တကယ်တော့ ဇနီးမောင်နှံ နှစ်ယောက်မှာ တယောက်က ကုသိုလ်ပဲ ပြုပြု အကုသိုလ်ပဲ လုပ်လုပ် ကျန်တဲ့ တယောက်က စိတ်တူ (စိတ်ပါ) မှ ရနိုင်တယ်။
စိတ်မတူရင် မရဘူး။ ပြုလုပ်သူ သာလျှင် ရတယ်လို့ ဘာသာရေး အရ မှတ်သားခဲ့ ဖူးတယ်။ ပြီးတော့ မှတ်သားမိတာ လေးလည်း ရှိသေးတယ်။
မောင်ပုဏ္ဏဟာ တောထဲမှာ လယ်ယာတွေကို တယောက်တည်း ဆင်းရဲ ပင်ပန်းစွာ လုပ်ကိုင် နေရတယ်။ တရက်တော့ နံနက် ၁၁ နာရီ လောက်ထိ ထမင်း မစားရသေးဘူး။
ဘာဖြစ်လို့လဲ ဆိုတော့ အိမ်က ဇနီးက ထမင်းလာ မပို့သေးလို့ ဖြစ်တယ်။ လူ့သဘော သဘာဝက ဆာနေတဲ့ အချိန် မစားရရင် အလွန် ဒေါသ ဖြစ်တတ်တယ်။
မောင်ပုဏ္ဏ မှာလည်း နေကပူ၊ အလုပ်က ပင်ပန်း၊ ဗိုက်ကဆာ ထမင်းက ရောက်မလာသေး၊ ဘယ်လောက် စိတ်တိုစရာ ကောင်းသလဲ ဆိုတာ စဉ်းစားကြည့် ပေတော့။
ဟော နေပူ ကြဲကြဲ ချွေးရွှဲရွှဲနဲ့ ထမင်းထုပ် ခေါင်းပေါ် ရွက်ပြီး ခြေလှမ်း သွက်သွက်နဲ့ လာနေတဲ့ ဇနီးသည် မြင်ရတော့ သူ့ဇနီးအပေါ် ထားတဲ့ မေတ္တာစိတ်နဲ့ သူ့ဒေါသက အရှိန်တော့ လျော့ကျ သွားတယ်။
သူ့ကို တွေ့တွေ့ချင်း မိန်းမဖြစ်သူက "မောင်ရေ အချိန် နောက်ကျသွားတာ ခွင့်လွှတ်နော်။ မောင့်အတွက် လာပို့တဲ့ ထမင်းကို လမ်းမှာ ရှင်သာရိပုတ္တရာ မထေရ်မြတ်ကို လှူဒါန်း လိုက်တယ်။
အဲဒါကြောင့် နောက်တခေါက် အိမ်ပြန်ပြီး ချက်ရလို့ မောင့်အတွက် နောက်ကျမှာ စိုးလို့ အမြန်ချက်ပြီး အမြန် လာခဲ့ရတယ်။ မောင် ဆာနေမယ် ဆိုတာ သိပါတယ်။ ဒီတော့ မောင်ရယ် လမ်းမှာ လှူခဲ့တဲ့ ဆွမ်းကုသိုလ်ရဲ့ အဖို့ကို မောင့်အား အမျှပေးပါတယ်" လို့ ဆိုပါတယ်။
အဲဒီတော့ မောင်ပုဏ္ဏ ကလည်း စိတ်မဆိုးဘဲနဲ့ သူ့ဇနီးရဲ့ သဒ္ဒါစိတ်နဲ့ သူ့အပေါ် ထားရှိတဲ့ မေတ္တာစိတ်ကို ခံစား နားလည်ပြီး ဝမ်းသာလွန်းလို့ "ဝမ်းသာလိုက်တာ ရှင်မရယ်။ သာဓု သာဓု သာဓု" လို့ ခေါ်လိုက်တယ်။
"ဪ ဒါနဲ့ ရှင်မရေ ကိုယ်လည်း မနက်က ရှင်သာရိပုတ္တရာကို ရေနဲ့ဒန်ပူ လှူလိုက် သေးတယ်။ အဲဒါ ညီမ ကိုလည်း အမျှပေးပါတယ်" "ဝမ်းသာလိုက်တာ မောင်ရယ်။ သာဓု သာဓု သာဓု" ပါလို့ အသိအမှတ် ပြုလိုက်တယ်။
ဖြစ်နိုင်မယ် ဆိုရင် မိသားစု အစုံနဲ့ ရိုရိုသေသေ လေးလေးစားစားနဲ့ စိတ်တူ ကိုယ်တူ အလှူရေစက် လက်နဲ့ မကွာ ကိုယ်တိုင် ကိုယ်ကျ လှူစေချင် ပါတယ်။ အဲဒီလို လှူတတ်မှလည်း ဖြစ်လေရာ ဘဝမှာ ပါရမီရှင် စုံတွဲတွေ အဖြစ် အတူတူ အကျိုးပေးကြ မှာပါ။
ချစ်တဲ့သူနဲ့ အတူတူ ကုသိုလ်ပြုပါ လို့ တိုက်တွန်း ပါရစေရှင်။ မေသင်္ကြန်ဟိန်း (မြစ်မခ)
0 Comments