သားတွေကို စိတ်ဓာတ်ခိုင်မာတဲ့ယောကျ်ားကောင်းအဖြစ် ကြီးပြင်းလာစေဖို့ ဒီအချက် (၁၀) ချက်နဲ့ လမ်းညွှန်ပေးပါ

စိတ်ဓာတ်ကြံ့ခိုင်ပြီး သဘောထားပြည့်ဝတဲ့လူတစ်ယောက်အဖြစ် ကြီးပြင်းလာစေဖို့ ငယ်စဉ်ကတည်းကနေ ပြုစုပျိုးထောင်ပေးနိုင်ပါတယ်။ မိဘနဲ့ သားတွေကြားမှာ ရင်းနှီးတဲ့ဆက်ဆံရေးရှိဖို့က အဓိကအရေးပါတဲ့အချက်ပါပဲ။ အဲဒါကြောင့် သားတွေကို စိတ်ဓာတ်ကြံ့ခိုင်သူ ဖြစ်အောင်လို့ ဒီအချက်တွေနဲ့ လမ်းညွှန်ပေးပါ။

၁။ အရှုံးကို ရင်ဆိုင်တတ်ဖို့ သင်ပေးပါ။

ဘဝက အနိမ့်အမြင့်အတက်အကျတွေ အမြဲရှိနေဆဲပါပဲ။ အတ္တမပါဘဲ အရှုံးကို ရင်ဆိုင်တတ်ဖို့ နားလည်သွားတဲ့အခါ ဆုံးရှုံးမှုတွေ ရှိလာရင်တောင် နာကျင်ခံစားရတဲ့ဝေဒနာက လျော့ပါးသွားမှာပါ။ အရှုံးတွေ ရရှိလာရင်တောင် တစ်ဖက်သားကို လေးစားမှုရှိအောင် သင်ကြားပေးဖို့က မဖြစ်မနေလိုအပ်တဲ့ အရည်အချင်းတစ်ရပ်ပါပဲ။

၂။ အချိန်တိုင်းမှာ သန်မာနေစရာမလိုပါဘူး။

ယောကျ်ားလေးတွေမှာလည်း ခံစားချက်တွေရှိတာကြောင့် ဝမ်းနည်းစရာတွေကို အမြဲတမ်း ဖုံးကွယ်ထားစရာမလိုကြောင်း မိဘတွေက ပြောပြပေးပါ။ စိတ်ဓာတ်ခိုင်မာချင်ယောင် ဆောင်နေတာက စိတ်ဓာတ်ခိုင်မာသွားတာမဟုတ်ပါဘူး။ ခံစားချက်တွေကို အမြဲတမ်းဖုံးကွယ်ပြီး ဟန်ဆောင်ပါများတဲ့အခါ စိတ်ကျန်းမာရေးနဲ့ ဘဝရဲ့ပျော်ရွှင်မှုတွေကိုပါ ထိခိုက်စေပါတယ်။

၃။ အမှားတွေကို ဝန်ခံတတ်ဖို့ သင်ပေးပါ။

လူတိုင်းဟာ ဘယ်သူမှ မပြည့်စုံတာကြောင့် အမှားနဲ့လည်း မကင်းပါဘူး။ အမှားကို ဝန်မခံချင်လို့ ခေါင်းရှောင်တာက မှားပြီးရင်း မှားသွားစေပါတယ်။ အဲဒါကြောင့် အမှားကို လက်ခံတတ်အောင်၊ အမှားကို ဝန်ခံတတ်အောင်၊ အမှားကနေ သင်ခန်းစာယူတတ်အောင် သင်ကြားပေးပါ။

၄။ မိဘတွေနဲ့ ပွင့်ပွင့်လင်းလင်း ပြောနိုင်အောင် လမ်းဖွင့်ပေးပါ။

သားတွေ အကူအညီလိုတဲ့ အချိန်တိုင်းမှာ မိဘတွေက အမြဲရှိနေကြောင်း ဖော်ပြပေးဖို့ လိုအပ်ပါတယ်။ သားတွေရဲ့ အခက်အခဲတွေအတွက် လုံခြုံစိတ်ချစွာ နားထောင်ပေးနိုင်မယ့်သူတွေဟာ မိဘတွေဖြစ်တဲ့အခါ ပိုပြီးရင်းနှီးနွေးထွေးမှုတွေ ရှိလာမှာပါ။

၅။ အခြားသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို လေးစားမှုထားဖို့ သင်ကြားပေးပါ။

မိန်းကလေးတစ်ယောက်နဲ့ ပြောထားတဲ့ စာတွေ၊ ပုံတွေကို အခြားသူတွေကို ဖြန့်ပြီး ဂုဏ်သိက္ခာကျအောင်ပြုလုပ်တာက ယောက်ျားကောင်းတွေရဲ့လုပ်ရပ် မဟုတ်ပါဘူး။ အမျိုးသမီးတွေကို ကောင်းကောင်းမွန်မွန်ဆက်ဆံဖို့အတွက် မိဘတွေက လမ်းညွှန်ပေးပါ။

၆။ အမျိုးသမီးတွေကို လေးစားတတ်ဖို့ ပြောပြပေးပါ။

အမျိုးသမီးတွေကို လေးစားမှုထားတတ်တဲ့အကျင့်၊ အကူအညီပေးတတ်တဲ့အကျင့်က အမျိုးသားတိုင်းမှာ ရှိသင့်တဲ့အရာပါပဲ။ အမျိုးသမီးတွေအပေါ်မှာ မစားရတဲ့အမဲ သဲနဲ့ပတ်သလို လုပ်တဲ့အပြုအမူတွေက အမြဲတမ်းသိမ်ငယ်နေရမယ့်လုပ်ရပ်တွေ ဖြစ်သွားစေမှာပါ။ အဲဒါကြောင့် ဒီလိုအချက်တွေကို ဆယ်ကျော်သက်အရွယ်ကတည်းကနေ ဖြည်းဖြည်းချင်း သင်ကြားပေးလို့ရပါတယ်။

၇။ သပ်သပ်ရပ်ရပ်သန့်သန့်ရှင်းရှင်းနေတတ်ဖို့

ယောကျ်ားလေးအများစုက အိမ်မှုကိစ္စတွေ လုပ်ရမှာ စိတ်မဝင်စားပေမယ့် အခြားသူနဲ့ အခန်းအတူတူငှားနေတဲ့အခါ အိမ်မှုကိစ္စတွေက လုပ်တတ်ဖို့ လိုအပ်ပါတယ်။

အချက်အပြုတ်၊ သန့်ရှင်းရေး၊ အလျှော်အဖွပ်ကိစ္စတွေက မိန်းကလေးတွေရဲ့ အလုပ်တင်မဟုတ်ဘဲ ယောက်ျားလေးတွေပါ တတ်ထားရမယ့်အရာတွေ ဖြစ်ကြောင်း အမေတွေက သင်ကြားပြသပေးပါ။ အမြဲသပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း နေထိုင်နေတတ်တာကလည်း အားသာချက်တစ်ခုပါပဲ။

၈။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေဖို့

စိတ်က အရာရာကို ဦးဆောင်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု မရှိတဲ့အခါ ဘယ်အရာကိုပဲလုပ်လုပ် မဝံ့မရဲဖြစ်နေမှာပါ။ အဲဒီအတွက် မိဘတွေက သားတွေကို ယုံကြည်မှုပေးဖို့လည်း လိုအပ်ပါတယ်။ ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရဲရဲဝံ့ဝံ့မှန်မှန်ကန်ကန် လုပ်ဆောင်တတ်တဲ့အခါ သားတွေမှာ ရလဒ်ကောင်းတွေ ရလာမှာပါ။

၉။ စိတ်ဖိစီးမှုတွေကို ထိန်းချုပ်တတ်စေဖို့

စိတ်ဖိစီးနေတဲ့အခါမှာ ဘာမဆိုလုပ်မိသွားပြီး၊ ပြောမိသွားပြီး နောက်မှ နောင်တရနေတတ်ပါတယ်။ အဲဒါကြောင့် သားတွေကို စိတ်ဖိစီးမှုတွေကို ဘယ်လိုထိန်းချုပ်မလဲ၊ ဘယ်လိုလျော့ပါးအောင်လုပ်မလဲ ဆိုတာကို သင်ပေးပါ။

စိတ်လိုက်မာန်ပါ လုပ်မိလိုက်တဲ့အရာတွေကြောင့် ဘဝမှာ အရေးပါတဲ့လူတွေ ထွက်သွားနိုင်သလို ဘယ်တော့မှပြန်မရနိုင်တဲ့ အရာတွေကိုလည်း ဆုံးရှုံးသွားရတတ်ပါတယ်။ စိတ်ခံစားချက်ကို ကောင်းကောင်းမွန်မွန် ထိန်းချုပ်နိုင်တာက ပြဿနာတွေအများကြီးကို မဖြစ်အောင် ဟန့်တားနိုင်ပါတယ်။

၁၀။ သူငယ်ချင်းမိတ်ဆွေတွေကို တန်ဖိုးထားတတ်ဖို့

ခိုင်မာတဲ့ဆက်ဆံရေးတွေက ဘဝမှာအရမ်းကို အရေးပါပါတယ်။ ခိုင်မာတဲ့ဆက်ဆံရေးတွေ ပျက်ယွင်းပြီးနောက်မှာတော့ ကျန်းမာရေးနဲ့ ပျော်ရွှင်မှုတွေကို ထိခိုက်လာစေနိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments