ကျန်းမာရေးကောင်းဖို့အတွက် ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ လူသားတွေအတွက် ခံတွင်းသန့်ရှင်းရေးက အရေးကြီးသလို အိမ်မွေးတိရစ္ဆာန်လေးတွေအတွက်လည်း ခံတွင်းသန့်ရှင်းရေးက အရေးကြီးပါတယ်။
အဲဒါကြောင့် ဒီနေ့မှာတော့ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ခံတွင်းကို ကျန်းမာအောင် သွားတွေကို ဘယ်လိုဂရုစိုက်ပေးနိုင်မလဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။
လိုအပ်သောပစ္စည်းများ
- အိမ်မွေးတိရစ္ဆာန်တွေအတွက် ထုတ်လုပ်ထားတဲ့ သွားတိုက်ဆေး (လူတွေသုံးတဲ့ သွားတိုက်ဆေးက အိမ်မွေးတိရစ္ဆာန်တွေရဲ့ အစာအိမ်ကို ထိခိုက်စေပါတယ်)
- သွားတိုက်တံ
- ပိတ်စ
အဆင့် ၁
အိမ်မွေးတိရစ္ဆာန်လေးတွေကို သွားတိုက်ပေးတော့မယ်ဆိုရင် သူတို့အတွက် အေးအေးဆေးဆေး ဖြစ်မယ့်အချိန်ကို ရွေးချယ်ပါ။ သွားတိုက်ပေးတော့မယ်ဆိုရင် ကြောင်လေးတွေက ပိုပြး ခက်ခဲပါတယ်။
အဲဒါကြောင့် သူတို့အကြိုက်ဆုံးနေရာမှာ ရှိနေတဲ့အချိန်ကို ရွေးချယ်ပါ။ ခွေးလေးတွေ၊ ကြောင်လေးတွေ ဗိုက်ဆာနေတဲ့အချိန်ဆိုရင် သွားတိုက်ဖို့ ခေါ်ရတာ ပိုပြီး အဆင်ပြေပါတယ်။
အဆင့် ၂
သင့်ရဲ့ကြောင်လေး၊ ခွေးလေးက သူတို့သွားကို ထိခွင့်ပေးလားဆိုတာကို အရင်ဆုံးသတိထားပြီးကြည့်သင့်ပါတယ်။ သွားတိုက်ဆေးကို လက်ပေါ်မှာ အနည်းငယ်တင်ပြီး လျက်ခိုင်းကြည့်ပါ။ အိမ်မွေးတိရစ္ဆာန်တွေအတွက် ထုတ်လုပ်ထားတဲ့သွားတိုက်ဆေးက မြေပဲထောပတ်လို အရသာရှိပါတယ်။
အဲဒီအရသာကို သူတို့မကြိုက်ဘူးဆိုရင်တော့ အခြားအရသာရှိတဲ့ သွားတိုက်ဆေးကို ပြောင်းသင့်ပါတယ်။ ခွေးလေးတွေ၊ ကြောင်လေးတွေကို ခံတွင်းသန့်ရှင်းရေး လုပ်ပေးမယ်ဆိုရင် မရှိမဖြစ်လိုအပ်တာကတော့ စိတ်ရှည်တာပါပဲ။
အဆင့် ၃
သွားတိုက်ဆေးအရသာကို သူတို့သဘောကျပြီဆိုရင်တော့ သွားတိုက်ပေးလို့ ရပါပြီ။ သွားတိုက်ပေးတဲ့အခါ ဘေးတိုက်မတိုက်ဘဲ စက်ဝိုင်းပုံစံ တိုက်ပေးပါ။ သွားတိုက်တဲ့အခါ ၂ မိနစ်ကြာအောင် တိုက်ပေးပါ။ အထူးသဖြင့် စွယ်သွားနဲ့ နောက်သွားတွေကို ပိုပြီး ဂရုစိုက်ပေးပါ။
သွားတိုက်တံနဲ့ တိုက်ပေးတာ မကြိုက်ဘူးဆိုရင် ပိတ်စလေးပေါ်မှာ သွားတိုက်ဆေးကို တင်ပြီး တိုက်ပေးလို့ရပါတယ်။ ကြောင်လေးတွေအတွက် ဆိုရင်တော့ အသေးဆုံးသွားတိုက်တံလေးတွေကို ရွေးချယ်သင့်ပါတယ်။
အဆင့် ၄
သွားတိုက်တာ အောင်မြင်သွားပြီ ဆိုရင်တော့ သူတို့ကို ဆုချပေးပါ။ သူတို့ကြိုက်တတ်တဲ့ အစားအစာလေးတွေကို ကျွေးပြီး ဆုချပေးလို့ရပါတယ်။ ခွေးလေးတွေ၊ ကြောင်လေးတွေကို သွားတိုက်ပေးတာက သွားကျန်းမာရေး၊ ခံတွင်းကျန်းမာရေးအပြင် အစာအိမ်ကျန်းမာရေးကိုပါ ဂရုစိုက်ပြိးသား ဖြစ်စေပါတယ်။
Bonus
- တစ်ပတ်ကို ၂ ကြိမ်မှ ၃ ကြိမ်အထိ သွားတိုက်ပေးပါ။
- သွားတိုက်ပေးတဲ့အခါ စိတ်ရှည်ရှည်ထားပေးဖို့တော့ လိုအပ်ပါတယ်နော်။
Zombie (lovemedia)
0 Comments