အဖေ့အတွက် သစ်သားပန်းကန်လေး

တခါတုန်းက အဖိုးအို တဦးဟာ ရွာမှာ တယောက်တည်း အထီးကျန်ဆန်စွာ နေရတယ်။ တနေ့တော့ အဖိုးအိုက သူ့သားနဲ့ သူ့ချွေးမ သူ့မြေးလေးတွေ ရှိတဲ့ နေရာမှာ သွားနေမယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရွာကနေ ထွက်လာ ခဲ့တယ်။

ဒီလိုနဲ့ ခရီးရှည်ကြီးကို ဖြတ်သန်း ပြီးတော့ သူ့သား ချွေးမနဲ့ မြေးကလေးတို့ နေတဲ့ အိမ်ကို ရောက်လာ ပါတယ်။ စစရောက်ခြင်းမှာ သားဖြစ်သူတို့ မိသားစုက ဝမ်းပမ်းတသာ ကြိုဆို ကြတယ်။ အိမ်ဦးခန်းမှာ နေရာ ပေးကြတယ်။

ဒီလိုနဲ့ အဖိုးအိုဟာ သူ့သား မိသားစုနဲ့ အတူ နေထိုင်ရင်း တပတ်တိတိ အချိန်ကို ရောက်လာ ခဲ့ပါတယ်။ နေ့တိုင်း နေ့တိုင်းမှာ မိသားစု ထမင်းဝိုင်းမှာ အားလုံးအတူ ဝိုင်းစား ကြတယ်။

အဖိုးအိုရဲ့ မျက်လုံးတွေဟာ မှုန်ရီ နေပါပြီ။ အဖိုးအိုရဲ့ လက်တွေက အသက်အရွယ်ကြောင့် တုန်ယင်နေ ခဲ့တယ်။ တခါတခါ ဇွန်းနဲ့ ခက်ရင်းတွေ လွတ်ကျသလို တခါတခါ မှာလည်း ပန်းကန်ထဲက ထမင်းတွေဟာ ဘေးနားကို ဖိတ်လို့ဖိတ် ကြမ်းပြင်ပေါ် ကျလို့ကျနဲ့ ပေပွ နေခဲ့ရတယ်။

တပတ်တိတိ ရှိလာတဲ့အခါ သားဖြစ်သူနဲ့ ချွေးမ တို့က မခံနိုင်တော့ ပါဘူး။ သူတို့ တိုင်ပင် ကြတယ်။ "အဖေ့ရဲ့ ထမင်းစားတဲ့အခါ ဟိုဖိတ်ဒီဖိတ် ဒါဏ်ကို မခံနိုင်တော့ဘူး။

အဖေက ထမင်းစားရင်လည်း အသံ မြည်တယ်၊ ညစ်ပတ်နေတာပဲ။ ကြမ်းပြင်ပေါ်မှာလည်း ပေပွနေရော။ ငါတို့ တခုခု လုပ်ရအောင်" လို့ မိန်းမဖြစ်သူကို တိုင်ပင်တယ်။

ဒီလိုနဲ့ သူတို့ဟာ အဖိုးအိုကို ထမင်း တဝိုင်းတည်း အတူစားခွင့် မပေးတော့ပဲ အခန်းထောင့် လေးမှာ စားပွဲခုံ သေးသေးလေးနဲ့ ကျွေးပါတော့တယ်။ အဖိုးအိုဟာ ကြွေပန်းကန်နဲ့ စားတဲ့ အခါမှာလည်း ခဏခဏ ပန်းကန်တွေ ကျကွဲတဲ့ အတွက် သားဖြစ်သူက သစ်သား ပန်းကန်လုံးလေး လုပ်ပြီး အဖိုးအိုကို ကျွေးတယ်။

အဲဒီအချိန်က စလို့ အဖိုးအိုဟာ တိတ်ဆိတ်စွာပဲ အခန်းထောင့်လေးက ထမင်းစားပွဲ လေးမှာ စားရ ပါတယ်။ တခါတခါ သားဖြစ်သူနဲ့ ချွေးမဖြစ်သူရဲ့ ဒေါသတကြီး ဆူပူ ကြိမ်းမောင်းသံ တွေကိုလည်း ခံရပါ သေးတယ်။

ဒီလိုနဲ့ တနေ့တော့ သူတို့ သားကလေး ဖြစ်သူဟာ အိမ်ရှေ့မှာ ငြိမ်ငြိမ်ကလေး ထိုင်ပြီး တခုခုကို စိတ်ဝင်တစား လုပ်နေတာ တွေ့လိုက်ရတယ်။ ဒီတော့ သားဖြစ်သူဆီ သွားပြီး မိဘတွေက ချိုသာတဲ့ စကားနဲ့ မေးလိုက်တယ်။ "သား ဘာလုပ်နေတာလဲ ဟင်"

သားဖြစ်သူက သူ့ဖခင်နဲ့ မိခင်ကို ပြုံးပြီး ကြည့်လိုက်တယ်။ ပြီးတော့ ပြောလိုက်တယ်။ "သားလည်း အဖေ့တို့ အမေတို့ လိုပဲ အဖေ အမေတို့ ကြီးလာရင် ကျွေးဖို့ သစ်သားခွက်ကလေး လုပ်နေတာပါ"

အဲဒီလို ပြောပြီး သားဖြစ်သူက သူ့အလုပ် သူ ဆက်လုပ်နေ ခဲ့တယ်။ မိဘတွေဟာ သားဖြစ်သူ စကားကို ကြားပြီး အလွန်ပဲထိတ်လန့် တုန်လှုပ် သွားခဲ့ရတယ်။ သူတို့ ဘာစကား တခွန်းမှ မပြောနိုင်ဘူး။

တုန်လှုပ် ခြောက်ခြား သွားပြီး ပါးပြင်ပေါ် ကနေ မျက်ရည်တွေ စီးကျလာ ခဲ့ရတယ်။ သူတို့အမှားကို သူတို့ ထင်းကနဲ မြင်သွား ခဲ့ရတယ်။ အိမ်ထဲကို လှမ်းကြည့်လိုက်တော့ အဖိုးအိုက တိတ်ဆိတ်စွာ သူတို့ကို ငေးနေတာ တွေ့လိုက်ရ ပါတော့တယ်။

ကျနော်တို့တွေဟာလည်း တနေ့ အဖိုးအို ဖြစ်လာမှာ ပါပဲ။ မိဘတွေကို ချစ်ခင် ကြင်နာ ယုယပြီး ကိုယ့်မျိုးဆက်တွေ အတွက် မေတ္တာတရားကို ပြသပါ။

ကလေးတွေဟာ ကျနော်တို့ရဲ့ အပြုအမှု တွေကို မြင်တယ်၊ ကြားတယ်၊ လိုက်မှတ်သားပါတယ်။ ကိုယ်ပြုသမျှဟာ ကိုယ့်ထံ ပြန်လာပါလိမ့်မယ်။

တနေ့နေ့မှာ ကျနော်တို့ဟာ သားတယောက်၊ ပြီးတော့ ဖခင်တယောက်၊ ပြီးတော့ အဖိုးအိုတယောက် ဖြစ်လာဦးမှာ ပါပဲ။ မသေခင်လေး ကျွေးရတဲ့ မိဘအတွက် ထမင်းဟာ သူတို့ မြိုချလိုက်တိုင်း မနင်ပါ စေနဲ့။ မိဘကျေးဇူး ဆပ်နိုင်ကြပါစေ။ (အင်္ဂလိပ်ပုံပြင် The Wooden Bowl ကို ဘာသာပြန် ပါသည်) Crd

Post a Comment

0 Comments