အပေါင်းအသင်းမှားသူ

တခါက အလွန်လှပတဲ့ ကြိုးကြာငှက်ကလေး တကောင် ရှိခဲ့ပါတယ်။ တနေ့မှာ အဲဒီကြိုးကြာလေးဟာ ဗျိုင်းတကောင်နဲ့ မိတ်ဆွေ ဖြစ်သွားပါတယ်။ မိတ်ဆွေ ဖြစ်သွားပြီး မိနစ်ပိုင်းမှာ ဗျိုင်းက ကြိုးကြားကို ပြောတယ်။

"အို အဆွေ ကြိုးကြာ၊ သင့် စားရေးသောက်ရေး ပြေ လည်ပါရဲ့လား" လို့ မေးတော့ ကြိုးကြာက "ပြေလည်ပါတယ် မိတ်ဆွေ" လို့ ပြန်ဖြေ လိုက်ပါတယ်။ အဲဒီတော့ ဗျိုင်းက ဆက်ပြော ပါတယ်။

"အို အဆွေ ကြိုးကြာ၊ ယခုအခါ သင်သည် ကျွန်ုပ်၏ မိတ်ဆွေ ဖြစ်ပြီမို့ ကျွန်ုပ်တို့ စားကျက် နေရာကို သင့်ကို ပြလို ပါတယ်။ ထိုနေရာတွင် အစားအသောက်တို့ ပေါများလှပါတယ်" လို့ ပြောတဲ့ အခါ ကြိုးကြာက "မလိုက်လိုပါ မိတ်ဆွေ။ ဒီနေရာ မှာဘဲ နေလိုပါတယ်။ ဒီနေရာဟာ ဘေးကင်းပြီး အေးချမ်းပါတယ်" လို့ ပြန်ပြော ပါတယ်ကွယ်။

အဲဒီအခါ ဗျိုင်းက "သင်အတော် အ သေးတာဘဲ မိတ်ဆွေ။ ကျွန်ုပ်တို့ ညနေတိုင်း စားနေသည်မှာ ဘာမျှ မဖြစ်တာသာ ကြည့် ပါ။ လိုက်ကြည့်ပြီး မကြိုက်လျှင် နောင်မလာဘဲ နေလိုက နေနိုင်ပါတယ်။ ဒီနေ့တော့ လိုက်ကြည့် လှည့်ပါ။ နောက်နေ့မှ သင့်ကိုသီးခြား လိုက်ပြဘို့ အချိန်မရှိပါ။

တော်ကြာနေလျှင် ကျွန်ုပ်တို့၏ မိတ်ဆွေများ ထိုနေရာသို့ သွားကြတော့မည်။ သင်လိုက်လိုလျှင် တပါတည်း လိုက်ခဲ့ပါ" လို့ လှောင်သလိုလို၊ အထင်သေး သလိုလို၊ ကူညီသလိုလို လေသံနဲ့ ထပ်ပြောလာ ပြန်ပါတယ်။ အဲဒါနဲ့ ကြိုးကြာလေးလည်း ဗျိုင်းတွေနဲ့ အတူ လိုက်ပါ သွားခဲ့ ပါတယ်။

လယ်သမားဟာ သူ့ယာခင်းထဲမှာ သူစိုက်ထားတဲ့ အစေ့တွေကို ဗျိုင်းတွေ ညနေတိုင်း လာလာ စားနေတာမို့ ကြာတော့ စိတ်တိုလာပြီး အဲဒီညနေမှာ ပိုက်ကွင်းကြီး တခု ထောင်ထား သတဲ့ကွယ်။ ငှက်တွေဟာ စိုက်ခင်းထဲ နားလိုက်တာနဲ့ တပြိုင်နက် အားလုံးအဲဒီ ပိုက်ကွန်ထဲမှာ မိကြပါလေရော။

ကြိုးကြာဟာ ဗျိုင်းကို ချက်ချင်း အပြစ်တင် တော့တယ်။ "မင်းပြောတုန်းက စိတ်ချရတယ်ဆို" လို့ ပြောတော့ ကျန်ဗျိုင်းတွေက ကြိုးကြာကို ဝိုင်းလှောင်ရယ် ကြပါတယ်။ ဗျိုင်းကလည်း ချက်ချင်းဘဲ ပြန်ပက်ပါတယ်။ "မင်းသဘောနဲ့ မင်းလိုက်လာတာ။ မင်းကို ဘယ်သူမှ အတင်း ခေါ်လာတာ မဟုတ်ဘူး" ဆိုတော့ ကြိုးကြာလည်း ဘာမှ ပြန်မပြောနိုင် တော့ပါဘူး။

မကြာခင် လယ်သမားကြီး ရောက်လာပြီး ဗျိုင်းတွေရဲ့ ခေါင်းကို တုတ်ကြီး တချောင်းနဲ့ လိုက်ပြီး ရိုက်သတ် ပါတော့တယ်။ လယ်သမားကြီး သူ့အနား ရောက်လာတော့ ကြိုးကြာက မျက်ရည်စတွေနဲ့ လယ်သမားကြီးကို ဒီလို တောင်းပန်ပါတယ်။

"ကျွန်တော့ကို လွှတ်ပေးပါ ခင်ဗျာ။ ကျွန်တော် နောက်ဘယ်တော့မှ ပြန်မလာပါဘူး။ ကျွန်တော်ဟာ ကြိုးကြာမျိုးပါ။ မြင့်မြတ်တဲ့ အမျိုးထဲ ကပါ။ ဗျိုင်းခေါ်လာလို့ ပဌမဆုံး အကြိမ် အဖြစ် လိုက်လာမိ တာပါ" လို့ မျက်ရည်တွေနဲ့ တောင်းပန်ပါတယ်။

လယ်သမားကြီးက "ဟေ့ မင်း ကြိုး ကြာတွေ၊ ကရဝိတ်တွေ ငါ စိတ်မဝင်စား ဘူးကွ။ မင်းကို သူခိုးတွေနဲ့ အတူမိတာ မင်းလည်း သူခိုးဘဲ။ သူတို့နဲ့ အတူတူ အပြစ်ဒါဏ် ခံရမှာဘဲ" ဆိုပြီး ကြိုးကြာကို ရိုက်ထည့် လိုက်တာ ကြိုးကြာလေး သေပွဲ ဝင်ခဲ့ရပါတယ်။

ဒီအကြောင်းအရာလေးနဲ့ ပတ်သက်လို့ ပြောပြချင်တာက နောင်တ ဆိုတာ ဘယ်တော့မှ ကောင်းတဲ့ အရာ မဟုတ်ပါဘူး။ ဒါကြောင့် နောင်တ ရမဲ့ အလုပ်မျိုးကို သတိထား ရှောင်သင့် ပါတယ်။

ဒီလိုပဲ ပေါင်းတဲ့ အပေါင်းအသင်းဟာ သိပ်ကို အရေးကြီး ပါတယ်။ "ကြက်သွန်ဟာ ငရုတ်သီးနဲ့ သွားပေါင်းမိမှ ရောပြီး အထောင်းခံရတယ်" ဆိုသလို ကိုယ့်ဒုက္ခ ကိုယ်ရှာပြီး မကောင်းတဲ့ အပေါင်းအသင်း တွေကို စိတ်ညစ်ခံပြီး မပေါင်းသင်း ပါနဲ့ လို့ ပြောပါရစေ။ Crd

Post a Comment

0 Comments