မှန်းချက်နဲ့ နှမ်းထွက်

တခါက လယ်သမား တဦးဟာ ညစဉ်ညတိုင်း ဖားအော်သံ တွေကြောင့် အိပ်ရေးပျက်လို့ နေပါတယ်။ ဖားအော်သံတွေက တနေ့တခြား ပိုပြီး ဆိုးရွား လာတာကြောင့် လယ်သမားကြီးဟာ အခုလိုပဲ အကြံဉာဏ် ထုတ်လိုက်ပါတယ်။

"ဒီဖားတွေကြောင့် ငါအိပ်ရေးပျက်ရပေါင်း များပြီ။ ဒီဖားတွေကို ဖမ်းပြီး လမ်းထိပ်က စားသောက်ဆိုင်ကို သွားရောင်းမယ် ဆိုရင်တော့ အိပ်ရေးဝဝလည်း အိပ်လို့ရမယ်၊ အပိုဝင်ငွေလည်း ရနိုင်တယ်" ဆိုပြီး ဆုံးဖြတ်ချက် ချကာ လမ်းထိပ်မှာ ရှိတဲ့ စားသောက်ဆိုင်ကို ထွက်သွားခဲ့ ပါတယ်။

စားသောက်ဆိုင်ကို ရောက်ပြီး ဆိုင်ပိုင်ရှင်ကို တွေ့တဲ့အခါ မှာတော့ "မိတ်ဆွေတို့ ဆိုင်မှာ အမြည်းဟင်းလျာ ကောင်းကောင်းရောင်းချနိုင်ဖို့ အတွက် ကျွန်တော်ဖားတွေကို ဖမ်းပေးနိုင်ပါတယ်။ အလိုရှိရင် ကျွန်တော့်ကိုပြောပါ" လို့ ပြောလိုက်တယ်။

ဆိုင်ရှင်ဖြစ်သူက "ဖား ဘယ်လောက်များများ ရှိလို့လဲ။ နေ့စဉ် ပုံမှန် ဖမ်းပေးနိုင်ပါ့မလား" လို့ ပြန်မေးလိုက်တဲ့အခါ "သိပ်ရှိတာပေါ့ဗျာ။ ကျွန်တော့်အိမ် ခေါင်းရင်းက လယ်ကွင်းထဲမှာ ဖားတွေ အများကြီး ရှိနေတယ်။ သူတို့အော်သံ တွေကြောင့် ကျွန်တော် အိပ်မပျော်တာ ရက်ပေါင်း အတော် ကြာနေပြီ" လို့ ပြန်ပြောလိုက် ပါတယ်။

"ကဲ ဒါဆိုရင်တော့ မနက်ဖြန်က စပြီးတော့ တနေ့ကို ဖား (၁၀) ကောင်လောက် ဖမ်းလာခဲ့ ပေးပါ" လို့ ပြောလိုက်ပါတယ်။ ညရောက်တဲ့အခါ မှာတော့ လယ်သမားကြီးဟာ ခေါင်းရင်းမှာ ရှိတဲ့ လယ်ကွင်းထဲကို ဆင်းပြီး အော်နေတဲ့ ဖားတွေကို ရှာဖွေပါတော့တယ်။

ဒီလိုနဲ့ နာရီ အတော်ကြာ ရှာဖွေပြီးတဲ့ နောက်မှာတော့ ဖားနှစ်ကောင်သာ ဖမ်းနိုင်ခဲ့ပါတယ်။ ထပ်မံ ရှာဖွေပေမဲ့လည်း ရှာမတွေ့တော့ တာကြောင့် မနက် မိုးလင်းတဲ့အခါ ဖမ်းမိတဲ့ ဖားနှစ်ကောင်ကိုပဲ လမ်းထိပ်ရှိ စားသောက်ဆိုင်ကို သွားပို့လိုက်ပါတယ်။

အဲ့ဒီအခါ ဆိုင်ရှင်ဖြစ်သူက "ဘယ်လိုဖြစ်ရတာတုန်း လယ်သမားကြီးရဲ့။ မနေ့က ပြောတော့ အိပ်လို့ မရအောင် အော်ဟစ် နေတဲ့ ဖားတွေ အများကြီး ရှိတယ်ဆို။ အခု ဖမ်းမိတော့ နှစ်ကောင်ထဲ ပဲလား" လို့ မေးလိုက်ပါတယ်။

အဲ့ဒီအခါ လယ်သမားကြီးက "ဟုတ်တယ်ဗျာ။ ကျွန်တော် ကြိုးစား ရှာဖွေပေမဲ့လည်း ဒီဖားနှစ်ကောင်က လွဲပြီး ဘာမှ ထပ်မတွေ့ တော့ဘူး။ ဒီဖားနှစ်ကောင်ကပဲ ကျွန်တော့်ကို အိပ်ရေးပျက်အောင် အော်နေကြတာပဲ။

အဲ့ဒါကို ကျွန်တော်က ဖားတွေအများကြီး အော်နေတယ်လို့ ယူဆမိလိုက်တာ" ဟု ဆိုကာ လက်ထဲမှာ ကိုင်ထားတဲ့ ဖားနှစ်ကောင်ကို ပေးကာ ရှက်ရှက်နဲ့ လာရာလမ်းအတိုင်း ပြန်လှည့်လာ ခဲ့ပါတယ်။

ဒီအကြောင်းအရာလေးကနေ ပေးချင်တဲ့ အသိလေးတခု ကတော့ ဘယ်ကိစ္စမဆို ထင်မြင်ချက် တခုတည်းနဲ့ အလွယ်တကူ မဆုံးဖြတ်သင့်ဘဲ အကြောင်းအရာရဲ့ ဖြစ်စဉ်ဇစ်မြစ်ကို ရှင်းရှင်းလင်းလင်း သိအောင် လေ့လာပြီးမှသာ ဆုံးဖြတ်သင့် ပါတယ်။

အဲ့ဒီလိုမှ မဟုတ်ရင်တော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဆိုသလို ထင်မှတ်ထားတာနဲ့ လွဲပြီး အရှက်ရစရာတွေ ဖြစ်စေနိုင်ပါတယ်။

ဖားနှစ်ကောင်ရဲ့ အော်ဟစ်သံက လယ်သမားကြီးကို အိပ်ရေးပျက်စေသလို ကျွန်တော်တို့ အပြင်လောက မှာလည်း ပတ်ဝန်းကျင်ရဲ့ ပုတ်ခတ်မှုတွေ ဘေးစကားတွေက စိတ်ထိခိုက်စေနိုင်တဲ့ အခါများလည်း ရှိပါတယ်။

အဲဒီလိုမျိုး ကြုံတွေ့လာပြီဆိုရင် တတ်နိုင်သလောက် လစ်လျုရှုပြီးတော့ ကိုယ်လုပ်စရာ ရှိတာကိုပဲ အကောင်းဆုံး ဆက်လက် လုပ်ဆောင်သင့် ပါတယ်။ Crd

Post a Comment

0 Comments