အနာအဆာကင်းပြီးလှပတဲ့ ခြေထောက်လေးရဖို့အတွက် ဂရုစိုက်နိုင်မယ့် နည်းလမ်း (၁၀) မျိုး

တစ်နေ့ကို လူသားတွေက ပျမ်းမျှအားဖြင့် ခြေလှမ်းပေါင်း ၅ထောင်ခန့် လမ်းလျှောက်ကြပါတယ်။ လူတစ်ယောက်ရဲ့သက်တမ်းမှာ သူလျှောက်ခဲ့တဲ့ ခြေလှမ်းတွေအားလုံးကို ပေါင်းလိုက်ရင် ကမ္ဘာကြီးကို ၅ ပတ်ပတ်လို့ ရပါတယ်။

နေရာတွေ အများကြီးရောက်အောင် ခေါ်သွားပေးတဲ့ ခြေထောက်ကို အမြဲတမ်း လှပကျန်းမာနေစေဖို့ ဂရုစိုက်နိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ရေမြှုပ်ကျောက်ခဲနဲ့ ခြေထောက်ကို ကြေးတွန်းပါ။

ဆဲလ်သေတွေကို ဖယ်ရှားဖို့၊ ခြေထောက်ကိုနူးညံ့စေဖို့အတွက် ရေမြှုပ်ကျောက်ခဲက အများကြီး ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့် ခြေထောက်ကို မထိခိုက်ဖို့အတွက် ကြေးတွန်းတော့မယ်ဆိုရင် ရေနွေးထည့်ထားတဲ့ဇလုံထဲမှာ ရေမြှုပ်ကျောက်ခဲနဲ့ ခြေထောက်ကို ၁၀ မိနစ်ခန့် စိမ်ထားပေးပါ။

အဲဒီနောက်မှ ရေမြှုပ်ကျောက်ခဲနဲ့ ခြေထောက်ကို ၃ မိနစ်ခန့် ပွတ်တိုက်ပေးပါ။ ခြေထောက်ကို ရေဆေးချပြီး အစိုဓာတ်ဖြည့်ခရင်မ်တစ်ခုခု လိမ်းပေးပါ။

၂။ Shaving cream ကို အသုံးပြုပါ။

ခြေထောက်က အမွေးအမျှင်တွေကို ဖယ်ရှားတဲ့အခါ ရေမပါရင်၊ shaving cream မပါရင် ခြေထောက်မှာ အသားအရေနီမြန်းတာ၊ နာကျင်တာ၊ လောင်တာကို ဖြစ်စေပါတယ်။ ဒါ့အပြင် ခြေထောက်မှာ အနီစက်လေးတွေပါ ဖြစ်လာစေပါတယ်။

အဲဒီလိုအနီစက်လေးတွေ ဖြစ်လာတာကို စတော်ဘယ်ရီ ခြေထောက်လို့လည်း ခေါ်ကြပါတယ်။ စတော်ဘယ်ရီခြေထောက်ဖြစ်လာရင် ဓားကို ပြောင်းပြီး အသုံးပြုသင့်သလို shaving cream ကိုလည်း သုံးသင့်ပါတယ်။

၃။ ခြေထောက်က အမွေးအမျှင်တွေကို ဖယ်ရှားနည်းအဆင့်ဆင့်

ခြေထောက်က အမွှေးအမျှင်တွေ မဖယ်ရှားခင်မှာ ခြေထောက်ကို အရင်ရေဆေးပါ။ ရေဆေးလုက်တာက အဆီနဲ့ ချွေးပေါက်ပိတ်စေတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပြီးသားဖြစ်စေပါတယ်။ အဲဒီနောက်မှ shaving cream ကို လိမ်းပါ။ ခြေထောက်က အမွေးအမျှင်တွေကို ဖယ်ရှားပြီးရင် အစိုဓာတ်ဖြည့်တဲ့ cream တစ်ခုခုလိမ်းပါ။

၄။ ခြေထောက်အတွက် သက်တောင့်သက်သာဖြစ်စေမယ့် ဖိနပ်ကိုသာရွေးချယ်ပါ။

ထိပ်ချွန်ဖိနပ်တွေ၊ တင်းကြပ်တဲ့ ဖိနပ်တွေကြောင့် ခြေထောက်ပေါက်တာ၊ နာကျင်တာ၊ နေရခက်တာကို ကြုံရစေပါတယ်။ ထိပ်ပိုင်းကျယ်တဲ့ ဖိနပ်တွေကို ရွေးချယ်တာက အကောင်းဆုံးပါပဲ။ ခြေပြားကြီးတဲ့သူတွေက ဖိနပ်အတွင်းမှာ ဖိနပ်ခုံထည့်ပြီး စီးတာက မတော်တဆထိခိုက်တာတွေကို ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

၅။ ခြေမပထမဆစ်မှာ အနာစိမ်းရှိတဲ့အခါ spreader ကို အသုံးပြုပါ။

Spreader က ခြေချောင်းလေးတွေကို ဖြောင့်တန်းပေးတဲ့အပြင် ပွတ်တိုက်မှုတွေကိုလည်း လျော့ပါးသွားစေပါတယ်။ ခြေမပထမဆစ်မှာ အနာစိမ်းရှိတဲ့သူတွေအတွက် spreader ကို အသုံးပြုရင် အရမ်းကို သက်တောင့်သက်သာ ဖြစ်သွားစေမှာပါ။

၆။ ဒူးအရေပြား

ဒူးမည်းတာက ဘာမှအန္တရာယ် မဖြစ်စေပါဘူး။ ဒါပေမယ့် ဒူးမည်းတာကို ပျောက်ဖို့ဆိုရင် alfa-hydro acid ပါတဲ့ peeling product တွေကို အသုံးပြုသင့်ပါတယ်။ alfa-hydro acid ပါတဲ့ peeling product တွေက ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကိုလည်း ချောမွေ့စေပါတယ်။ အိမ်မှာလည်း ရှားစောင်းလက်ပတ်ဂျယ်လ်၊ နနွင်းမှုန့်တို့ကို အသုံးပြုပြီး ဒူးမည်းတာကို ဖယ်ရှားလို့ရပါတယ်။

၇။ Epilator

Epilator က အမွေးအမျှင်တွေကို ဖယ်ရှားရာမှာ အမြစ်တွေကိုပါ ဖယ်ရှားပေးနိုင်တဲ့ ကိရိယာပါ။ ဒါပေမယ့် အသုံးပြုပုံမှားတဲ့အခါမှာတော့ အမွေးအမျှင်တွေက အမြစ်ကနေ မပါဘဲ ထိပ်ပိုင်းလေးတွေပဲ ညှပ်သလို ဖြစ်သွားစေပါတယ်။ Epilator ကို ကိုင်တဲ့အခါမှာ ၉၀ ဒီဂရီ အနေအထားအတိုင်းကိုင်ပြီး ဖြည်းဖြည်းချင်း ဖိဆွဲသွားပါ။

၈။ Synthetic အဝတ်အစားများ

လူသားတွေဖန်တီးထားတဲ့ ချည်ထည်တွေဖြစ်တဲ့ synthetic အထည်တွေက အချို့အရေပြားနဲ့ မတည့်ပါဘူး။ အရေပြားက အမွေးအမျှင်တွေကို waxing နည်းနဲ့ဖယ်ရှားပြီးရင်တော့ synthetic အထည်တွေကို ရက်အနည်းငယ်လောက် မဝတ်သင့်သေးပါဘူး။

၉။ အသားမာ

အသားမာတွေက သင့်ကို စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ အသားမာတွေကို ဖယ်ရှားမယ် ဆိုရင်တော့ ဆရာဝန်နဲ့ပဲ ပြသသင့်ပါတယ်။

၁၀။ ခြေအိတ်

လူသားတွေရဲ့ခြေထောက်မှာ ချွေးဂလင်းပေါင်း ၂၅၀၀၀၀ ရှိပါတယ်။ အဲဒါကြောင့် ချွေးအရမ်းထွက်သူတွေက ချည်သားခြေအိတ်တွေကို မဝတ်သင့်ပါဘူး။ ချည်သားခြေအိတ်တွေက ချွေးတွေကို အငွေ့ပျံဖို့ ခက်ခဲစေတာကြောင့် တစ်နေကုန်ဝတ်ထားရင် အနံ့ဆိုးတွေ ထွက်လာစေပါတယ်။ အဲဒါကြောင့် ခြေအိတ်ရွေးမယ်ဆိုရင် polyester နဲ့ချုပ်ထားတဲ့ ခြေအိတ်ကိုသာ ရွေးချယ်ပါ။

Zombie (lovemedia)

Post a Comment

0 Comments