ပင်ကို ယူပြီး ရေထည့်ထားတဲ့ဖန်ခွက်ထဲကို ထည့်လိုက်ပါ။ ဆံပင်က ဖန်ခွက်အောက်ခြေအထိ နစ်မြှုပ်သွားရင် ဆံပင်ရဲ့စိမ်ဝင်နိုင်မှုက မြင့်ပါတယ်။

ဆံပင်စိမ့်ဝင်နိုင်မှုမြင့်မားတဲ့အခါ ဆံပင်အတွက် သုံးလိုက်တဲ့ပစ္စည်းတွေကို လျင်လျင်မြန်မြန်စုပ်ယူနိုင်ပြီး လေထဲမှာ ချက်ချင်းခြောက်သွေ့သွားပါတယ်။ အဲဒီနောက် ဆံပင်က ဖွာနေမှာပါ။ ဆံပင်ရဲ့စိမ့်ဝင်နိုင်မှုများတဲ့အခါ ဆီပါတဲ့ ဆံပင်အားဖြည့်ပစ္စည်းတွေကို အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် ခေါင်းလျှော်တဲ့အခါတိုင်းမှာလည်း conditioner ကို ထည့်ပြီး သုံးသင့်ပါတယ်။

၂။ လည်ပင်းက အရေးအကြောင်းများ

သွေးဆုံးပြီးတဲ့အမျိုးသမီးတွေမှာ အရိုးကျန်းမာရေးကို ထိန်းသိမ်းပေးတဲ့ အီစထရိုဂျင်ထုတ်လုပ်မှု နည်းပါးလာပါတယ်။ အရိုးတွေက ပိုပြီးကျွတ်ဆတ်လာပြီး သိပ်သည်းဆ နည်းလာတဲ့အခါ ခန္ဓာကိုယ်မှာ အရေးအကြောင်းတွေ ဖြစ်လာပါတယ်။

သွေးဆုံးပြီးနောက် လည်ပင်းမှာ အရေးအကြောင်းတွေ ပေါ်လာရင် အရိုးကျိုးအက်လာနိုင်တဲ့ အန္တရာယ်က ပိုများလာကြောင်း သတိပေးတဲ့လက္ခဏာပါ။ သွေးဆုံးပြီးနောက် အမျိုးသမီးတွေအတွက် ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဒီတွေက အကျိုးရှိစေပါတယ်။

ဒါ့အပြင် လည်ပင်းမှာ အရေးအကြောင်းတွေ များလာတာက သိုင်းရွိုက်ရဲ့ လုပ်ဆောင်မှုတွေမှာ ပြဿနာရှိနေကြောင်း ဖော်ပြတဲ့လက္ခဏာလည်း ဖြစ်ပါတယ်။

၃။ နှုတ်ခမ်းနဲ့ လျှာပေါ်က အနာများ

ဆေးလိပ်သောက်ခြင်း၊ ဓာတ်မတည့်ခြင်းနဲ့ လျှာကို မတော်တဆ ကိုက်မိတာကြောင့် နှုတ်ခမ်းနဲ့ လျှာပေါ်မှာ အနာတွေဖြစ်လာပါတယ်။ အဲဒီလို အကြောင်းအရင်းတွေကြောင့်မဟုတ်ဘဲ နှုတ်ခမ်းနဲ့ လျှာမှာအနာဖြစ်လာရင် ဗီတာမင် B12, သံဓာတ်လိုအပ်နေတာပါ။

နှုတ်ခမ်းမှာအနာတွေ ဖြစ်ပြီးနောက် ပင်ပန်းနွမ်းနယ်ခြင်း၊ အားနည်းခြင်း၊ နှလုံးခုန်နှုန်းမမှန်ခြင်း၊ ကြွက်သားအားနည်းခြင်း ဖြစ်လာရင် အစားအသောက်ကို ပိုပြီး ဂရုပြုသင့်ပါတယ်။

၄။ လက်သည်းတွေ အားနည်းလာခြင်း

လက်သည်းတွေ ကွာလာပြီး လခြမ်းလေးတွေ ပေါ်လာရတဲ့ အကြောင်းအရင်းတွေကတော့ သံဓာတ်အားနည်းခြင်းနဲ့ ရေဓာတ်နည်းပါးခြင်းပါပဲ။ သံဓာတ်ချို့တဲ့တာကို အချိန်မီ မကုသနိုင်ရင် သွေးအားနည်းရောဂါဖြစ်စေနိုင်တဲ့အပြင် အခြားကျန်းမာရေး ပြဿနာတွေကိုပါ ဖြစ်ပေါ်စေပါတယ်။

ဓာတ်မတည့်တာ၊ လက်သည်းမှိုဝင်တာ၊ ထိခိုက်ဒဏ်ရာရတာ၊ သတ္တုဓာတ်ချို့တဲ့တာ စတဲ့အကြောင်းအရင်းတွေကြောင့် လက်သည်းမှာ အဖြူရောင် အစက်အပြောက်လေးတွေ ပေါ်လာပါတယ်။

၅။ ခြေဖနောင့်ကွဲခြင်း

အသားအရေခြောက်သွေ့တာနဲ့ ရာသီဥတုအေးတဲ့အခါမှာ ခြေဖနောင့်က အက်ကွဲပါတယ်။ ဒါမှမဟုတ် တစ်ရက်မှာ နာရီပေါင်းများစွာ မတ်တပ်ရပ်ရသူဆိုရင်လည်း ခြေဖနောင့်အက်ကွဲပါတယ်။ ဆီးချိုရောဂါရှိသူတွေမှာလည်း ခြေဖနောင့်အက်ကွဲတာကို ကြုံတွေ့ရပါတယ်။

ဆပ်ပြာရည်နဲ့ ရေရောထည့်ထားတဲ့ဇလုံထဲမှာ မိနစ် ၂၀ ခန့် ခြေထောက်စိမ်ပြီး ကျောက်တုံးနဲ့ ခြေဖနောင့်ကို ပွတ်တိုက်ပါ။ အဲဒီနောက် ခြေထောက်ကို ရေဓာတ်ဖြည့်ဖို့ ဂျိုဂျိုဘာဆီ၊ သံလွင်ဆီတို့ကို လိမ်းပေးနိုင်ပါတယ်။

၆။ နဖူး၊ နှာခေါင်းနဲ့ ပါးပြင်တစ်ဝိုက်မှာ နီနေခြင်း

အမေရိကန်နိုင်ငံက လူပေါင်း ၁၄ သန်းခန့်မှာ Rosacea လို့ခေါ်တဲ့ နဖူး၊ နှာခေါင်းနဲ့ ပါးပြင်တစ်ဝိုက်နီမြန်းခြင်းကို ခံစားရလေ့ရှိပါတယ်။ အသက် ၃၀ ကျော်ပြီး အသားအရေလတ်သူတွေမှာ Rosacea ပိုဖြစ်ပြီး ကလေးတွေမှာတော့ ဖြစ်တာ သိပ်မတွေ့ရပါဘူး။

ပါးပြင်က အမြဲလိုလို နီမြန်းနေတဲ့အပြင် ဝက်ခြံထွက်တာ၊ သွေးကြောလေးတွေ မြင်နေရတာတွေကိုပါ ဖြစ်စေပါတယ်။ ပုံမှန်အားဖြင့်တော့ Rosacea ကို သောက်ဆေးနဲ့ ကုသကြပါတယ်။ ပြင်းထန်လာတဲ့အခါမှာတော့ လေဆာကုထုံးနဲ့ကုသဖို့ ကျွမ်းကျင်သူတွေက အကြံပေးကြပါတယ်။

၇။ မျက်လုံးမို့နေခြင်း

မျက်လုံးမှာပိုးမဝင်ဘဲ၊ ဓာတ်မတည့်တာမဖြစ်ဘဲ မျက်လုံးမို့နေတယ်ဆိုရင် ဆားစားသုံးမှု များတာကြောင့် ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် နေ့စဉ်အစားအစာတွေမှာ ဆားစားသုံးမှုကို လျှော့ချသင့်ပါတယ်။

မျက်ရည်ပြွတ်ပိတ်တာ၊ ဆေးလိပ်သောက်တာ၊ အိပ်ရေးမဝတာတွေကြောင့် မျက်လုံးမို့နေတတ်ပါတယ်။ မျက်လုံးမို့တဲ့အခါ ရေခဲအိတ်ကပ်ပေးခြင်းနဲ့ လက်ဖက်ခြောက်အိတ် ကပ်ပေးခြင်းတို့က ထိရောက်တဲ့နည်းလမ်းတွေပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments