သံကို ကြွက်စား သားကို စွန်ချီ

တခါတုန်းက လှေသူကြီးနဲ့ ကုန်သည်တို့ဟာ ခင်ခင်မင်မင်နဲ့ အဆွေခင်ပွန်းများ ဖွဲ့ပြီး နေထိုင် ကြသတဲ့။ တနေ့တော့ လှေသူကြီးဟာ သူ့မိတ်ဆွေ ကုန်သည်ရဲ့ သားကို သူ့လှေများမှာ အလုပ်သင် အဖြစ် လက်ခံ ထားတယ်။

အဲဒီလို လက်ခံပြီး ပညာသင်ပေး နေရင်းမှာပဲ တနေ့တော့ သံဈေးတွေ ကျလာ တာကြောင့် စီးပွားသမား လှေသူကြီးဟာ နောင်များမှာ သူ့လှေများတွင် အသုံးပြုရန် အတွက် သံအမြောက်အမြား ဝယ်ပြီး သူ့မိတ်ဆွေ ကုန်သည်ကြီးရဲ့ ကုန်သိုလှောင်ရုံမှာ သိမ်းထားခဲ့တယ်။

အဲဒီနောက် လှေသူကြီးဟာ မြစ်ညာကို ဆန်ပြီး တက်သွားရသတဲ့။ ကံဆိုးချင်တော့ သံဈေးနှုန်းတွေဟာ လှေသူကြီး မရှိတော့တဲ့ အချိန်မှာ အဆမတန် ဈေးတက် လာတယ်။ ဒါကြောင့် လောဘကြီးတဲ့ မိတ်ဆွေ ကုန်သည်ကြီးဟာ သူကြီးရဲ့ သံများကို သူ့သဘောနဲ့ သူရောင်းပစ်လိုက်သတဲ့။

ဒီလိုနဲ့ လှေသူကြီး ပြန်ရောက်လာတဲ့ အခါမှာတော့ မိတ်ဆွေကုန်သည်ကြီးက "သူငယ်ချင်းရေ မင်းမရှိတုန်းမှာ သိုလှောင်ထားတဲ့ သံတွေကို ကြွက်တွေ ကိုက်စားတာ ကုန်ပါရောကွာ" လို့ ပြောလိုက် တာကြောင့် လှေသူကြီးလည်း တအံ့တဩ ဖြစ်ကာအလိမ်ခံရပြီ ဆိုတာ သိရှိလိုက်တယ်။

ဒါပေမယ့် ပညာရှိတဲ့ လှေသူကြီးဟာ သူ့ရဲ့ အတွင်းစိတ်ကို ဖုံးကွယ်ရင်း တည်တည် ငြိမ်ငြိမ်နဲ့ပဲ "အေးပေါ့ကွာ၊ ငါကလည်း မင်းကုန်လှောင်ရုံမှာ ကြွက်တွေ သောင်းကျန်းနေတာ သိဖို့ ကောင်းပါတယ်" လို့ ကိုယ့်ကိုယ်ကိုပင် အပြစ်တင်တဲ့ ပုံစံနဲ့ ပြောပြီး ပြန်လာခဲ့တယ်။

အဲဒီနောက် လှေသူကြီးဟာ လိမ်ညာ လှည့်ဖျားတတ်တဲ့ သူ့ရဲ့မိတ်ဆွေ ကုန်သည်ကြီးကို ပြန်လည် ဒဏ်ခတ်ဖို့ အတွက် အချိန်ရတိုင်း ကြံစည် တွေးတော နေသတဲ့။ ရက်အနည်းငယ် ကြာတဲ့ အခါမှာတော့ လှေသူကြီးဟာ မြစ်ညာကို ဆန်ပြီး တက်သွားရ ပြန်တယ်။

အဲဒီနောက် လှေပေါ်မှာ ပညာသင် လိုက်လာတဲ့ သူ့မိတ်ဆွေ ကုန်သည်ကြီးရဲ့ သားကို ဝေးလံတဲ့ ရွာတရွာမှာ ဝှက်ထားပစ် ခဲ့ပြီးပြန်လာ ခဲ့တယ်။ ပြီးတော့ မိတ်ဆွေ ကုန်သည်ကြီးဆီ သွားပြီး သူတို့ မြစ်ဖျားဒေသကို ရောက်စဉ်မှာ မိတ်ဆွေကြီးရဲ့ သားကို စွန်ငှက်ကြီး တကောင်က ချီယူ သွားကြောင်း ပြောကြား လိုက်သတဲ့။

ကုန်သည်ကြီးလည်း လှေသူကြီးစကားကို ကြားတော့ အလွန် ဒေါသထွက် သွားတာပေါ့။ ဒါကြောင့် ရွာသူကြီးထံကို တိုင်ကြားလိုက်ပါရဲ့။ အဲဒီအခါ ရွာသူကြီးလည်း အမှုမှန်ကို မဆုံးဖြတ် နိုင်တာကြောင့် ခုံတော် တရားသူကြီး မင်းသမီး သုဓမ္မစာရီ ထံကို တင်ပြပြီး လှေသူကြီးနဲ့ ကုန်သည်ကြီး တို့ကို အဆုံးအဖြတ် ခံယူစေ လိုက်ပါတယ်။

ခုံတော် သုဓမ္မစာရီ မင်းသမီးက အမှုအကြောင်းကို သေချာ စုံစမ်းစစ်ဆေး ပြီးတဲ့ အခါမှာတော့ ကုန်သည်ကြီးဟာ ပစ္စည်းထိန်းဖြစ်တဲ့ အတွက် ပျောက်ဆုံးသွားတဲ့ လှေသူကြီးရဲ့ သံတွေအတွက် တာဝန် ရှိပါတယ်။ လှေသူကြီးလည်း ပျောက်ဆုံး သွားတဲ့ ကုန်သည်ကြီးရဲ့ သားအတွက် တာဝန် ရှိပါတယ်။

သံကို ကြွက် မစားနိုင်သလို သားကိုလည်း စွန်မချီ နိုင်ပါ။ ဒီအဖြစ်အပျက်တွေ အားလုံးအတွက် ကုန်သည်ကြီးမှာ တာဝန် ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကုန်သည်ကြီးဟာ သူတပါး ယုံကြည်စွာ အပ်နှံမှုကို ရှေးဦးစွာ ချိုးဖောက် သောကြောင့် ဖြစ်တယ်။

ဒါကြောင့် ကုန်သည်ကြီးဟာ လှေသူကြီးကို သံများ အစား ပြန်ပေးစေ၊ လှေသူကြီး ကလည်း ကုန်သည်ကြီးရဲ့ သားကို ပြန်ပေးစေ။ သင်တို့နှစ်ဦး အဆွေ ခင်ပွန်းများ အဖြစ် ပြန်လည် ဆက်ဆံပြီး သင့်မြတ် ပျော်ရွှင်စွာ နေထိုင်ကြစေ လို့ ဆုံးဖြတ်ချက်ချလိုက်သတဲ့။

ကမ္ဘာ့ရန် ဖြစ်သော ကြောင်နဲ့ကြွက် ပုံပြင်စာအုပ်မှ ပြန်လည် ဝေမျှပါသည်။ phoo myat chal

Post a Comment

0 Comments