သင့်ကလေးကို ငယ်စဉ်ကတည်းက ပေါင်းသင်းဆက်ဆံရေးတိုးတက်ဖို့ လမ်းညွှန်ပေးနိုင်မယ့်အချက် (၇) ခု

သင့်ကလေးကို ငယ်စဉ်ကတည်းက ပေါင်းသင်းဆက်ဆံရေးစွမ်းရည် ပြည့်ဝအောင် လမ်းညွှန်ပေးထားတာက သူ့ဘဝအတွက် အများကြီးအထောက်အကူ ဖြစ်စေပါတယ်။ ကလေးတွေက ယေဘုယျအားဖြင့် အဖော်ကို ခုံမင်တဲ့သဘာဝ ရှိတတ်ကြပါတယ်။

အဲဒါကြောင့် ကလေးတွေကို ပေါင်းသင်းဆက်ဆံရေးမှာ ဝင်ဆံ့သူဖြစ်စေဖို့ နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ မျက်လုံးချင်းဆက်သွယ်မှု

အချင်းချင်းစကားပြောတဲ့အခါ ပြောသူရဲ့မျက်လုံးနဲ့ ဆက်သွယ်မှုလုပ်တတ်ဖို့ သင့်ကလေးကို သင်ကြားပေးပါ။ နှုတ်ကပြောနေတဲ့အပြင် မျက်လုံးချင်းပါ ဆက်သွယ်တဲ့အခါ ပိုပြီးရင်းနှီးမှုရစေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း တိုးစေပါတယ်။ ဒါပေမယ့် မျက်လုံးချင်းဆက်သွယ်တဲ့အခါ အကြည့်တွေ ယဉ်ကျေးနေဖို့လည်း လိုအပ်ပါသေးတယ်။

၂။ စာနာစိတ်

လူသားပီသသူဖြစ်ဖို့ စာနာစိတ်က အရေးကြီးပါတယ်။ သင့်ကလေးနဲ့အတူ ရုပ်ရှင်အတူတူ ကြည့်တဲ့အခါ ရုပ်ရှင်ရဲ့အကြောင်းအရာပေါ်မူတည်ပြီး စာနာစိတ်အကြောင်းကို ထည့်သွင်းပြီး သင်ကြားပေးလို့ရပါတယ်။ ပြီးနောက် ကလေးကို သူ့အမြင်ကို ပွင့်ပွင်းလင်းလင်း ပြောနိုင်ဖို့ လမ်းဖွင့်ပေးပါ။ စာနာစိတ်က ပေါင်းသင်းဆက်ဆံရေးမှာ အခြေခံအကျဆုံး အချက်ပါပဲ။

၃။ စိတ်ခံစားချက်

သင့်ကလေးက စိတ်ခံစားချက်တွေကို ခွဲခြားတတ်သွားပြီဆိုရင် စိတ်ခံစားချက်တွေကို အခြေအနေပေါ်မူတည်ပြီး ဘယ်လိုဖော်ပြရမလဲ၊ ဘယ်လိုတုံ့ပြန်ရမလဲ ဆိုတာကို နားလည်သွားပါတယ်။

သင့်ကလေးက ရှက်တတ်သူဆိုရင် သူရဲ့ခံစားချက်ကို ဖော်ပြဖို့ အဆင်ပြေတဲ့အခြေအနေတစ်ခု ပေးပါ။ ဒါ့အပြင် နေ့စဉ်ဘဝမှာ "ကျေးဇူးတင်ပါတယ်၊ ကျေးဇူးပြုပြီးတော့..." စတဲ့စကားလုံးတွေနဲ့ အမြဲရင်းနှီးနေအောင် သင်ကြားပေးပါ။

၄။ ကိုယ်ပိုင်အချိန်

လူတိုင်းမှာ ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင်နေရာရှိတတ်ကြပါတယ်။ သင့်ကလေးကို ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင်နေရာယူတတ်ဖို့ ပြောပြသင့်သလို တစ်ပါးသူရဲ့ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင်နေရာကို လေးစားတတ်ဖို့လည်း သင်ကြားပေးပါ။

၅။ ကစားခြင်း

ကလေးတွေကို ပေါင်းသင်းဆက်ဆံရေးတိုးတက်ဖို့ အလွယ်ဆုံးနည်းကတော့ အခြားကလေးတွေနဲ့အတူတူကစားဖို့ ခွင့်ပြုတာပါပဲ။ သင့်ကလေးကို သီးသန့်တစ်ယောက်တည်း ကစားခိုင်းတာက အသက်ကြီးတဲ့အထိ ပေါင်းသင်းဆက်ဆံရေးမှာ အားနည်းသွားစေပါတယ်။

ကစားတဲ့သူအချင်းချင်း နားလည်မှုရှိတာ၊ စည်းမျဉ်းတွေချမှတ်တာ၊ ကိုယ်ချင်းစာစိတ်ထားတာ၊ စုပေါင်းလုပ်ဆောင်တတ်တာ၊ ဦးဆောင်တတ်တာ၊ သနားညှာတာ စတဲ့အချက်တွေကို ကလေးအချင်းချင်း ကစားခြင်းကနေ တတ်မြောက်သွားနိုင်ပါတယ်။

၆။ နောက်ထပ်တစ်ဆင့်ထပ်တက်ပါ။

သင့်ကလေးက ရွယ်တူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ အဆင်ပြောလာပြီဆိုရင် နောက်တစ်ဆင့်ကို ထပ်တက်လို့ရပါပြီ။ ပြင်ပလောကမှာ ရဲရဲရင့်ရင့် ပြောဆိုတတ်အောင်၊ ဆွေးနွေးညှိနှိုင်းတတ်အောင်၊ ပြဿနာကို မျှမျှတတဖြေရှင်းတတ်အောင် သင်ကြားပေးရပါပြီ။

၇။ လက်တွေ့ဘဝမှာ ရှင်သန်ဖို့ခွင့်ပေးပါ။

သင့်ကလေးက ပေါင်းသင်းဆက်ဆံရေး ပြေပြစ်သူဆိုရင် ဘယ်လိုလူမျိုးနဲ့မဆို အဆင်ပြေအောင် နေထိုင်တတ်သွားပါပြီ။ Social media နဲ့ အမြဲအချိန်ကုန်နေတဲ့ကလေးက ပေါင်းသင်းဆက်ဆံရေးမှာ အားနည်းသွားမှာပါ။

ကလေးက လူကြောက်တတ်သူဆိုရင် အားကစားလုပ်ခိုင်းတာ၊ ကစားကွင်းမှာ အခြားကလေးတွေနဲ့ ကစားခိုင်းတာတွေကို ပြုလုပ်ခိုင်းပါ။

Zombie (lovemedia)

Post a Comment

0 Comments