ခန္ဓာကိုယ်မှာ နှုတ်ခမ်းအသားအရေက အခြားအသားအရေထက် ပိုပြီး ထိခိုက်လွယ်ပါတယ်။ အဲဒါကြောင့် နှုတ်ခမ်းအသားအရေကို ထိန်းသိမ်းဖို့လည်း လိုအပ်ပါတယ်။ နှုတ်ခမ်းတွေ မည်းခြောက်ပြီး မလှမပ ဖြစ်နေရင်၊ အက်ကွဲနေရင် ဒီနည်းလမ်းလေးတွေကို အသုံးပြုကြည့်ပါ။
နှုတ်ခမ်းအသားအရေကို ထိန်းသိမ်းဖို့ လိုအပ်တဲ့ အကြောင်းအရင်းများ
နှုတ်ခမ်းမှာ ရေဓာတ်နည်းပါးပါတယ်။ ဒါ့အပြင် နှုတ်ခမ်းမှာ အဆီဂလင်းတွေလည်း မရှိပါဘူး။ အဲဒါကြောင့် နှုတ်ခမ်းနဲ့ လေတွေ၊ နေရောင်ခြည်တွေ ထိတွေ့တဲ့အခါ ခြောက်လွယ်ပြီး မလှမပဖြစ်ဖို့ လွယ်ကူတာပါ။
- အေးတဲ့ရာသီဥတုမှာ နှုတ်ခမ်းမှာ ရေဓာတ်နည်းပြီး ခြောက်သွေ့အက်ကွဲနေတတ်ပါတယ်။
- နေရောင်ခြည်နဲ့ ထိတွေ့ပါများတဲ့အခါ၊ နှုတ်ခမ်းမှာ ဒဏ်ရာတစ်ခုခု ရှိတဲ့အခါ၊ အာဟာရချို့တဲ့တဲ့ အခါတွေမှာ နှုတ်ခမ်းက အချိန်ကြာကြာ အက်ကွဲပါတယ်။
- ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကြောင့် နှုတ်ခမ်းကနေ သွေးထွက်ပါတယ်။
- နှုတ်ခမ်းမှာ ပိုးဝင်တဲ့အခါ အရမ်းနာကျင်ပြီး အရည်ကြည်ဖုလေးတွေ ပေါက်လာတတ်ပါတယ်။
၁။ နှုတ်ခမ်းကို ရေဓာတ်ဖြည့်ပါ။
နှုတ်ခမ်းခြောက်သွေ့တယ်လို့ ထင်တဲ့အခါတိုင်းမှာ lip balm ကို လိမ်းပါ။ Lip balm ကို တစ်နေ့ ၂ ကြိမ်ကနေ ၄ ကြိမ်အထိ လိမ်းပေးလို့ ရပါတယ်။ ရေများများသောက်ပြီး နှုတ်ခမ်းအတွင်းပိုင်းအထိ ရေဓာတ်ဖြည့်ပေးပါ။ နှုတ်ခမ်းကွဲနေတဲ့အခါ ရေဓာတ်ရအောင်လို့ လျှာနဲ့ သွားမထိသင့်ပါဘူး။ အဲဒီအခါ ပိုနာကျင်ပြီး ရောင်ကိုင်းလာစေမှာပါ။ ရေဓာတ်လည်း ရမှာမဟုတ်ပါဘူး။
၂။ နှုတ်ခမ်းကို ကြေးချွတ်ပါ။
စိုဝင်းတောက်ပတဲ့ နှုတ်ခမ်းလေးတစ်စုံရဖို့ နှုတ်ခမ်းကို ကြေးချွတ်ပေးဖို့ လိုအပ်ပါတယ်။ နှုတ်ခမ်းမည်းနေသူတွေအတွက်လည်း ကြေးချွတ်တာကို ပြုလုပ်ပေးသင့်ပါတယ်။
- သကြားအနည်းငယ်ကို ယူပြီး နှုတ်ခမ်းမှာ သုတ်လိမ်းလိုက်ပါ။
- နှုတ်ခမ်းပေါ်မှာ စက်ဝိုင်းပုံစံနဲ့ စက္ကန့် ၃၀ ကြာအောင် သကြားနဲ့ ပွတ်တိုက်ပေးပါ။
- ပြီးရင် နှုတ်ခမ်းအတွင်းထဲထိ အာဟာရဓာတ်တွေ စိမ့်ဝင်သွားအောင် ၁၀ မိနစ်ခန့်ထားပါ။
- ၁၀ မိနစ်ကြာပြီးနောက် နှုတ်ခမ်းကို ရေနွေးနဲ့ ဆေးချပါ။
- နှုတ်ခမ်းကို ပုဝါစလေးနဲ့ ခြောက်သွေ့အောင် ပြုလုပ်ပါ။
- အဲဒီနောက် ရေဓာတ်ဖြည့်ပေးတဲ့ lip balm ကို လိမ်းလိုက်ပါ။
နှုတ်ခမ်းကို ခဏခဏ ကြေးချွတ်ပါများရင်လည်း နှုတ်ခမ်းအသားအရေကို ထိခိုက်စေပါတယ်။ ပြီးတော့ နှုတ်ခမ်းကို မကိုက်သင့်ပါဘူး။
၃။ နှုတ်ခမ်းကို နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပါ။
နှုတ်ခမ်းနဲ့ နေရောင်ခြည်နဲ့ ထိတွေ့ပါများရင် နှုတ်ခမ်းမှာ အမည်းစက်လေးတွေ ဖြစ်လာပါတယ်။ အဲဒါကြောင့် နှုတ်ခမ်းကို နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ အပြင်သွားတော့မယ်ဆိုရင် SPF 15 အနည်းဆုံးပါဝင်တဲ့ နှုတ်ခမ်းနီကို အသုံးပြုပါ။
၄။ အိပ်ရာမဝင်ခင်မှာ မျက်နှာသစ်ပြီးမှအိပ်ပါ။
မျက်နှာအသားအရေကို အနားပေးဖို့ ညအိပ်ရာမဝင်ခင်မှာ မိတ်ကပ်တွေကို အကုန်ဖျက်ပြီးမှ အိပ်ပါ။ ပြီးတော့ နှုတ်ခမ်းနီတွေ၊ lip balm တွေကိုလည်း ဖျက်ဖို့လိုပါတယ်။
၅။ ကော်ဖီသောက်တာကို လျှော့ချပါ။
ကာဖိန်းဓာတ်က သဘာဝအတိုင်း ပန်းရောင်သန်းနေတဲ့ နှုတ်ခမ်းအရောင်ကို မည်းသွားစေပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်တာကလည်း နှုတ်ခမ်းကို မည်းပြာသွားစေပါတယ်။ အဲဒါကြောင့် ကာဖိန်းဓာတ်ပါဝင်တဲ့ အစားအစာတွေကို လျှော့ချသင့်ပါတယ်။
၆။ နှုတ်ခမ်းကို နှိပ်နယ်ပေးပါ။
နှုတ်ခမ်းမှာ သွေးလည်ပတ်မှုကောင်းမှသာ ပန်းနုရောင်သန်းနေတဲ့ နှုတ်ခမ်းဖူးဖူးလေးကို ရရှိမှာပါ။ နှုတ်ခမ်းကို အုန်းဆီနဲ့လိမ်းပြီး တစ်နေ့တစ်ခါ နှိပ်နယ်ပေးပါ။ အုန်းဆီမှာ နှုတ်ခမ်းအတွက် လိုအပ်တဲ့ အာဟာရတွေ ပါရှိပြီးသားပါ။
၇။ နှုတ်ခမ်းနီဆိုးပါ။
နှုတ်ခမ်းမှာ အဆီဂလင်းတွေ မပါတာကြောင့် သဘာဝအတိုင်း ကာကွယ်မှု မရှိပါဘူး။ အပေါ်ယံနှုတ်ခမ်းသားကို မထိခိုက်စေဖို့ အပြင်သွားတဲ့အခါတိုင်း နှုတ်ခမ်းနီဆိုးပေးဖို့ လိုပါတယ်။ အချို့နှုတ်ခမ်းနီတွေမှာ SPF ပါဝင်တာကြောင့် ခရမ်းလွန်ရောင်ခြည်၊ ဖုန်နဲ့ ခြောက်သွေ့တဲ့ လေဒဏ်တို့ကနေ ကာကွယ်ပြီးသား ဖြစ်စေပါတယ်။
၈။ အိမ်မှာတင်ပြုလုပ်နိုင်တဲ့ နှုတ်ခမ်းအတွက် scrub
အိမ်လုပ် scrub က အရမ်းကို လွယ်ကူပါတယ်။ သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း သို့မဟုတ် ဆားလက်ဖက်ရည်ဇွန်း ၁ ဇွန်းကို နှစ်သက်ရာ ရွေးချယ်နိုင်ပါတယ်။ သကြား သို့မဟုတ် ဆားကို အုန်းဆီ၊ ထောပတ်ဆီ၊ ဂျိုဂျိုဘာဆီ၊ ပျားရည် နှစ်သက်ရာဆီ တစ်မျိုးမျိုးနဲ့ ရောနယ်ပါ။ အဲဒီနောက် ရိုးရှင်းလွယ်ကူတဲ့ scrub ရရှိပါပြီ။
ယူကလစ်ဆီ၊ ပရုပ်၊ ပက်ပါမင့်ဆီတို့ကတော့ နှုတ်ခမ်းကို ပိုပြီးခြောက်သွေ့စေလို့ အသုံးမပြုသင့်ပါဘူး။
Zombie (lovemedia)
0 Comments