သူဌေးကြီးနှင့် သူခိုးနှစ်ယောက်

တခါတုန်းက ပစ္စည်းဥစ္စာ ချမ်းသာ ကြွယ်ဝတဲ့ သူဌေးကြီး တယောက်ရဲ့ အိမ်ကို သူခိုးနှစ်ယောက်က ဖောက်ထွင်း ခိုးယူဖို့ ကြံစည် ကြသတဲ့။ သူဌေးကြီးက သူ့ရဲ့ အိမ်ထဲကို လူစိမ်းတွေ ဝင်လာတာ ရိပ်စားမိ လိုက်တယ်။

ဒါပေမယ့် သူဌေးကြီးဟာ ဉာဏ်ပညာ ကြွယ်ဝသူ ဖြစ်တဲ့အတွက် ဘာမှမလုပ်ဘဲ သူ့ရဲ့ အနားမှာ အိပ်ပျော်နေတဲ့ သူ့ရဲ့ဇနီးကို နှိုးပြီး တိုးတိုးကလေး ပြောလိုက်တယ်။

"ရှင်မရေ၊ တို့အိမ်ထဲကို သူခိုးတွေ ဝင်နေတယ်။ ဘာမှတော့ ထိတ်လန့်တကြား မလုပ်နဲ့၊ ငါပြောတဲ့ အတိုင်း မင်းငါ့ကို မေးခွန်းမေးပေတော့" လို့ ပြောပြီး ဇနီးဖြစ်သူကို ပြောစရာရှိတာတွေ ပြောလိုက်တယ်။ သူဌေးကြီးရဲ့ ဇနီးလည်း၊ သူဌေးကြီး ပြောတဲ့အတိုင်း သူဌေးကြီးကို မေးသတဲ့။

"သူဌေးကြီး ဒီည ရှင့်ကို မေးစရာတခု ရှိတယ်။ အဲဒါ သေသေချာချာ ဖြေစမ်းပါ"

"ဘာလဲကွာ မင်းကလည်း ညကြီးမင်းကြီး ဘာများမေးမလို့လဲ" "ကျုပ် စဉ်းစားကြည့် မိတယ်။ အခု ကျုပ်တို့ ချမ်းသာ ကြွယ်ဝနေတဲ့ ပစ္စည်းဥစ္စာတွေကို ရှင်ဘယ်လိုများ ရှာဖွေခဲ့သလဲ"

"မင်းကလဲကွာ၊ အိပ်မှာသာ ကောင်းကောင်း အိပ်စမ်းပါ။ ငါ့ရဲ့ လျှို့ဝှက်ချက်တွေကို မပြောပါရစေနဲ့" လို့ သူဌေးကြီးက ငြင်းဆိုသတဲ့။ ဒါပေမယ့် သူဌေးကြီးရဲ့ ဇနီးဖြစ်သူ ကလည်း သူဌေးကြီး မှာထားတဲ့အတိုင်း မရမက မေးတာပါ။

သူဌေးကြီးရဲ့ အိမ်ထဲကို ရောက်နေတဲ့ သူခိုးနှစ်ယောက် ကလည်း သူဌေးကြီး ဘာပြောမလဲ ဆိုတာကို သိချင်ဇောနဲ့ တိတ်တိတ်လေး နားထောင် နေသတဲ့။

သူဌေးကြီးလည်း မရမက မေးနေတဲ့ ဇနီးဖြစ်သူကို မဖြေချင်ဘဲ ဖြေရတဲ့ ပုံစံနဲ့ ဖြေလိုက်တယ်။ "ကဲ မင်း ဒီလောက် သိချင်ရင်လည်း တသက်လုံး ငါ ဖုံးကွယ်ထားတာ တွေကို ပြောရတာပေါ့ကွာ။ တကယ်တော့ ငါ့မှာရှိတဲ့ ပစ္စည်းတွေဟာ ခိုးလို့ဝှက်လို့ရထားတဲ့ ပစ္စည်းဥစ္စာတွေ ပဲကွ။

မင်း အံ့သြ သွားသလား။ မအံ့သြပါနဲ့ကွာ။ တချိန်တုန်းက ငါဟာ သူခိုးတယောက်ပဲ၊ ငါ့မှာရှိတဲ့ ပစ္စည်းဥစ္စာတွေ မဟုတ်ပါဘူး။ ငါဟာ သူခိုးတွေရဲ့ ကြားမှာ နေခဲ့ရတယ်။ ငါ့ရဲ့ လက်တွေကို အားလပ်ချိန် မပေးဘဲ သူများတွေရဲ့ ဥစ္စာ ပစ္စည်းတွေကို ခိုးယူခဲ့တယ်။

တနေ့တော့ အဲဒီ သူခိုးတွေ အများကြီးထဲက ငါ့ကို ခင်မင်တဲ့ သူခိုးကြီး တယောက်က ပစ္စည်းဥစ္စာတွေ ရှိတဲ့ နေရာကို သိနိုင်တဲ့ နည်းလမ်းတခု ငါ့ကို သင်ကြားပေး ခဲ့တယ်။ အဲဒါကတော့ လရဲ့ အလင်းရောင်က စွမ်းအားတွေနဲ့ ခုန်ပျံကျော်လွှား နိုင်တယ်။ လရဲ့ အလင်းရောင် ကနေ ပစ္စည်းဥစ္စာ ရှိတဲ့နေရာကို သိနိုင်တယ်။

ပထမဦးဆုံး လမင်းကြီး ခင်ဗျား၊ ကျွန်တော့်ကို စွမ်းအင်တွေ ပေးပါ ဆိုပြီး လမင်းကြီးကို မေတ္တာရပ်ခံ ရတယ်။ အဲဒါကို အသံနေ အသံထား မှန်မှန်နဲ့ ခုနစ်ခေါက် ရွတ်ရတယ်။ အဲဒီနောက် လက်နှစ်ဖက်ကို ဆန့်တန်းပြီး လမင်းကြီးက စွမ်းအင်တွေကို ပွေ့ပိုက် ယူလိုက်ရတယ်။

အဲဒါဆိုရင် လမင်းကြီးဆီက စွမ်းအင် တွေကို ရပြီ ခုန်ပျံကျော်လွှား လို့လည်း ရတယ်။ လမင်းရဲ့ အလင်းရောင် ကလည်း ပစ္စည်းဥစ္စာတွေ ရှိတဲ့ နေရာကို ညွှန်ပြပေးတယ်။ အဲဒီလိုနည်းနဲ့ ပစ္စည်းဥစ္စာတွေကို ခိုးဝှက်ပြီး ချမ်းသာလာခဲ့တာပဲ"

သူဌေးကြီးပြောတဲ့ စကားကို တိတ်တိတ်ကလေး ခိုးပြီး နားထောင်နေတဲ့ သူခိုးနှစ်ယောက် ကလည်း သူတို့ကတော့ ပိုင်ပြီ ဆိုပြီး တွေးမိသတဲ့။ သူဌေးကြီး ပြောသွားတဲ့ နည်းကို အသုံးပြုဖို့လည်း စဉ်းစားမိကြတယ်။ သူခိုးနှစ်ယောက်ထဲက ခေါင်းဆောင်ဖြစ်တဲ့ သူခိုးဟာ လမင်းကြီးဆီကို မျက်နှာမူပြီး သူဌေးကြီး ပြောသလို ရွတ်ဆိုလိုက်တယ်။

အဲဒီနောက် သူ့ဆီကို လမင်းကြီးဆီက စွမ်းအင်တွေ ရောက်ရှိပြီလို့ ယုံကြည်ပြီး တိုက်ရဲ့ အမြင့်ဆုံး ပြတင်းပေါက်ကို ခုန်တက်လိုက်တယ်။ သူ့ရဲ့ အကြံကတော့ လရဲ့ အလင်းရောင်နဲ့ ပစ္စည်းဥစ္စာတွေ ရှိမယ့် နေရာကို ကြည့်မယ်ပေါ့။ ဒါပေမယ့် ကံမကောင်း အကြောင်းမလှတော့ ပြတင်းပေါက် ဘောင်ပေါ်ကို မတက်မိဘဲ အောက်ကို ပြုတ်ကျသွားသတဲ့။

သူဌေးကြီးလည်း သူခိုးရဲ့ ဖြစ်ပျက်ပုံ အလုံးစုံကို သိပြီး ခုတင်ဘေးနားမှာ ချိတ်ထားတဲ့ ဓားကို ထုတ်ယူကာ လဲနေတဲ့ သူခိုးဆီကိုရောက်လာခဲ့တယ်။ သူဌေးကြီး ထွက်လာတာကို မြင်တော့ ကျန်တဲ့ သူခိုး တယောက်လည်း ထွက်ပြေး သွားခဲ့တယ်။ လဲကျနေတဲ့ သူခိုးခေါင်းဆောင် ကတော့ မထနိုင်ဘဲ သူဌေးကြီးကို လက်အုပ်ချီ တောင်းပန်ကာ အဖမ်းခံလိုက် ရတော့သတဲ့။

Crd phoomyatchal သူရထိုက်ရဲ့ "အကြီးကျယ်ဆုံးသူနှင့် အခြားပုံပြင်များ" စာအုပ်မှ ပြန်လည် ရေးသား ဖော်ပြပါသည်။

Post a Comment

0 Comments