မိဘတွေက ကလေးတွေ အချိန်အကြာကြီး ဗိုက်ဆာနေမှာ၊ ဗိုက်မပြည့်မှာကို အလွန်အမင်း စိုးရိမ်တတ်ကြပါတယ်။ ကလေးတွေက ဗိုက်ပြည့်လား၊ မပြည့်လားဆိုတာကို လက်ဟန်အမူအရာနဲ့ ပြတတ်ကြပါတယ်။ အဓိကကတော့ ကလေးတွေပြတတ်တဲ့ အမူအရာကို နားလည်ထားရင် အဆင်ပြေသွားမှာပါ။
မွေးကင်းစကလေးလေး ဗိုက်ဆာနေတာကို ဘယ်လိုသိနိုင်မလဲ။
ကလေးလေးတွေက စကားမပြောတတ်ခင်မှာ ခြေဟန်လက်ဟန်နဲ့ မိဘတွေကို ဆက်သွယ်တတ်ကြပါတယ်။ သူတို့ဗိုက်ဆာနေရင်လည်း အမူအရာလေးနဲ့ ဖော်ပြကြပါတယ်။
- လက်ချောင်းလေးတွေကို စုပ်နေခြင်း
- ခေါင်းကို ဟိုစောင်းဒီစောင်းလုပ်ပြီး မိခင်နို့ သို့မဟုတ် နို့ဘူးကို ရှာနေခြင်း
- နှုတ်ခမ်းကို လျှာနဲ့ သပ်နေခြင်း၊ နှုတ်ခမ်းကို လက်ဝါးနဲ့ရိုက်နေခြင်း
- လက်သီးကို တင်းတင်းကျပ်ကျပ်စုပ်ထားခြင်း
- ပါးစပ်ကို ပွင့်လိုက်၊ ပိတ်လိုက် အကြိမ်ကြိမ်ပြုလုပ်ခြင်း
- ကလေးကို ချီထားတဲ့အချိန်မှာ မိခင်ရဲ့ရင်ခွင်ထဲကို ခေါင်းထိုးဝင်ခြင်း
- အချိန်အကြာကြီးအိပ်တာမဟုတ်ဘဲ နိုးကြားနေခြင်း
- ခြေထောက်ကို မြှောက်ခြင်း
- လူးလွန့်နေခြင်း
စတဲ့အမူအရာတွေက ကလေးတွေ ဗိုက်ဆာနေကြောင်း မိဘတွေကို ပြောပြနေတဲ့ အမူအရာတွေပါပဲ။
ကလေးတွေကို နို့မဝမချင်း နို့တိုက်ဖို့ကတော့ အရေးအကြီးဆုံးပါပဲ။ ကလေးလေးတွေ ဗိုက်ပြည့်သွားပြီဆိုရင်လည်း အမူအရာလေးတွေနဲ့ ဖော်ပြတတ်ကြပါတယ်။
- မိခင်ရဲ့နို့ကို ဖယ်လိုက်ခြင်း
- မလူးလွန့်တော့ဘဲ ငြိမ်သွားခြင်း
- လက်ကို မစုပ်တော့ဘဲ အနားယူသွားခြင်း စတဲ့အမူအရာတွေကို ပြတတ်ပါတယ်။
သင့်ရဲ့ကလေးလေး ဗိုက်ပြည့်လား မပြည့်လားဆိုတာ မကွဲပြားဘူးဆိုရင် သူတို့ကို လေထုတ်ပေးလိုက်ပါ။ ပြီးတော့ နောက်ထပ် နို့တိုက်တာ သို့မဟုတ် နို့ဘူးတိုက်တာကို ပြုလုပ်ပါ။ ဗိုက်ပြည့်သွားတဲ့ ကလေးက ထပ်ပြီး နို့စို့ဖို့ စိတ်မဝင်စားတော့ပါဘူး။
အသက် ၆ လကနေ ၂ နှစ်အရွယ်အထိ ကလေးတွေ ဗိုက်ဆာနေလား ဆိုတာကို ဘယ်လိုသိနိုင်မလဲ။
လမ်းလျှောက်တတ်ကာစ ကလေးလေးတွေက ဗိုက်ဆာပြီရင်
- အစားအစာရှိတဲ့နေရာကို ရောက်အောင်သွားပြီး လက်ညှိုးထိုးပြတတ်ပါတယ်။
- အစားအစာကို မြင်ရင် စိတ်လှုပ်ရှားနေတတ်ပါတယ်။
- ခွံ့ကျွေးလိုက်ဖို့ ပြင်ပြီဆိုတာနဲ့ ပါးစပ်ကို ကြိုပြီး ဟထားပါတယ်။
- ခြေဟန်လက်ဟန်နဲ့ သူတို့ဗိုက်ဆာနေပြီဖြစ်ကြောင်း ဖော်ပြကြပါတယ်။
လမ်းလျှောက်တတ်ကာစ ကလေးတွေ ဗိုက်ပြည့်နေပြီဆိုရင်
- အစားအစာနဲ့ အဝေးကို မျက်နှာလွှဲထားပါတယ်။
- ပန်းကန် သို့မဟုတ် ဇွန်းကို အဝေးသို့ တွန်းပို့လိုက်ပါတယ်။
- ကျွေးတော့မယ်ဆိုရင် ပါးစပ်ကို အတင်းပိတ်ထားတတ်ပါတယ္။
- သူတို့ဗိုက်ပြည့်နေပြီဖြစ်ကြောင်း ခြေဟန်လက်ဟန်နဲ့ ပြောပြကြပါတယ်။
Zombie (Lovemedia)
0 Comments