သူခိုးနှင့် ငါးပါးသီလ

အလွန်ကို ဆင်းရဲသော လယ်သမား တယောက်သည် လယ်ကလည်း မဖြစ်၊ စပါးကလည်း မထွက်၊ အခွန် ကလည်း ဖိစီးလာ သောကြောင့် ကြံရာမရ ဖြစ်ကာ ခိုးမိလေသည်။ သူနေသော နိုင်ငံကား သူများ ပစ္စည်းကို ခိုးလျှင်လည်း သေဒဏ် ကျခံရသည့် နိုင်ငံ ဖြစ်နေသည်။

လယ်သမား ကံမကောင်းပါ။ တခါခိုး တခါ မိသည်။ ထို့ကြောင့် သူ့ကို ကြိုးပေး သတ်ရမည် ဖြစ်သည်။ သူခိုးကို လူအများ စုံရာ ကွင်းထဲတွင် ကြိုးစင်ဖြင့် သတ်ရန် ခေါ်လာသူမှာ မြို့ဝန် ဖြစ်သည်။ လူသတ်ကွင်းကို ဘုရင် ကလည်း ရောက်လာသည်။ ကြိုးစင်ပေါ် တက်ခါနီးတွင် လယ်သ မားက မြို့ဝန်ကို ပြောလေသည်။

"ကျွန်တော်မျိုး မသေမီ လျှို့ဝှက်ချက် တခု ပြောပြခဲ့ချင် ပါသည်" "ဘာများလဲ သူခိုးရယ်" "ကျွန်တော်မျိုး၏ လျှို့ဝှက်ချက်သည် အလွန် အရေးကြီး သောကြောင့် ဘုရင့် ရှေ့မှောက်တွင် ပြောလျှင် ပိုကောင်း ပါလိမ့်မည်။ ဘုရင်ကြီး ကိုလည်း သိစေချင်သောကြောင့် ဖြစ်သည်" "ကောင်းပြီ၊ ငါ မင်းကြီးကို သွားပြီး လျှောက်ထားကြည့်မယ်"

မြို့ဝန်က ဘုရင်ထံ ရောက်လာပြီး သူခိုးက လျှို့ဝှက်ချက် တခု ပြောပြီးမှ သူ့ကို ကြိုးပေးရန် ပြောကြောင်း လျှောက်ထားလေသည်။ လျှို့ဝှက်ချက်ကို လူတိုင်း စိတ်ဝင်စားသည်။ ဘုရင်လည်း လူ ဖြစ်သည်။ ထို့ကြောင့် "ရှေ့တော်မှောက် ခေါ်ခဲ့စမ်း" ဟုဆိုသည်။ "ဟဲ့ သူခိုး ပြောလော့။ အဘယ် လျှို့ဝှက်ချက်နည်း"

လယ်သ မားက သူ့ခါးပုံစထဲမှ သစ်စေ့တစေ့ကို ထုတ်လိုက်သည်။ "ဟောဒီ သစ်စေ့ဟာ မြေမြှုပ် ထားလိုက်လျှင် တညတည်းနှင့် အပင်ကြီး တပင် ဖြစ်လာပါ လိမ့်မည်။ သီးသော အသီးများ ကလည်း စားသူမှာ အသက်ရှည်ကာ အသက် တရာကျော်တိုင်အောင် နေနိုင်ပါသည် ဘုရား"

"ဟုတ်ရဲ့လား သူဆင်းရဲ။ သူခိုးစကား ယုံစားစရာ အကြောင်းမရှိ" "မယုံလည်း ကျွန်တော်မျိုးကို သတ်ပါတော့ဘုရား" "နေဦး သင်ကိုယ်တိုင် စိုက်လော့။ နောက်တနေ့ နံနက် ရောက်သည်နှင့် သင်ပြောသည့် အတိုင်း မဟုတ်လျှင် သင့်ကို သာမက သင့်မိသားစုကိုပါ အပြစ်ပေးမည် နားလည်လား"

"နားလည်ပါတယ် ဘုရား။ သစ်စေ့ကို စိုက်ရန် အတွက် ဤနေရာတွင် ကျင်းသေးသေးလေး တခု လာတူးပေးပါ ဘုရား" ဟု လယ်သမားက ဆိုသော် ဘုရင်က "ဟဲ့ စစ်သူကြီး သင့်ဓားနဲ့ ကျင်းတူးပေးလိုက်" ဟု အမိန့်ပေးသည်။ စစ်သူကြီးက ဓားထုတ်က ကျင်းလေးတကျင်း တူးပေးသည်။ "ကဲ စိုက်ပေတော့"

"ကျွန်တော်မျိုးက သစ်စေ့ပဲ ပေးမှာပါ ဘုရား။ ကိုယ်တိုင်က သူခိုး ဖြစ်နေသည့် အတွက် ငါးပါသီလကို ကျူးလွန် ဖောက်ဖျက်ထားသူ ဖြစ်နေပါသည် ဘုရား။ ငါးပါးသီလ မလုံသူမှာ ဤသစ်စေ့ကို စိုက်လည်း ဘာမျှ ဖြစ်လာမည် မဟုတ်ပါ။ သို့ဖြစ်ရာ ငါးပါးသီလ လုံမည် ထင်ရသော စစ်သူကြီး ကိုယ်တိုင်ကို စိုက်ပါစေ ဘုရား။

တခုတော့ သတိပေးပါရစေ ဘုရား။ ဤသစ်စေ့သည် အသက်ရှည်သီးကို သီးစေသည့် သစ်စေ့ ဖြစ်သလို၊ သီလ မလုံသည့်သူ စိုက်ပါကလည်း ချက်ချင်း လဲကျကာ သေဆုံးနိုင် ပါသည် ဘုရား" "ကိုင်း ဒီလို ဆိုမှတော့ စစ်သူကြီး သူ့ဆီက သစ်စေ့ကို ယူကာ စိုက်ပျိုးစေဗျား"

စစ်သူ ကြီး အခက် တွေ့နေသည်။ စစ်စရိတ် ငွေတွေကို ခိုးထားသည့် အပြင်၊ စစ်လက်နက်တွေ ကိုလည်း အရည်အသွေး နိမ့်သည့် ပစ္စည်းများ သွင်းရန် လာဘ်ယူ ထားသေးသည်။ လိမ်လည်း ပြောတတ်သူ ဖြစ်နေသေး သောကြောင့် သစ်စေ့ကို မယူဝံ့။ ထို့ကြောင့် "ကျွန်တော်မျိုးမှာ သီလ မလုံသောသူ ဖြစ်သဖြင့် မယူဝံ့ကြောင်းပါ" "ကိုင်း ဒါဆို မြို့ဝန် ကိုယ်တိုင် စိုက်စေ"

မြို့ဝန်လည်း အခက်တွေ့ နေပြီ။ မနေ့ကပဲ သူတပါး မယားကို ပြစ်မှား ခဲ့သည်။ သူ့မယား လိုချင်သောကြောင့် သူ့လင်ကို လှံနှင့် ထိုးရာတွင်လည်း ကိုယ်တိုင် ဖြစ်နေသည်။ ထို့ကြောင့် "ကျွန်တော်မျိုးလည်း မစိုက်ဝံ့ပါ ဘုရား" ဟု လျှောက်တော့ ဘုရင်က "ခက်နေပါပေါ့လား။ ကိုင်း မိဖုရားကြီး လာလှည့် သစ်စေ့စိုက်ဗျား"

မိဖုရားကြီးကလည်း ပုဏ္ဏားတော်ကြီးနှင့် ဖောက်ပြန် နေသည်။ "သားတော် လာခဲ့" သားတော်ကလည်း တနိုင်ငံလုံး ပစ္စည်း ငါ့ပစ္စည်း အဖြစ် ခိုးယူ သိမ်းပိုက် ထားသူ ဖြစ်နေသည်။ ဟိုရှောင် သည်ရှောင် ထွက်ပြေးသူ တွေပြေး ဖြစ်ကုန်သည်။

လယ်သမားက ဆိုသည်။ "အရှင်မင်းကြီး၊ အရှင်မင်းကြီးသည်ကား တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေသူ ဖြစ်သောကြောင့် အရှင်မင်းကြီးသာ ဤသစ်စေ့ကို စိုက်ပျိုးရန် အသင့်လျော်ဆုံးသူ ဖြစ်ပါလိမ့်မယ် ဘုရား။ စိုက်တော်မူပါ"

ဘုရင် အခက်ကြုံ နေပြီ။ ထီးနန်းကို မတရား သိမ်းပိုက်ထားသည်။ ပြည်သူတွေကို သတ်ချင်တိုင်း သတ်သည်။ မင်းဘဏ္ဍာ ငါ့ဟာ မှတ်ကာ တိုင်းပြည်ဘဏ္ဍာ ထဲမှ ခိုးထားသည်ကလည်း ထားစရာနေရာပင် မရှိ။ လိမ်ပြီး အမိန့်တွေ ထုတ်နေသည်ကလည်း ထီး နန်း တက်လာကတည်းကဖြစ်သည်။ ထို့ကြောင့် ဘုရင်က လယ်သမား လှမ်းပေးနေသော သစ်စေ့ကို မယူဝံ့။

"ဟဲ့ မြို့ဝန်" "ဘုရား" "နင့်ကောင်ကို မြန်မြန် လွှတ်လိုက်တော့" လယ်သမား တောင်းဆိုမှုက သူ့ခမည်းတော်နှင့် မယ်တော်တွေ အဆင့်အထိ ရောက်လာလျှင် ဟု တွေးကာ ဘုရင်က နန်းတော်ထဲကို မြန်မြန်ဝင်သည်။ တင်ညွန့်

Post a Comment

0 Comments