လတ်ဆတ်တဲ့သရက်သီးကို ရွေးချယ်နည်း

သရက်သီးမှာ လူသားတွေရဲ့ကျန်းမာရေးကို အကျိုးပြုတဲ့ဗီတာမင်ဓာတ်တွေ အများကြီး ပါဝင်ပါတယ်။ သရက်သီးက လူကြိုက်အများဆုံး အသီးတွေထဲမှာ တစ်မျိုးအပါအဝင်ပါပဲ။

အဲဒါကြောင့် သရက်သီးကို ဝယ်ယူတဲ့အခါ ဘယ်လိုရွေးချယ်သင့်လဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

အသီးပုံစံ

သရက်သီးမှည့်က အနီရောင် သို့မဟုတ် လိမ္မော်ရောင် သို့မဟုတ် အဝါရောင်ဖြစ်နေတတ်သလို အစိမ်းရောင်လည်း ဖြစ်နေတတ်ပါတယ်။ သရက်သီးအမျိုးအစားပေါ်မူတည်ပြီး အရောင်တွေက ကွဲပြားသွားပါတယ်။ သရက်သီးမှာ အပေါက်လေးတွေ၊ ပွန်းရာလေးတွေ ထင်နေရင် သရက်သီးပိုးထိုး နေနိုင်ပါတယ်။

အဲဒါကြောင့် စင်းလုံးချောလှပနေတဲ့ သရက်သီးကိုသာ ရွေးချယ်ပါ။ သရက်သီးမှာ အနက်ရောင် အစက်အပြောက်လေးတွေ ရှိနေရင် သရက်သီးက ပုပ်နေတာမဟုတ်ပါဘူး။ အဲဒီသရက်သီးတွေက မှည့်ပြီး စားလို့ရနေပါပြီ။

နူးညံ့မှု

မှည့်နေတဲ့သရက်သီးကို ကိုင်ကြည့်လိုက်ရင် အခွံက နူးညံ့ပြီး တင်းတင်းရင်းရင်း ရှိပါတယ်။ အရမ်းတင်းရင်းနေရင်လည်း မမှည့်သေးပါဘူး။ သရက်သီးမှည့်နေလားဆိုတာကိုသိဖို့ လက်မလေးနဲ့ အနည်းငယ် ဖိကြည့်လိုက်ပါ။

အသီးထဲကို အနည်းငယ်ချိုင့်ဝင်သွားရင် သရက်သီးမှည့်နေပါပြီ။ ဖိကြည့်လိုက်တဲ့အခါ အရမ်းချိုင့်ဝင်သွားရင်တော့ အမှည့်လွန်နေတဲ့ သရက်သီးပါ။

အနံ့

မှည့်နေတဲ့သရက်သီးနံ့က အရမ်းကို မွှေးပါတယ်။ ချိုအီအီမွှေးပျံ့တဲ့ သရက်သီးရနံ့က သရက်သီးအညှာကနေ ထွက်ပါတယ်။ သရက်သီးကနေ ချိုအီမွှေ့းပျံ့တဲ့အနံ့မထွက်သေးရင် သရက်သီး မမှည့်သေးပါဘူး။ ချဉ်စုပ်စုပ်အနံ့ ထွက်နေရင်တော့ အသီးက ပုပ်တော့မှာဖြစ်တာကြောင့် မဝယ်သင့်ပါဘူး။

မဝယ်သင့်တဲ့သရက်သီးများ

- သရက်သီးက ရှုံ့တွနေတယ်ဆိုရင် အစောကြီးခူးထားပြီး မှည့်ချိန်မရလိုက်တာပါ။

- သရက်သီးကို ဖိကြည့်လိုက်တဲ့အခါ အရည်တွေ ထွက်လာရင် အမှည့်လွန်နေပါပြီ။

- သရက်သီးက အရောင်စိုစိုပြည်ပြည်မရှိဘဲ မွဲခြောက်ခြောက် ဖြစ်နေရင်လည်း မရွေးချယ်သင့်ပါဘူး။

- သရက်သီးမှာ အရည်တွေ အရမ်းထွက်နေရင် သူ့ဘေးက ပုပ်နေတဲ့သရက်သီးရဲ့ မှိုတွေ ဝင်နေပါပြီ။

သရက်သီးမှည့်လာအောင် ပြုလုပ်နိုင်မယ့်နည်းလမ်းများ

မမှည့်သေးတဲ့သရက်သီးကို ဝယ်လာတဲ့အခါ မှည့်အောင်ပြုလုပ်နိုင်မယ့် နည်းလမ်းတွေ ရှိပါတယ်။

- သရက်သီးကို အလင်းရောင်မရတဲ့ ခပ်မှောင်မှောင်နေရာမှာ ရက်အနည်းငယ်ကြာထားပါ။ မမှည့်သေးတဲ့သရက်သီးကို ရေခဲသေတ္တာထဲ မထည့်လိုက်ပါနဲ့။ နွေးထွေးတဲ့အပူချိန်ရှိမှသာ သရက်သီးက မှည့်လာတာပါ။

- သရက်သီးကို စက္ကူအိတ်ထဲမှာ ရက်အနည်းငယ်ကြာထည့်ထားပါ။ သရက်သီးက အီသိုင်လင်းထုတ်လွှတ်ပြီး မှည့်လာပါတယ်။

- သရက်သီးကို မြန်မြန်မှည့်ချင်ရင် အိတ်တစ်လုံးထဲမှာ ငှက်ပျောသီး ၃ လုံးလောက်နဲ့ ရောထည့်ထားပါ။ အခန်းအပူချိန်မှာ ၂ ရက်ကနေ ၄ ရက်လောက်ထားရင် သရက်သီးက မှည့်လာပါပြီ။

- လတ်ဆတ်တဲ့သရက်သီးကို မြန်မြန်မှည့်ဖို့အတွက် ဆန်ထဲမှာ ရောထည့်ထားလို့လည်း ရပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments