အစွန်းနှစ်ဖက်ကို ရှောင်ပါ

တခါက ဖခင်တယောက်ဟာ သားဖြစ်သူကို ပျော်ရွှင်ခြင်းကို ရှုာဖွေဖို့ အတွက် စေလွှတ် လိုက်တယ်။ သားဖြစ်သူလည်း ပျော်ရွှင်ခြင်းကို ရှာဖွေဖို့ အတွက် ခရီးထွက် ခဲ့ရာ တောင်ကုန်းကြီး တခု ထိပ်မှာ တည်ရှိတဲ့ အလွန်တရာ ကြီးကျယ် ခမ်းနား လှပတဲ့ ရဲတိုက်ကြီး တခုဆီကို ရောက်လာခဲ့တယ်။

ရဲတိုက်ကြီးထဲ ရောက်တဲ့အခါ အဘိုးအို တဦးက ပျော်ရွှင်ခြင်းကို ရှာဖို့ လူငယ်လေးကို ဆီထည့်ထားတဲ့ ခွက်တခုကို ပေးတယ်။ ပြီးတော့ လူငယ်လေးကို ပြောတယ်။

"မင်း ဒီ ဆီခွက်လေးကို ကိုင်ပြီး ပျော်ရွှင်ခြင်းကို ဒီရဲတိုက်ထဲ လှည့်ရှာပါ။ ပြီးရင် ဒီနေရာကို ပြန်လာပါ။ ဒါပေမယ့် ဒီခွက်ထဲက ဆီတွေ လုံးဝ ဖိတ်လို့ မရဘူး" လို့ ပြောပြီး ဆီခွက်လေးကို လူငယ်ရဲ့ လက်ထဲ အပ်လိုက်တယ်။

လူငယ်လည်း ပျော်ရွှင်ခြင်းကို ရှာဖို့ အတွက် ရဲတိုက်ကြီးထဲ လှည့်လည် ခဲ့တယ်။ ကြီးကျယ် လှပတဲ့ ရဲတိုက်ကြီး ထဲကို လှည့်လည် ပေမယ့် လက်ထဲ ကိုင်ထားတဲ့ ဆီခွက်ထဲက ဆီတွေ ဖိတ်မှာစိုးလို့ ပတ်ဝန်းကျင်ကို သေချာ ဂရုစိုက် မကြည့်မိတော့ပါဘူး။

ဒီလိုနဲ့ မူလက စထွက်လာတဲ့ နေရာရောက်တော့ အဘိုးအိုက "ရဲတိုက်ကြီးထဲမှာ ပျော်ရွှင်ခြင်းကို တွေ့ခဲ့ရလား" လို့ မေးရာ လူငယ်မှာ "ဆီခွက် ကိုပဲ အာရုံစိုက်နေ ရတာကြောင့် ပျော်ဖို့ နေနေသာဘာ တခုမှ ဂရုမစိုက်နိုင် ခဲ့ပါဘူး" လို့ ပြန်ပြော ပြတယ်။

အဲဒါနဲ့ အဘိုးအိုက နောက်တကြိမ် ရဲတိုက်ကြီးကို တပတ် ပြန်ပတ်ခိုင်း ပြန်ပါတယ်။ ဒီတကြိမ် မှာတော့ လူငယ်လေးဟာ ရဲတိုက်ကြီးထဲက အလှအပ တွေကို တမေ့တမော ခံစားပါတယ်။

လူတွေ သွားလာ နေတာတွေကို ကြည့်လိုက် ရဲတိုက်ကြီးရဲ့ အလှအပတွေကို ခံစားလိုက်နဲ့ လာလိုက်တာ အဘိုးအိုဆီ ပြန်ရောက်ချိန် မှာတော့ လက်ထဲက ဆီခွက်မှာ ဆီတစက်မှ ပါမလာ တော့ပါဘူး။

ဒီလိုပါပဲ လောကကြီးထဲမှာ ကျင်လည်နေရတဲ့ ကျနော်တို့ တတွေလည်း ကိုယ့်အရေးကိုသာ ဂရုစိုက်ပြီး ပတ်ဝန်းကျင်ကို မေ့ထားကြရင် ပတ်ဝန်းကျင်နဲ့ ကင်းကွာပြီး ပတ်ဝန်းကျင်က သာယာလှပခြင်းတွေ ပျော်ရွှင်ခြင်းတွေဟာ ကိုယ့်ဆီကို ရောက်လာ မှာ မဟုတ်တော့ ပါဘူး။

ထို့ အတူပါပဲ ပတ်ဝန်းကျင်ရဲ့ အကြောင်းကိုသာ စိတ်ပါဝင်စား နေပြီး ကိုယ်လုပ်ကိုင်ရမယ့် အရာတွေကို မေ့ထားရင်လည်း အရာရာကို ဆုံးရှုံးနိုင်တယ် ဆိုတာ သိသာနေ ပါတယ်။

ဒါကြောင့် ချစ်မိတ်ဆွေ များလည်း ပူလွန်း အေးလွန်း သတိ လွန်ကဲခြင်း သတိ ကင်းကွာခြင်း အစွန်းနှစ်ဖက်ကို ရှောင်ရှားပြီး အရာရာကို ညီမျှအောင် ပြုမူ ဆောင်ရွက်နိုင် ကြပါစေ။ Khaing Khaing

Post a Comment

0 Comments