ကိုယ်ပြုသောကံ ကိုယ့်ထံ ပြန်လာမည်

တခါတုန်းက အလွန် ရက်စက် ကြမ်းကြုတ်တဲ့ ဘုရင် တပါး ရှိတယ်။ တရက် မှာတော့ ဘုရင်ကြီးဟာ ရုတ်တရက်ပဲ ပြုပြင်ပြောင်းလဲ မှုတွေ လုပ်တော့မယ်လို့ ကြေညာ လိုက်တယ်။

ရက်စက် ကြမ်းကြုတ် မှုတွေ မရှိစေရဘူး။ မတရားမှုတွေ မရှိစေ ရဘူး လို့ ပြည်သူ လူထုကို ကတိပေး လိုက်တယ်။ သူပြောခဲ့သလိုပဲ ကတိ တည်စွာ နေထိုင် ခဲ့တယ်။ ကြီးမြတ်သော၊ တရား မျှတသော ဧကရာဇ် ဖြစ်လာခဲ့တယ်။

ပြောင်းလဲ ခဲ့ပြီး လ အတန် ကြာတော့ ဝန်ကြီးတဦးဟာ အဘယ်ကြောင့် ဘုရင်ကြီးရဲ့ စိတ်ထား ပြောင်းလဲ သွားရတာလဲ ဆိုတာကို မေးရဲလာ ခဲ့တယ်။

ဘုရင်ကြီး ပြန်ဖြေတာက "ငါ တောနက်ထဲကို မြင်းကစုန်ပေါက် စီးပြီး ဝင်သွားတုန်းက မြေခွေး တကောင်ကို အမဲလိုက်ခွေး တကောင်က လိုက်ဖမ်းနေတာ တွေ့လိုက်တယ်။

မြေခွေးဟာ သူ့ရဲ့ မြေတွင်းထဲ ပြေးဝင် လွတ်မြောက် သွားတယ်။ ဒါပေမယ့် သူ့ခြေထောက် ကတော့ အမဲလိုက် ခွေးရဲ့ အကိုက် ခံလိုက်ရလို့ တသက်လုံး ခြေဆာနေ တော့မှာ။

ငါ သွားရင်းနဲ့ ရွာတရွာ ရောက်တော့ ခုနက အမဲလိုက်ခွေးက လူတယောက်ကို ဟောင်နေတာ တွေ့လိုက်တယ်။ အဲ့ဒီ လူက ဒေါသ ထွက်ပြီး ကျောက်ခဲကြီးနဲ့ ပေါက်လိုက်တာ ခွေးခြေထောက် ကျိုးသွားတယ်။

အဲဒီအချိန် ဘေးနားမှာ ရှိတဲ့ မြင်းက လန့်ပြီး ကန်လိုက်တာ ခုနက လူရဲ့ ဒူးကို ထိသွားပြီး ဒူးရိုး ကျိုးပြီး လဲကျ သွားတယ်။ သူလည်း တဘဝလုံး မသန်စွမ်း ဖြစ်တော့မှာပဲ။

မြင်းကလည်း ကန်ပြီး လန့်ပြေးတော့ တွင်းပေါက် တခုထဲ ခြေထောက် ဝင်သွားပြီး ခြေထောက် ကျိုးသွားတယ်။ အားလုံးကို ဆက်စပ် စဉ်းစား လိုက်ရင် သံသရာ လည်တာ ပါပဲ။

ငါ အရင်အတိုင်း ရက်စက် ကြမ်းကြုတ်မှုတွေ လုပ်နေရင် မတရားမှုတွေ လုပ်နေရင် ငါလည်း ပြန်ခံရမှာပဲ ဆိုတာ သဘောပေါက် သွားတယ်။ ဒါကြောင့် ပြောင်းလဲဖို့ ဆုံးဖြတ် လိုက်တာ" လို့ ဘုရင်ကြီးက မိန့်တယ်။

ဝန်ကြီးလည်း ဒီအချိန်ဟာ ဘုရင်ကို နန်းချပြီး ကိုယ်တိုင် ဘုရင် လုပ်ရမယ့် အချိန်ဟု ယုံကြည်ပြီး ပြန်လာ ခဲ့တယ်။ သူစဉ်းစားရင်းနဲ့ ပြန်လာတော့ ရှေ့က အဆင်း လှေခါးထစ် တွေကို မမြင်တော့ပဲ လိမ့်ကျ သွားကာ ဇက်ကျိုးသွား ပါတော့တယ်။

သင်ခန်းစာ။ ။ ကိုယ်ပြုသောကံ ကိုယ့်ထံ ပြန်လာပါသည်။ သံသရာ လည်တတ် ပါသည်။ ကောင်းတာ လုပ်ရင် ကောင်းတာ ဖြစ်မည်၊ မကောင်းတာ လုပ်ရင် မကောင်းတာ ဖြစ်ပါမည်။ Crd

Post a Comment

0 Comments