ရှေးရှေးတုန်းက တိုင်းပြည် တပြည်မှာ မင်းလုပ် အုပ်ချုပ်နေတဲ့ ဘုရင်ကြီး တပါးဟာ သူဆင်းရဲသား အယောင်ဆောင် ရုပ်ဖျက်ပြီး တိုင်းပြည် အခြေအနေ လေ့လာဖို့ မင်းနေပြည်က တိတ်တဆိတ် ထွက်ခဲ့ပါတယ်။ သူပထမဆုံး ရောက်ခဲ့တဲ့ နေရာက အလွန် ဆင်းရဲတဲ့ အဖိုးအို လင်မယား နေတဲ့ တဲအိမ်အ စုတ်ကလေးပါ။
အဖိုးအို လင်မယားဟာ ပင်ပန်း ဆင်းရဲစွာနဲ့ ယာခင်းထဲမှာ စိုက်ပျိုးလုပ်ကိုင် စားသောက် နေရတာကို အယောင်ဆောင် ဘုရင်ကြီးက တွေ့ရပါတယ်။ အဲဒီမှာ တညအိပ် တည်းဖို့ ခွင့်တောင်းတော့ အဖိုးအို လင်မယားက ခွင့်ပြုပြီး လိုလေသေး မရှိအောင်လည်း ရှိတာလေးနဲ့ ဧည့်ခံ ကျွေးမွေးကြ ပါတယ်။
လူဆင်းရဲပေမယ့် စေတနာ မဆင်းရဲတဲ့ အဖိုးအို လင်မယားကို အယောင်ဆောင် ဘုရင်ကြီး စိတ်ထဲက ကျေးဇူးတင်နေ မိတာပေါ့။
ညကျတော့ အိပ်ယာ မဝင်ခင် အတူထိုင် စကားစမြီ ပြောကြတဲ့ အခါ ဘုရင်ကြီးက "အဖိုးတို့မှာ စားမယ့် သောက်မယ့် လူလည်း မရှိဘဲ ဘာလို့ ဒီလောက် ပင်ပန်းကြီးစွာ အလုပ်တွေ လုပ်နေရတာလဲ။ ဒီအရွယ် ဆိုတာ သားထောက် သမီးခံ အလုပ် လွှဲထားပြီး ဘုရားသွား ကျောင်းတက် လုပ်နေရမှာ မဟုတ်လား" ဟု ပြောပါတယ်။ ဒီအခါ အဖိုးအိုက ဒီလို ပြန်ပြီး ပြောပါတယ်။
"အမောင် ပြောတာ ဟုတ်တော့လည်း ဟုတ်ပါရဲ့။ ဒါပေမယ့် သားသမီး ဆိုတာလည်း သူ့မီးနဲ့ သူ့အပူ ဖြစ်နေကြတာ ကလား။ ကျုပ်တို့မှာလည်း ကိုယ်စားဘို့ တင်မက ခိုးမှူးကြီးလည်း ပေးရသေးတယ်၊ အာဂန္တု ဧည့်သည် ကိုလည်း ကျွေးရတယ်၊ သမုဒ္ဒရာထဲလည်း ပစ်ချ နေရသေးတယ်၊ ရန်သူကိုလည်း ရှာဖွေ ကျွေးမွေးနေရ ပါတယ်"
အဖိုးအို စကားက ဘုရင်ကြီးအတွက် ထူးဆန်းနေ ပါတယ်။ အဓိပ္ပါယ်ကိုလည်း သဘော မပေါက်တာကြောင့် အဖိုးအိုကို "အဖိုးစကားရဲ့ အဓိပ္ပါယ်ကို တဆိတ်လောက် ရှင်းပြပါလား ခင်ဗျာ" လို့ ပြန်မေးမိ တော့တယ်။
ဒီအခါ အဖိုးအိုက အဓိပ္ပါယ်ကို ရှင်းပြပါတယ်။ "ဒီလိုပါ အမောင် ခိုးမှူးကြီးကို ပေးရတယ် ဆိုတာက တိုင်းပြည်ကို ဓားပြသူခိုး ရန်သူမျိုးတွေရဲ့ ရန်က ကာကွယ်ပေးထားတဲ့ ဘုရင်မင်းမြတ်တို့အား အခွန်ဘဏ္ဍာ ဆက်သပေးနေရလို့ ဖြစ်ပါတယ်"
"ဘုရင်ကို ဘာလို့ ခိုးမှူးကြီး ဆိုရပါသလဲ အဖိုး" "ကျွန်ုပ်တို့တွေ နဖူးကချွေး ခြေမ ကျအောင် ရှာဖွေထားရတဲ့ ဥစ္စာတွေကို သူခိုးဓားပြလက် မပါရအောင် ကာကွယ် ထိန်းသိမ်း ပေးနိုင်စွမ်း ရှိလို့ ခိုးသူတို့ရဲ့ အကြီးအမှူးလို့ ဆိုလိုတာပါ"
ဘုရင်ကြီးဟာ အဖိုးအိုရဲ့ အဖြေကို သဘောကျ သွားပါတယ်။ ဒါနဲ့ နောက်ထပ် စကားတခွန်းကို ထပ်မေးပြန် ပါတယ်။ "အာဂန္တု ဧည့်သည်ကိုကျွေးမွေးရတယ် ဆိုတာကရော ဘယ်လို အဓိပ္ပါယ် ပါလိမ့်ဗျာ"
"လောကမယ် မိဘက ကျွေးမွေး စောင့်ရှောက် ခဲ့ရတဲ့ သားသမီး ဆိုတာ တကယ်တော့ ဧည့်သည်တွေ ပါပဲ အမောင်။ အချိန်တန် အရွယ်ရောက် တဲ့အခါ သူတို့လမ်း သူတို့ လျှောက်ကြတာပဲ မဟုတ်လား။ ဒါကြောင့် သူတို့ကို အာဂန္တုလို့ ဆိုရတာပါမောင်"
ဒီစကားကိုလည်း ဘုရင်ကြီးက သဘောကျ ပြန်ပါတယ်။ နောက်ထပ် စကား အဓိပ္ပါယ်ကိုလည်း ထပ်မေးလိုက် ပြန်တယ်။ "သမုဒ္ဒရာထဲလည်း ချရတယ် ဆိုတာကရော ဘာအဓိပ္ပါယ်ပါလဲ အဖိုး"
"ဒါက ဒီလိုပါ ချောင်းမြစ် အသွယ်သွယ်တို့က လာတဲ့ရေ မှန်သမျှဟာ ပင်လယ် သမုဒ္ဒရာထဲ စီးဝင်ကြပေမဲ့ ပြည့်ရိုးထုံးစံ မရှိသလိုပဲ တနေ့ တနေ့ ကျုပ်တို့ စားသမျှ အားလုံး ဝမ်းခေါင်းထဲမှာ ပြည့်တယ်လို့ မရှိတာ အမောင်အသိပဲ မဟုတ်လား။ ဒါကြောင့် သမုဒ္ဒရာထဲ ပစ်ချရတယ် ဆိုတာ ရှာဖွေရသမျှ ကျုပ်တို့ အသက်ရှင်သန်ဖို့ ဒီဝမ်းခေါင်းထဲ အစာစားပြီး ဖြည့်ထဲ့နေရ တယ်လို့ ဆိုလိုတာပါပဲ" "ဒါဆို နောက်ဆုံးစကား ဖြစ်တဲ့ ရန်သူကို ရှာဖွေ ကျွေးမွေးနေရတယ် ဆိုကရော"
"ဒါက ပိုအရေးကြီးပါတယ် အမောင်။ ကိုယ်က ချစ်ခင်လို့ ပေါင်းသင်း နေထိုင်နေတဲ့ ဇနီးမယားဟာ ကိုယ့်ရဲ့ ရန်သူပါဘဲ" "အလို ဒီစကား ကတော့ အဆန်းပါလား ရှင်းပြပေးပါဦး အဖိုးရဲ့"
"စိတ်တူကိုယ်တူ ဆိုပြီး ကိုယ်က ချစ်ခင် ပေါင်းသင်း နေပေမဲ့ ကိုယ့်ရဲ့ အသက်စည်းစိမ်ကို အများဆုံး ဒုက္ခပေးနိုင်ချေ ရှိတာ ဒီဇနီးမယား ပါပဲ အမောင်။ ဒီစကားကတော့ အရေးကြုံ လာတဲ့ အခါမှ အမောင် သိပါလိမ့်မယ်။ အခုတော့ ရန်သူကိုလည်း ရှာဖွေ ကျွေးမွေးနေတယ်ပဲ မှတ် သားလိုက်ပါ အမောင်"
နောက်ဆုံးစကားကို ဘဝင်မကျ ပေမယ့် မှတ်သားလောက်စရာမို့ လက်ခံလိုက်ပြီး သူဟာ ဘုရင်ဖြစ်ကြောင်း ပြောဆိုလိုက်တော့ အဖိုးအို လင်မယားဟာ ပြူးပြူးပျာပျာ ဖြစ်သွားပါ တော့တယ်။
"မကြောက်ကြပါနဲ့ အဖိုး။ တခုတော့ ပြောပါရစေ။ အခုအဖိုးပြောတဲ့ စကားကြီး လေးခွန်းကိုတော့ ဘယ်သူကိုမှ မပြောမိစေဖို့ မှာခဲ့ပါရစေ။ တကယ်လို့ ပေါက်ကြားခဲ့ရင် သေဒဏ်သင့်မှာကို သဘောပေါက် စေချင်တယ်" "မပေါက်ကြားစေဖို့ ဂတိပေးပါတယ် မင်းကြီး"
ဤသို့ဖြင့် ဘုရင်ကြီးလည်း နန်းတွင်းပြန်သွားပြီး နောက်တနေ့ ညီလာခံတွင် အဖိုးအို ပြောဆိုခဲ့သော စကားကြီး လေးခွန်းကိုမှူးမတ်တွေကို ပြောဆို မေးခွန်းထုတ်ပြီး အဓိပ္ပါယ်ကို မေးမြန်း ပါတော့တယ်။ မှူးမတ်တွေ အားလုံး မဖြေဆိုနိုင် ကြပါဘူး။ ဒီတော့ ဘုရင်ကြီးက ဖြေဆိုဖို့ အချိန် ခုနစ်ရက် ပေးလိုက်ပါတယ်။
မှူးမတ်တွေ အားလုံး အကြပ်ရိုက် နေချိန်မှာ လူလည်အမတ် တယောက်ကတော့ ဘုရင်ကြီး ခရီးထွက်ပြီး ပြန်လာမှ ဒီစကားလေးခွန်းကို မေးတာ ဆိုတော့ အကြောင်းရှိရမယ် လို့ စဉ်းစားပြီး ဘုရင်ကြီး သွားခဲ့တဲ့ လမ်းကြောင်းကို စုံစမ်းပြီး ရှာဖွေရာက အဖိုးအိုလင်မယား ရှိရာကို ရောက်သွား ပါတော့တယ်။
အမတ်လူလည်ဟာ အဖိုးအိုကို တံစိုးလက်ဆောင် ပေးပြီး စကားလေးခွန်းကို မေးပေမယ့် အဖိုးအိုဟာ လုံးဝ မပြောပါဘူး။နောက်ဆုံး အဖိုးအိုရဲ့ ဇနီးဖွားအိုကို အသပြာ ငွေ ၁၀၀၀ ပေးပြီး မေးတဲ့အခါ အဖွားအိုက ငွေကို ယူပြီး စကားလေးခွန်း အဓိပ္ပါယ်ကို ဖွင့်ဟ ပြောကြားလိုက် ပါတယ်။
ဒီလိုနဲ့ ရက်ချိန်း ခုနစ်ရက် ပြည့်လို့ ညီလာခံ ပြန်ဝင်တဲ့ အခါ ဘုရင်ကြီးကို ဘယ်သူမှ အဖြေမပေးနိုင် ကြပေမယ့် လူလည်အမတ် ကတော့ ခပ်ကြွားကြွားလေး ဖြေနိုင်လိုက်ပါတယ်။ ဒါပေမယ့် ဘုရင်ကြီးက သူ့အစွမ်းအစနဲ့ ဖြေနိုင်တာ မဟုတ်မှန်း သိနေတော့
"မှန်မှန် မပြောရင် သေဒဏ် ပေးမယ်။ ဘယ်လို သိလာတာလဲ မှန်မှန်ပြော" ဆိုပြီး အကြပ်ကိုင် မေးတော့မှ အဖိုးအိုလင်မယားဆီက သိလာတာလို့ အမှန်အတိုင်း ပြောပါတော့တယ်။ ဘုရင်ကြီးဟာ အဖိုးအိုလင်မယားကို အမျက်မာန်ရှပြီး ရှေ့တော် ဆင့်ခေါ်လိုက် ပါတယ်။
ရှေ့တော် ရောက်တဲ့ အခါ "အဖိုး ပေးခဲ့တဲ့ ဂတိကို ဖျက်ပြီး ဘာလို့ တားမြစ်ချက်ကို လွန်ဆန်ရ တာလဲ။ သေဒဏ် ပေးခံရမှာကို မကြောက်ဖူးလား" လို့ မေးပါတယ်။ ထိုအခါ အဖိုးအိုက
"မင်းကြီး ကျွန်တော်မျိုးဟာ ဆင်းရဲ နုံချာပေမယ့် ဂတိတလုံးကို အသက်ထက် ကာကွယ်ပါတယ်။ ကျွန်တော်မျိုး၏ ဇနီး ပြောကြားခြင်းသာ ဖြစ်ပါတယ်။ အသပြာငွေ ၁၀၀၀ အတွက် ကျွန်တော်မျိုး၏ အသက်ကို ရောင်းစားသည့် ဇနီးသည်ဟာ အနီးဆုံးရန်သူ ဖြစ်ကြောင်း မင်းကြီး ဒီလောက်ဆို သဘောပေါက် နားလည်ပြီလို့ ယုံကြည်ပါတယ်"
ဒီတော့မှ ဘုရင်ကြီးဟာ စိတ်ထဲ ဘဝင်မကျခဲ့တဲ့ နောက်ဆုံးစကားရဲ့ အဓိပ္ပါယ်ကို နားလည်လက်ခံ သွားပြီး သူဆင်းရဲ အဖိုးအိုလင်မယားကို ဆုလာဘ်များ ပေးသနားလိုက် ပါတော့တယ်။ Ashin Sandar Thiri Ye U
0 Comments