စာနာနားလည်မှုရှိပါ

တခါက အဖွားအို တဦးဟာ ဈေးထဲမှာ လိမ္မော်သီးဆိုင်လေး တဆိုင် ဖွင့်ထား ပါတယ်။ လူတယောက် ကလည်း အမြဲလို အဖွားအိုဆိုင်ကနေ လိမ္မော်သီး ဝယ်လေ့ ရှိသတဲ့။

သူ့စိတ်ကြိုက် လိမ္မော်သီးတွေ ရွေးပြီးတာနဲ့ ကီလိုချိန် ကျသင့်ငွေ ရှင်းပြီးရင် သူအမြဲ လုပ်နေကျ အပြုအမူ တခုရှိသတဲ့။

အဲဒါကတော့ လိမ္မော်သီး အားလုံး အိတ်ထဲ ထည့်ပြီးတိုင်း လိမ္မော်သီး တလုံးကို အိတ်ထဲက ပြန်ထုတ် အခွံခွာပြီး လိမ္မော်သီး တစိတ်ကို စားပါတယ်။ ပြီးရင် "ဒီလိမ္မော်သီးက အရမ်းချဉ်တာပဲ" လို့ ပြောပြီး ကျန်တဲ့ တလုံးလုံးကို အဖွားအိုကို ပေးပါတယ်။

အဖွားအိုကလည်း တစိတ် စားကြည့်ရင်း "ဘာဖြစ်လို့လဲ မချဉ်ပါဘူး။ ချိုပါတယ် လူကလေးရဲ့" လို့ အမြဲ ပြန်ပြောပြီး အဖွားအိုက အဲ့ဒီလို ပြောပြီးတိုင်း အဲဒီလူက သူ့လိမ္မော်သီး အိတ်ကို ကောက်ဆွဲပြီး ပြုံးပြုံး ပြုံးပြုံးနဲ့ ပြန်သွားတာပါပဲ။

အဲဒီလို လိမ္မော်သီး လာဝယ်တိုင်း လုပ်နေကျ လူဟာ တခါမှာ ဈေးကို သူ့ဇနီးပါ ပါလာပါတယ်။ လိမ္မော်သီး ဆိုင်မှာ ထုံးစံအတိုင်း သူ့ အပြုအမူကို လုပ်တော့ အပြန်မှာ သူ့ဇနီးက မေးတော့ တာပေါ့။ အဲ့ဒီလူက သူ့ဇနီးကို ပြန်ဖြေသတဲ့။

"အဲဒီ အမေအိုဆိုင်က လိမ္မော်သီး တွေက တကယ်တော့ အမြဲ ချိုပါတယ်။ အမေအိုက လိမ္မော်သီး ရောင်းနေပေမယ့် သူ့လိမ္မော်သီးတွေကို အမြတ်မရမှာ စိုးတာကြောင့် ဘယ်တော့မှ မစားခဲ့ဘူး။

အမေအို အရမ်း ဆင်းရဲတာ ငါသိခဲ့လို့ အဲဒီလိုနည်းနဲ့ လိမ္မော်သီး ချိုချိုလေး သူစားနိုင်အောင် ငါလုပ်ပေးတာပါ" တဲ့။

အဲဒီလိုပါပဲ။ အဖွားအိုရဲ့ ဘေးဆိုင်က ဈေးသည်မိန်းမ ကလည်း အဲဒီလူကို မကျေနပ်လို့ အဖွားအိုကို ပြောတယ်။ "ရှင့်ဆိုင်က လိမ္မော်သီး တွေက ချိုရဲ့သားနဲ့ အဲဒီလူက အမြဲ ချဉ်တယ်လို့ ပြောတယ်။ ဒါတောင် ရှင်က အမြဲ အဆစ်တောင် ပိုထည့် ပေးတယ်နော်" တဲ့။

အဲဒီတော့ အမေအိုက ပြုံးပြုံးလေးနဲ့ "အဲဒီလူ ဒီလို လုပ်တာ ငါ့ကို လိမ္မော်သီး အလကား ကျွေးချင်လို့ လုပ်နေတာ ဆိုတာ ငါသိ‌နေတယ်" တဲ့။

ပြီးတော့ အဖွားအိုကပဲ ဆက်ပြီး "ငါက အဆစ် ထည့်ပေးတာ မဟုတ်ပါဘူး။ သူ့မေတ္တာတရားက အလေးသာ သွားတာပါ" လို့ ပြန်ပြော လိုက်ပါသတဲ့။

ဘဝရဲ့ ပျော်ရွှင်မှု ဆိုတာ အဲဒီလို သေးငယ်တဲ့ ချစ်စရာ အပြုမူလေးတွေ ကနေပဲ လူသား အချင်းချင်း အသားအရောင် ခွဲခြားမှု မရှိ၊ ဘာသာရေး ခွဲခြားမှု မရှိ၊ အဆင့်အတန်း ခွဲခြားမှုတွေ မရှိဘဲ တဦးပေါ် တဦး စာနာ နားလည်မှု ပေးကြရင်းနဲ့သာ စတင်ကြရတာ ဖြစ်ပါတယ်။ Crd

Post a Comment

0 Comments