သင့်ကလေးကို အိမ်သာကိုယ်တိုင်သုံးတတ်အောင် သင်ပေးနည်း

ကလေးတွေဟာ အမြဲတမ်း ငယ်မနေပါဘူး။ တစ်နေ့ထက်တစ်နေ့ ဖွံ့ဖြိုးလာတာကြောင့် တချို့အရာတွေက သူတို့ကိုယ်တိုင်လုပ်မှ ဖြစ်မယ့်အရာတွေ ရှိလာပါတယ်။ သင့်ကလေးကို အိမ်သာအသုံးပြုနည်း သင်ပေးခြင်းက သူတို့ကို ပိုလွတ်လပ်စေရုံသာမကပဲ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့ မှတ်တိုင်တစ်ခုလည်း ဖြစ်လာပါတယ်။

သင့်ကလေးက အိမ်သာသုံးတတ်တဲ့ အရွယ်ရောက်ပြီလားဆိုတာ ကြည့်ပါ။

ကလေးတွေဟာ ၁၈ လကနေ ၂၄ လအတွင်း အိမ်သာကို သုံးတတ်ကြပါပြီ။ တစ်ယောက်နဲ့တစ်ယောက်ကတော့ မတူညီနိုင်ပါဘူး။ သင့်ကလေးက အိမ်သာသုံးဖို့အတွက် အဆင်သင့်ဖြစ်ပြီလားဆိုတာကို ဒီလိုကြည့်ပြီး သိနိုင်ပါတယ်။

- အိမ်သာကို အသုံးပြုဖို့ စိတ်ဝင်စားပြီး မိဘအကူအညီမယူချင်တော့ဘူး။

- အပေါ့အလေးသွားချင်လာရင် အမူအရာနဲ့ပဲဖြစ်ဖြစ်၊ နှုတ်နဲ့ပဲဖြစ်ဖြစ် ပြောတတ်လာတယ်။

- diaperတွေ မဝတ်ချင်တော့ဘူး။

- ပုံမှန်ထက် အပေါ့အပါးသွားတာ နည်းလာတယ်။

- အိမ်သာခွက်ပေါ်မှာ ငြိမ်ငြိမ်နဲ့ အပေါ့သွားတတ်လာတယ်။

သင့်ကလေးအဆင်သင့်ဖြစ်တဲ့အထိ စောင့်ဖို့ အရေးကြီးပါတယ်။ စိတ်ရှည်သည်းခံပြီး သူတို့ကို သွန်သင်ဆုံးမဖို့ စိတ်အားထက်သန်တယ် ဆိုရင်တောင် သူတို့ကိုယ်တိုင်လုပ်တတ်တဲ့အထိ စောင့်ပါ။ ပြစ်ဒဏ်ပေးခြင်းက သင့်ကလေးကို စိတ်ဓာတ်ကျစေနိုင်ပြီး မထိရောက်စေပါဘူး။

ဘယ်လိုသင်ပေးရမလဲ။

လိုအပ်တဲ့ပစ္စည်းတွေကို သုံးပါ

သင့်ကလေးကို အိမ်သာထိုင်ခုံပေါ်မှာ လုံလုံခြုံခြုံထားနိုင်တဲ့ ခွက်တစ်ခုထားမထား ဆုံးဖြတ်ပါ။ ရွေ့ပြောင်းရလွယ်ကူပြီး ကြောက်စရာမကောင်းတဲ့ ခွက်ကို သုံးပါ။ လိုအပ်ပါက ခြေတင်ခုံကို သုံးပါ။ တစ်ချိန်တည်းမှာပဲ သင့်ကလေးကို ကိုယ်ပိုင်ရေချိုးခန်းသုံးပစ္စည်းတွေကို ရွေးချယ်ခွင့်ပေးခြင်းက သူတို့ကို ပိုစိတ်လှုပ်ရှားစေပါတယ်။

စကားလုံးတွေကို စဉ်းစားပါ။

သင့်ကလေး အိမ်သာသွားတဲ့အခါ ပြောဖို့ စကားလုံးတွေကို စဉ်းစားပါ။ ညစ်ပတ်တယ်၊ ရွံစရာကြီးဆိုတဲ့ အပျက်သဘောဆောင်နိုင်တဲ့ စကားတွေကို ရှောင်ကြဉ်ပါ။ သင့်ကလေးကို သက်တောင့်သက်သာရှိစေဖို့အတွက် သီချင်းလေးပဲ ဆိုပြပါ။ အာရုံအပြောင်းအလဲလည်း ဖြစ်စေတဲ့အပြင် အိမ်သာသွားရတာဟာ ပျင်းစရာ၊ ကြောက်စရာမဟုတ်ဘူးလို့ တွေးမိလာပါလိမ့်မယ်။

ကလေးကို သင်ပေးပါ။

အိမ်သာသုံးခြင်းဆိုင်ရာ စကားလုံးတွေဖြစ်တဲ့"ဆီးသွားချင်တယ်" "ဗိုက်နာတယ်" "အိမ်သာသွားဖို့လိုတယ်" စကားလုံးအချို့ကို ကလေးကို သင်ပေးပါ။

ကလေးရဲ့ အစားအသောက်ကို သတိပြုပါ။

ဝမ်းချုပ်ခြင်းမဖြစ်အောင် အမျှင်ဓာတ်ပါတာာ ကျွေးပါ။ ရေများများတိုက်ပါ။ ဝမ်းချုပ်ခြင်းကို ဖြစ်စေမယ့် အစားအသောက်တွေ၊ အမူအကျင့်တွေကို ရှောင်ခိုင်းပါ။

အိမ်သာခွက်အတွက် အဆင်ပြေတဲ့နေရာကို ရွေးပါ။

ရေချိုးခန်းဟာ အိမ်သာခွက်ထားဖို့အတွက် အကောင်းဆုံးနေရာလို့ ထင်ရပါတယ်။ ဒါပေမယ့် သင့်ကလေးရဲ့ အိပ်ခန်း ဒါမှမဟုတ် ကစားခန်းမှာထားတာက သူတို့ကိစ္စကို မြန်မြန်ပြီးစေပါတယ်။

ဘယ်လိုစတင်မလဲ

၁။ သင့်ကလေးကို သင့်လျော်တဲ့ အဝတ်အစားတွေပဲ ဝတ်ပေးပါ။

သင့်ကလေးငယ်ကို ချွတ်ရခက်တဲ့အဝတ်အစားတွေ၊ ကြယ်သီးတွေများနေတဲ့ အဝတ်အစားတွေ မဝတ်ပေးပါနဲ့။ အောက်ခံဘောင်းဘီကို စုပ်ယူနိုင်တဲ့ ဘောင်းဘီဝတ်ပေးပါ။ ခါးပတ်ကြိုးပါတဲ့ ဘောင်းဘီကို ဝတ်ပေးပါ။

၂။ ဘောင်းဘီကို ဆွဲချတတ်အောင် လေ့ကျင့်ပေးပါ။

သင့်ကလေးကို အိမ်သာမတက်ခင် ဘောင်းဘီကို ဆွဲချခိုင်းပြီး အပေါ်ကို ပြန်ဆွဲတင်တတ်အောင် လေ့ကျင့်ပေးပါ။

၃။ အိမ်သာ သုံးတတ်အောင် ပြပေးပါ။

သင့်ကလေးကို အိမ်သာပေါ်ထိုင်နည်း၊ ရေဆေးနည်း၊ ရေလောင်းနည်းတွေကို ပြပေးပါ။

၄။ နေ့စဉ်အလေ့အကျင့်ဖြစ်အောင် လေ့ကျင့်ပေးပါ။

အပြင်ကို သွားစရာမလိုတဲ့နေ့မှာ စသင်ပေးတာ အကောင်းဆုံးပါပဲ။ မနက်အိပ်ရာထပြီးတဲ့နောက် ဒါမှမဟုတ် အရည်များများသောက်ပြီး တစ်နာရီခန့်အကြာမှာ အိုးပေါ်မှာထိုင်ခိုင်းပါ။ ခြေထောက်နာတာတွေ၊ ထိုင်ရခက်တဲ့ လက္ခဏာတွေရှိရင် အိမ်သာကို အသုံးပြုခိုင်းပါ။

၅။ အစာစားပြီး 15 မိနစ်မှ 30 မိနစ်အတွင်း သင့်ကလေးကို အိမ်သာတက်ခိုင်းပါ။

အစာစားပြီးနောက် သဘာဝအတိုင်း ဖြစ်ပေါ်တဲ့ အူလှုပ်ရှားမှုကို အခွင့်ကောင်းယူပြီး အိမ်သာတက်ဖို့ပြောပါ။ ဒါကို gastro-colic reflex လို့လည်း ခေါ်ပါတယ်။

၆။ စိတ်အေးလက်အေး တက်ခိုင်းပါ။

အိုး ဒါမှမဟုတ် အိမ်သာပေါ်မှာ ထိုင်နေတဲ့အချိန် သင့်ကလေးကို သူတို့ကြိုက်တဲ့ စာအုပ်လေးပေးထားပါ။ ဒါက သူတို့ကို အချိန်ကုန်အောင် ကူညီပေးပါလိမ့်မယ်။ သင့်ကလေးက 5 မိနစ်အကြာတဲ့အထိ အပေါ့အလေးမသွားရင် ပြန်ထခိုင်းပါ။။ မဟုတ်ရင် သူတို့ကို အကြာကြီးထိုင်ပြီး ပြစ်ဒဏ်ပေးသလို ခံစားရစေပါတယ်။

၇။ နောက်မှ ရေဆေးပါ။

သင့်ကလေးက အိမ်သာခုမှစသုံးဖူးတယ်ဆိုရင် သူတို့အတွက်ရေချသံ၊ ရေလောင်းသံက ကြောက်စရာ ကောင်းနိုင်ပါတယ်။ ဒီအကျင့်ကို ဖြည်းဖြည်းချင်း သင်ပေးပြီး ကြောက်စရာ မလိုဘူးဆိုတာကို ပြောပြပေးပါ။

၈။ ချီးကျူးပေးပါ။

ဘာမှမဖြစ်ရင်တောင်မှ သင့်ကလေးက အိမ်သာခွက်ကိုသုံးဖို့အသိပေးတဲ့အတွက် ချီးကျူးပေးပါ။ အိမ်သာသွားခြင်းက ကြီးပြင်းလာရခြင်းဖြစ်ပြီဆိုတာကို ပြောပြပေးပါ။ သင့်ကလေးက လှုံ့ဆော်မှုကြောင့် တိုးတက်အောင်မြင်လာတာကြောင့် သူတို့ကို ဆုချပေးပါ။

၉။ တစ်ကိုယ်ရေသန့်ရှင်းမှုကို မမေ့ပါနဲ့။

သင့်ကလေးကို သူတို့ကိုယ်တိုင် သန့်ရှင်းရေးလုပ်နည်းကို သိတဲ့အထိ အစအဆုံးပြောပြပေးပါ။။ ရှေ့ကနေနောက်ကို လုပ်သင့်တယ်ဆိုတာကို ပြောပါ။ ဒါ့အပြင် အိမ်သာကနေ ဆင်းလာပြီးတဲ့နောက် လက်ဆေးတဲ့အကျင့်ကို သင်ပေးပါ။

အခြားရှုထောင့်တွေကနေ ဘယ်လိုကြည့်မလဲ။

အရမ်းကြီး မလေ့ကျင့်ပေးပါနဲ့။

ဖျားနာခြင်း၊ ခရီးသွားခြင်းနဲ့ နေရာအသစ်ကို ပြောင်းရွှေ့ခြင်းစတဲ့ အခြေအနေတွေမှာ ကလေးကို အရမ်းမလုပ်ခိုင်းပါနဲ့။

သင့်ချဉ်းကပ်ပုံနှင့်ပတ်သက်ပြီး မိသားစုဝင်တွေကို အသိပေးထားပါ။

သင်နှင့် သင့်ကလေးဖြတ်သန်းနေတဲ့ လုပ်ငန်းစဉ်အကြောင်း မိသားစုဝင်တွေနှင့် ကလေးထိန်းသူတွေအားလုံး သိအောင် ပြောပြထားပါ။ သင့်ကလေး မရှုပ်ထွေးစေဖို့ ရေချိုးခန်းနှင့်ပတ်သတ်တဲ့ အခြေအနေတွေအပြင် အပြောအဆိုတွေကိုလည်း တစ်ခုတည်းသာ သုံးခိုင်းပါ။

မတော်တဆဖြစ်သွားရင် မဆူပါနဲ့။

သင့်ကလေးကို ဆူပူကြိမ်းမောင်းခြင်း၊ အရှက်ခွဲခြင်းတွေ မလုပ်ပါနဲ့။ အဆင်ပြေပါတယ်။ နောက်တစ်ခါ အိမ်သာကို မြန်မြန်သွားမှဖြစ်မယ်လို့ပြောပြီး အဝတ်အစားတွေကို အမြဲလှယ်ပေးပါ။

Zombie (lovemedia)

Post a Comment

0 Comments