ခွေးလေးတွေအတွက် အရုပ်ဝယ်ပေးတော့မယ်ဆိုရင် သတိပြုသင့်တဲ့အချက်များ

ခွေးလေးတွေအတွက် အရုပ်ဝယ်ပေးဖို့ အရုပ်ဆိုင်ရောက်ရင် ဘာအရုပ်ရွေးရမှန်းမသိ ဖြစ်နေတတ်ပါတယ်။ အဲဒါကြောင့် ခွေးလေးတွေအတွက် သင့်တော်တဲ့အရုပ်ကို ဘယ်လိုအချက်တွေနဲ့ ရွေးချယ်မလဲ ဆိုတာကို love media ကနေ ဝေမျှပေးပါမယ်နော်။

ခွေးရဲ့အသက်

ခွေးလေးအတွက် အရုပ်ရွေးတော့မယ်ဆိုရင် သူ့အသက်ကိုပါ ထည့်ပြီး စဉ်းစားဖို့လည်း လိုပါတယ်။ ခွေးပေါက်စလေးဆိုရင် သွားသေးသေးလေးတွေပဲ ရှိပါသေးတယ်။ အဲဒါကြောင့် နူးညံ့တဲ့ရာဘာသား၊ နူးညံ့တဲ့ပိတ်စတို့နဲ့ ပြုလုပ်ထားတဲ့ အရုပ်တွေကို ဦးစားပေးရွေးချယ်ပေးပါ။

အသက် ၃ လကနေ ၉ လအရွယ် ခွေးလေးတွေဆိုရင် သွားပေါက်ပါပြီ။ အဲဒီအချိန်မှာ မာကျောတဲ့ရာဘာနဲ့ ပြုလုပ်ထားတဲ့ အရုပ်တွေကို မရွေးသင့်ပါဘူး။ ဒီအရွယ်ခွေးလေးတွေက တွေ့သမျှအရာတိုင်းကို လိုက်ကိုက်၊ လိုက်ဝါးတတ်ကြပါတယ်။ သူတို့ကို အရုပ်ပေးထားရင် သင့်ရဲ့ဖိနပ်တွေ အကိုက်ခံရမှာ မဟုတ်တော့ပါဘူး။

သွားပေါက်ပြီးသွားရင် သူတို့ရဲ့မေးရိုးတွေက သန်မာလာတာကြောင့် ခပ်မာမာအရုပ်တွေ၊ ဆွဲကိုက်လို့ရတဲ့ကြိုးတွေကို ဝယ်ပေးလို့ရပါပြီ။ ခွေးအိုကြီးတွေအတွက်တော့ နူးညံ့တဲ့အရုပ်တွေပဲ ထားပေးပါ။ လေးလံထိုင်းမှိုင်းနေတဲ့ အသက်ကြီးခွေးတွေကို ပျော်သွားအောင် ဘောလုံးလေးတွေ ရွေးပေးနိုင်ပါတယ်။

အရွယ်အစား

အရုပ်ရဲ့အရွယ်အစားက ခွေးရဲ့အရွယ်အစားနဲ့ အချိုးကျနေဖို့ လိုပါတယ်။ ဘောလုံးက ကြီးနေပြီး ခွေးက သေးနေရင် သူဆော့လို့ အဆင်မပြေပါဘူး။ ဒါပေမယ့် အရမ်းသေးနေရင်လည်း ဆော့လို့မရပြန်ပါဘူး။ ဒါ့အပြင် မျိုချလို့မရနိုင်တဲ့ အရုပ်အရွယ်အစားကိုပဲ ရွေးချယ်ပါ။

အရုပ်အမျိုးအစား

အရုပ်မှာ ကိုက်ပြီး မျိုချလို့ရတဲ့ ဖဲပြားတွေ၊ ကြိုးတွေပါရင် ဖယ်သင့်ပါတယ်။ အရုပ်ဝယ်တော့မယ်ဆိုရင် အညွှန်းကို ဖတ်ပါ။ ဝက်ဝံရုပ်လေးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ အသီးအခွံတွေ၊ ပုတီးစေ့တွေ ဖြည့်ထားတယ်ဆိုရင် ခွေးလေးတွေအတွက် အန္တရာယ်ရှိနိုင်ပါတယ်။

အကောင်းဆုံးအရုပ်များ

ခွေးလေးတွေက ကိုက်တတ်တဲ့ အကျင့်ရှိတာကြောင့် ရာဘာကြိုးတွေ၊ တင်းနစ်ဘောလုံးလေးတွေကို ရွေးပေးနိုင်ပါတယ်။

ယုန်ရုပ်၊ ဝက်ဝံရုပ်လေးတွေက ခွေးလေးတွေ ဖက်အိပ်ဖို့ပဲဖြစ်ဖြစ်၊ သူတို့သွားလေရာ သယ်သွားဖို့ပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။ ဒါပေမယ့် အရုပ်တွေကို ကိုက်ပြီး အထဲက ဝါဂွမ်းတွေ မမျိုချမိအောင်တော့ သတိထားကြည့်ရှုသင့်ပါတယ်။

အရိုးရုပ်လေးတွေကလည်း ခွေးလေးတွေ သဘောအကျဆုံး အရုပ်တစ်မျိုးပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments