ရလဒ်ကောင်းဖို့ ကြိုတင် ပြင်ဆင်ပါ

တခါက မြေခွေး တကောင်ဟာ တောအုပ်ထဲ အစာ ရှာဖွေရင်း ရုတ်တရက် တောဝက် တကောင်ကို တွေ့လိုက် ရပါတယ်။ တောဝက်ဟာ သူရဲ့ အစွယ်ကြီး နှစ်ခုကို သစ်ပင်ကြီး တပင်ရဲ့ ပင်စည်နဲ့ ပွတ်တိုက်ပြီး သွေးနေတာပါ။

မြေခွေးဟာ မလှမ်းမကမ်း ကနေ စိတ်ဝင်တစား ကြည့်နေရင်း ပတ်ဝန်းကျင် ဘေးဘယ်ညာ ကိုလည်း တချက် ဝိုက်ကြည့် လိုက်ပါတယ်။

ပတ်ဝန်းကျင် ကလည်း တိတ်ဆိတ်နေပြီး ဘာအန္တရာယ်မှ မတွေ့မြင် ရတာကြောင့် မြေခွေးဟာ အထူးအဆန်း ဖြစ်လို့ နေပါတယ်။

မြေခွေးဟာ တိတ်တဆိတ် ကြည့်နေရာမှ ဘာကြောင့် အခုလို အစွယ် သွေးနေကြောင်းကို သိလိုစိတ်ကြောင့် တောဝက်ကြီးကို အခုလို မေးလိုက်ပါတယ်။

"အဆွေ တောဝက်၊ ပတ်ဝန်းကျင်မှာ ဘာအန္တရာယ် ဘာမုဆိုးမှ မရှိပါဘူး။ သင်ဘာလို့ အပင်ပန်း ခံပြီး အစွယ် သွေးနေရတာလဲ" လို့ မေးတဲ့ အခါ တောဝက်ကြီးက

"အဆွေ မြေခွေးရေ၊ ငါတို့က အန္တရာယ်တွေ များစွာ ရှိနေတဲ့ တောအုပ်ထဲမှာ နေကြရတာလေ။ ဘယ်အချိန် မုဆိုးနဲ့ တွေ့မယ် ဘယ်အချိန် တောကောင်ကြီးနဲ့ တိုးမယ် ဆိုတာ မင်းရော ငါရော မသိကြဘူးလေ။

တကယ့်တကယ် အန္တရာယ်နဲ့ ထိပ်တိုက် တိုးတဲ့အခါမှ အစွယ် သွေးနေလို့ မရဘူးလေ။ အခုလိုမျိုး လုပ်နေတာ ကိုလည်း ပင်ပန်းတယ်လို့ သဘောမထား ပါဘူး။ ကိုယ်ကြုံလာမယ့် ဘေးအန္တရာယ် အတွက် အကောင်းဆုံး ပြင်ဆင်ထားတာပါ" လို့ ပြန်ပြောလိုက် ပါတယ်။

ဟုတ်ပါတယ်။ ကြိုတင်ပြင်ဆင်မှု ဆိုတာ လူတိုင်း ပြုလုပ်သင့်တဲ့ အရာတခုပါ။ ကျောင်းသား တယောက်ဟာ စာသင်နှစ် အစကတည်းက စာမေးပွဲ အတွက် ကြိုတင် ပြင်ဆင်ထားပြီး သင်ခန်းစာ တွေကို နေ့စဉ် ပုံမှန် လေ့လာထားမယ် ဆိုရင် စာမေးပွဲကို အခက်အခဲ မရှိ လွယ်လွယ် ကူကူ ဖြေဆိုနိင်မှာပါ။

အဲဒီလိုမှ မဟုတ်ဘဲ စာမေးပွဲနီးမှ စာ စကျက်မယ် ဆိုရင်တော့ စိုးရိမ်သောက များနဲ့ စာမေးပွဲ ဖြေဆိုတဲ့အခါ အခက်အခဲ များစွာ ကြုံတွေ့နိုင် ပါတယ်။

အဲ့ဒါကြောင့် ဘာပဲ လုပ်လုပ် အဆိုးဆုံးကို မျှော်လင့်ထားပြီး အကောင်းဆုံး ပြင်ဆင်ထားမယ် ဆိုရင် ရလဒ်ကောင်း တွေကို မလွဲမသေ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ အရာရာကို ကြိုတင် ပြင်ဆင်ပြီး ရလာဒ်ကောင်းတွေ ဖန်တီးပါ။ Crd

Post a Comment

0 Comments