ငွေကြေးသုံးစွဲတာနဲ့ပတ်သက်ပြီး လူအများစုလုပ်မိတတ်တဲ့ အမှား (၁၁) ချက်

ဘဝမှာ မရှိမဖြစ်သိထားသင့်တဲ့ အရည်အချင်းတွေထဲမှာ ငွေကြေးစီမံခန့်ခွဲမှုလည်း ပါဝင်ပါတယ်။ ဝင်ငွေတွေအများကြီး ရှိနေပေမယ့် ငွေကြေးစီမံခန့်ခွဲမှု မကောင်းတဲ့အခါ အခက်အခဲတွေ ကြုံတွေ့ရမှာပါ။

အဲဒါကြောင့် ငွေကြေးနဲ့ပတ်သက်ပြီး လူအများစု လုပ်မိတတ်ကြတဲ့ အမှားတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ငွေဖြုန်းနိုင်တဲ့ သူငယ်ချင်းတွေနဲ့အပြိုင် ငွေကိုသုံးစွဲခြင်း

သင့်ထက်ပိုပြီး ဝင်ငွေကောင်းတဲ့ သူငယ်ချင်းနဲ့အပြိုင် ဒီဇိုင်နာအိတ်တွေ၊ အဝတ်အစားတွေဝယ်ပြီး ခရီးတွေ ထွက်နေမယ်ဆိုရင် သင့်မှာ ငွေစုမိမှာ မဟုတ်တော့ပါဘူး။ အဓိကက သင်သုံးမယ့်ပမာဏကို ကန့်သတ်ပြီး အကြွေးမတင်အောင် သုံးစွဲဖို့ပါပဲ။

၂။ လစာကို သင့်တင်လျောက်ပတ်စွာ မစီမံနိုင်ခြင်း

သင့်ရဲ့လစာကို ၅၀ /၃၀ /၂၀ ဆိုပြီး ခွဲလိုက်ပါ။ လစာရဲ့ ၅၀ ရာခိုင်နှုန်းက အိမ်စရိတ်၊ အစားအသောက်၊ သွားလာစရိတ်၊ ဘီလ်အတွက် သုံးပြီး ၂၀ ရာခိုင်နှုန်းကို စုပါ။ ၃၀ ရာခိုင်နှုန်းကိုတော့ သင်သွားချင်တဲ့နေရာ၊ လုပ်ချင်တဲ့အရာတွေအတွက် အသုံးပြုပါ။ လစာထက် ထွက်ငွေက ပိုများနေရင် အကြွေးတွေ ပိလာမှာပါ။

၃။ အပြင်က အစားအစာတွေကို မှာစားခြင်း

သင်က အိမ်နဲ့အဝေးရောက်နေချိန်မှာ အပြင်က အစားအစာတွေကို အမြဲမှာစား ဖြစ်နေပါလိမ့်မယ်။ အဲဒီအခါ အစားအစာအတွက် ငွေအကုန်များပြီး သင့်ရဲ့ငွေကြေးက လုံလောက်မှာ မဟုတ်တော့ပါဘူး။ အဲဒါကြောင့် ကိုယ်တိုင်ချက်ပြုတ် စားသောက်တာက ငွေကုန်သက်သာတဲ့အပြင် ကျန်းမာရေးနဲ့လည်း ညီညွတ်စေပါတယ်။

၄။ Credit card နဲ့ ငွေပေးချေခြင်း

Credit card နဲ့ ငွေရှင်းရင် ငွေကို ပိုပြီး သုံးမိသွားတတ်ပါတယ်။ မလိုအပ်တာတွေလည်း ဝယ်မိသွားတတ်ပါတယ်။ အဲဒါကြောင့် တတ်နိုင်သမျှ ငွေသားနဲ့ရှင်းတာက အပိုငွေမကုန်စေတော့ပါဘူး။

၅။ အနာဂတ်အတွက် မစီစဉ်ထားခြင်း

သင့်အသက် ၂၀ ဝန်းကျင်မှာ အနာဂတ်အတွက် ငွေစုဖို့ သတိမရတာ အမှားကြီးပါပဲ။ အလုပ်ကနေ အနားယူတဲ့အခါ အသုံးပြုဖို့ငွေကိုလည်း စုထားဖို့ လိုအပ်ပါတယ်။

၆။ အာမခံလုပ်ထားဖို့ မေ့နေခြင်း

အနာဂတ်မှာ ထိခိုက်ဒဏ်ရာရတာ၊ မကျန်းမာတာ၊ ရာသီဥတုဘေးနဲ့ အခြားပြဿနာတွေကို ကြိုပြီးမမြင်နိုင်ပါဘူး။ အဲဒါကြောင့် အာမခံ လုပ်ထားဖို့ကိုလည်း မမေ့သင့်ပါဘူး။

၇။ အလုပ်အသစ်ကိုပြောင်းဖို့ မစွန့်စားရဲခြင်း

သင့်ရဲ့လက်ရှိအလုပ်က ဝင်ငွေသေချာနေတာဖြစ်လို့ ပိုကောင်းတဲ့အလုပ်ကို ပြောင်းဖို့ မဝံ့မရဲဖြစ်နေတတ်ပါတယ်။ သင်က အသက် ၂၀ကျော်ဆိုရင် သင့်ဘဝမှာ ဖြစ်ချင်တဲ့စိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့အတွက် စွန့်စားဖို့မကြောက်ရွံ့နေသင့်ပါဘူး။

၈။ အိမ်မွေးတိရစ္ဆာန်တွေနဲ့ပတ်သက်ပြီး ငွေသုံးများခြင်း

အိမ်မွေးတိရစ္ဆာန်လေးတွေက သင့်အတွက် သူငယ်ချင်းကောင်း၊ အဖော်ကောင်းအဖြစ် လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် အိမ်မွေးတိရစ္ဆာန်အချို့ဟာ ဈေးကြီးတဲ့အပြင် သူတို့ရဲ့စရိတ်ကလည်း မနည်းပါဘူး။ အိမ်မွေးတိရစ္ဆာန်မွေးတော့မယ်ဆိုရင် သင့်ရဲ့ဝင်ငွေနဲ့ ချိန်ဆပြီးမှသာ မွေးဖို့ ပြန်စဉ်းစားသင့်ပါတယ်။

၉။ ကိုယ့်ကိုယ်ကိုယ် အရမ်းအလိုလိုက်ခြင်း

ကိုယ့်ကိုယ်ကိုယ် အလိုလိုက်တာများပြီး မလိုအပ်တာတွေ ဝယ်မိပြီးနောက်မှာတော့ နောင်တတွေပဲ ရနေမှာပါ။ ဝယ်လိုက်တဲ့အချိန်မှာပဲ ပျော်ရွှင်ရပေမယ့် နောက်ပိုင်းမှာတော့ ငွေကြေးကြပ်တည်းလာတဲ့အခါ ဝမ်းနည်းနေရမှာပါ။ ကိုယ့်ကိုယ်ကိုယ် အလိုလိုက်တာ၊ ပျော်ရွှင်အောင်ထားတာက လိုအပ်ပေမယ့် ငွေကို အတိုင်းအဆနဲ့ သုံးဖို့ကလည်း အရေးကြီးပါတယ်။

၁၀။ စောစောစီးစီး အိမ်ခွဲနေခြင်း

အရွယ်ရောက်ပြီးနောက် မိဘအိမ်နဲ့ ခွဲနေတော့မယ် ဆိုရင်လည်း သေချာစဉ်းစားသင့်ပါတယ်။ သင့်မှာ သေချာတဲ့ဝင်ငွေ၊ အလုပ်အကိုင်ရှိပြီးနောက် အိမ်ခွဲနေမယ်ဆိုရင်တော့ ပိုပြီးအဆင်ပြေမှာပါ။

၁၁။ အနာဂတ်ကို အရမ်းတွေးပူခြင်း

ဘဝမှာ စိတ်ဖိစီးမှုတွေက မလွဲမသွေကြုံရတဲ့ အရာတွေပဲ။ လစာမကောင်းလို့၊ အလုပ်မှာ အဆင်မပြေလို့ဆိုပြီး အခက်အခဲတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါပေမယ့် ဘယ်အရာမှ အမြဲတမ်း ဖြစ်မနေတဲ့အတွက် တစ်ချိန်ချိန်မှာ အဆင်ပြေသွားတတ်ပါတယ်။ အချိန်က အကောင်းဆုံးအဖြေပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments