ရေကန်ထဲက ငါးသုံးကောင်

တခါတုန်းက ရေကန်တခုထဲမှာ ငါးသုံးကောင် အတူတကွ နေထိုင်ကြပါတယ်။ ငါးတကောင်စီမှာ မတူညီတဲ့ အကျင့်စရိုက်တွေ ရှိကြပါတယ်။

နံပါတ် ၁ ငါး က အတိတ်က အကြောင်းကိုသာ တွေးပြီး အမြဲ ပျင်းရိလေးကန် နေတတ်ပါတယ်။ အနာဂတ်အတွက် ကြိုတင် ပြင်ဆင်မှုတွေ လုပ်သင့်တယ် ဆိုတာကို ပထမငါးက လုံးဝ လက်မခံပါဘူး။

ပထမငါးဟာ "ကြိုတင် ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းသည်" ဆိုတဲ့ အဆိုကို လုံးဝ ဆန့်ကျင်တဲ့ သူမျိုးပါပဲ။ သူ့အတွက် ဖြစ်လာမှ ရင်ဆိုင်လိုက်မယ်၊ ဘာကိုမှ ကြိုမတွေးထား သလို ဘာကိုမှလည်း ကြိုတင် ပြင်ဆင်ထားခြင်း မရှိဘဲ အမြဲတမ်း ပျင်းရိနေတတ်ပါတယ်။

ဒုတိယငါး ကတော့ ပစ္စုပ္ပန်မှာ နေထိုင်တဲ့ ငါးပါပဲ။ ဒုတိယငါး ကတော့ ဉာဏ်ရှိပြီး ကြိုတင် ပြင်ဆင်မှုတွေ လုပ်တတ်သလို၊ နောက်ဆုံးမိနစ် မှာတောင် အကောင်းဆုံး ဆုံးဖြတ်ချက်တွေ ချတတ်သူမျိုးပါ။

တတိယငါး ကတော့ ဉာဏ်အကောင်းဆုံး ပါပဲ။ သူက အမြဲတမ်း ဖြစ်လာနိုင်တာ တွေကို ကြိုတင်တွက်ဆ ထားတတ်ပါတယ်။ ဉာဏ်ရှိစွာနဲ့ ဆုံးဖြတ်ချက် ချတတ်ပြီး အမြဲတမ်း သူ့ဆီမှာ စိတ်ဝင်စားစရာ ကောင်းတဲ့ အတွေးအခေါ် မျိုးတွေ ရှိနေတတ်ပါတယ်။ ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်တတ်အောင် လုံခြုံမှုရှိအောင် အမြဲ အကြံကောင်းတွေ ပေးတတ်ပါတယ်။

တနေ့မှာတော့ လူတွေရဲ့ စကားပြောသံကို ကြားတဲ့အတွက် ငါးတကောင်က ကျန်တဲ့ ငါးနှစ်ကောင်ကို တိတ်တိတ်လေး လာနားထောင်ဖို့ ခေါ်လိုက်ပါတယ်။ ရေကန်ပေါ်မှာ ပထမလူက ပြောနေသံကို ကြားရပါတယ်။

"ငါ ဒီကန်ထဲမှာ ငါးတွေရှိတာ တွေ့တယ်ကွ၊ တော်တော်လည်း ကြီးတယ်။ အဲဒီတော့ ငါတို့ တခြားနေရာမှာ အချိန်ဖြုန်းမယ့် အစား ဒီနေရာမှာပဲ ငါးမျှားကြရအောင်ကွာ"

ဒုတိယလူက ပြန်ပြောပါတယ်။ "အေး ဟုတ်တယ် မင်းအကြံကို ငါထောက်ခံတယ်။ ဒီကန်ထဲက ငါးတွေပဲ မျှားပြီး ချက်စားကြတာ ပေါ့ကွာ။ အဲဒါဆို ငါတို့ မနက်ဖြန် နေ့လည်လောက် ကျရင် ဒီနေရာမှာ ငါတို့ဆုံပြီး ငါးဖမ်းကြမယ်ကွာ"

စကားသံတွေ ဆုံးသွားတဲ့ အခါမှာတော့ ထိုလူနှစ်ယောက် ထွက်ခွာသွားတဲ့ ခြေသံတွေကို ကြားလိုက်ရ ပါတော့တယ်။ အဲဒီအချိန်မှာ ထိုလူနှစ်ယောက် ပြောသမျှကို နား ထောင်နေတဲ့ ငါး ၃ ကောင်က အချင်းချင်း စကားပြော ကြပါတယ်။

နံပါတ် ၃ ငါးက အခြားနှစ်ကောင်ကို ပြောလိုက်ပါတယ်။ "ဟေ့ကောင်တွေ သူတို့က မနက်ဖြန် ငါတို့ကို လာဖမ်းမယ့်အကြောင်းကို ပြောနေတာကွ။ အဲဒီတော့ ငါတို့ အခြားတနေရာကို ခဏလောက် ပြောင်းနေလိုက်တာ ကောင်းမယ်နော်"

နံပါတ် ၂ ငါးက ထပြောပါတယ်။ "အေး ဟုတ်တယ် ငါလည်း ကြားတယ်။ ဒါပေမယ့် မနက်ဖြန် သူတို့ပြန်လာမယ်၊ ပြန်မလာဘူးဆိုတာက မကျိန်းသေ ပါဘူးကွာ။ ဒီနားဝန်းကျင်က အခြားနေရာ မှာလည်း ငါးမျှားတာ ဖြစ်နိုင်တာပဲကွ၊ တကယ် ဖမ်းဖြစ်မဖမ်းဖြစ် ဆိုတာက မနက်ဖြန် သူတို့နှစ်ယောက် ပြန်လာမှ သေချာမှာလေကွာ"

အဲဒီ့အ ချိန်မှာ နံပါတ် ၁ ငါးက ထပြောပါတယ်။ “အမလေးကွာ လျစ်လျူရှု ထားလိုက်စမ်းပါ။ မနက်ဖြန်ထိ စဉ်းစားမနေနဲ့။ ခုလိုချိန်မှာ ငါတို့ အနားယူဖို့၊ အေးအေးဆေးဆေး နေဖို့ အချိန်ရ သေးတယ်၊ နေလိုက်အုံးမယ်" လို့ ပြောပြီးတာနဲ့ နံပါတ် ၁ ငါးကတော့ အေးဆေးပဲ ပြန်အိပ်နေသတဲ့။

နံပါတ် ၃ ငါးကတော့ ထိုနေရာ နားကနေ ခပ်မြန်မြန် ထွက်ခွာပြီး အခြား ဘေးကင်းတဲ့ နေရာတခုကို ပြောင်းသတဲ့။ နံပါတ် ၂ ငါးကတော့ "မနက်ဖြန် သူတို့ ပြန်လာတာ တွေ့မှ ငါတော့ လစ်တော့မယ်" ဆိုပြီး ကျန်ခဲ့သတဲ့။

နောက်တနေ့မှာ ငါးဖမ်းသမား ၂ ယောက် ပြန်ရောက်လာ ခဲ့ပါတယ်။ နံပါတ် ၂ ငါးက ထိုလူနှစ်ယောက်ကို မြင်တာနဲ့ သူလွတ်ဖို့ လမ်းကို အကြံထုတ် နေပါသတဲ့။

နံပါတ် ၂ ငါးက ကြိုတင် ကြံစည်ထားတဲ့ အတိုင်း မဖမ်းမိခင် မှာပဲ သေချင်ယောင် ဆောင်ပြီး နေပါတယ်။ ငါးဖမ်းသမားတွေဟာ နံပါတ် ၂ ငါးကို မြင်တဲ့အခါ သေပြီးသားငါးပဲ ဆိုပြီး အခြားငါးတွေ ပုပ်စော်နံမှာ စိုးတာကြောင့် နံပါတ် ၂ ငါးကို ရေကန်ထဲကို ပြန်လွှင့်ပစ် လိုက်ပါတယ်။ အဲဒီလိုနဲ့ နံပါတ် ၂ ငါးက လွတ် မြောက် သွားပါတယ်။

နံပါတ် ၁ ငါးကတော့ ကြောက်လန့်တကြား ဖြစ်နေတာက လွဲပြီး ဘာမှ မစဉ်းစားနိုင် ပါဘူး။ အဲဒီအချိန်မှာပဲ ငါးဖမ်းသမား ၂ ယောက်က နံပါတ် ၁ ငါးကို ဖမ်းမိသွား ပါတော့တယ်။ ခြင်းတောင်းထဲ ထည့်ပြီး မကြာခင်မှာပဲ အသက်သေဆုံး သွားရပါတော့တယ်။

အဲဒါကြောင့် ဘဝမှာ ကြိုတင်စီစဉ် ကာကွယ်ခြင်းဟာ ဘဝအတွက် ပိုကောင်းပါတယ် လို့ ပြောကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေရဲ့ ဘဝမှာလည်း မနက်ဖြန်မှ လုပ်လိုက်မယ် ဒီနေ့တော့ ဘာမှ မဖြစ်နိုင်ပါဘူးလို့ စဉ်းစားနေမယ့် အစား ကြိုတင်ကာကွယ် နိုင်သလောက် ကာကွယ်ခြင်းဟာ ဖြစ်လာမှ ကုသခြင်းထက် ပိုပြီး အကျိုးရှိတယ် ဆိုတာကို ဒီအကြောင်းအရာလေးက ပြောပြထားတာ ဖြစ်ပါတယ်။ BAWA

Post a Comment

0 Comments